ဒေါနတောင်တန်းကြီးရဲ့ အမြင့်ဆုံးတောင်ထွတ်များထဲမှ မုလအိတောင်

2019-07-30edit Htoo



ကျွန်တော်တို့တွေ ကရင်ပြည်နယ် နှင့် ပတ်သက်လို့ ဒေါနတောင်တန်းကြီးကို သိပေမယ့်လည်း ထိုတောင်တန်းကြီးရဲ့ အမြင့်ဆုံးတောင်ထွတ်ထဲက တစ်ခု ဖြစ်တဲ့ မုလအိတောင်ကိုတော့ မေ့ပျောက်နေတတ်ကြပါတယ်။ နယ်မြေ မအေးချမ်းခဲ့တာရယ်၊ လူအရောက်အပေါက်နည်းတာရယ်၊ လမ်းပန်းဆက်သွယ်ရေး ဆက်ခဲတာတွေရယ်ကြောင့် လူတော်တော်များများရဲ့ အမေ့အလျော့ခံ ဖြစ်ကာ ဒေသခံတစ်ချို့သာ ပေါက်ရောက်သော တောင် အဖြစ် မုလအိတောင်ဟာ တည်ရှိနေခဲ့တာပါ။

ကျွန်တော် ကိုယ်တိုင်လည်း မုလအိတောင် ဆိုတာ ကြားသာ ကြားဖူးပြီး လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်အထိ ဒေါနတောင်တန်းရဲ့ တစ်နေရာမှာ အမြင့်ဆုံးတောင်ထဲက တစ်ခု အဖြစ် ဖြစ်တည်နေတာဆိုတာ မသိခဲ့ရိုး အမှန်ပါ။ ကျွန်တော် ဒီတောင် အကြောင်း သိခဲ့တာကတော့ ထူးဆန်းတယ် လို့ ဆိုရမယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် ထိုင်းနိုင်ငံက ခရီးသွား ဘလော့ဂါ တစ်ယောက်ရဲ့ ပို့စ် ကို ဖတ်ခဲ့ပြီးမှ သိခဲ့တာပါ။ ကိုယ် သူ ပို့စ်ကို မြင်မြင်ချင်းမှာ အရမ်း အံသြသွားခဲ့တာကတော့ ကိုယ် မသိခဲ့တဲ့ ဒီတောင်ဟာ သူတို့ နိုင်ငံရဲ့ တောင်တက်သမားတွေ ကြားထဲ ရေပန်းစားနေတဲ့ တောင် ဖြစ်နေတာပါဘဲ။ တစ်ပြိုင်တည်းမှာ ခံစားလိုက်ရတာကတော့ ကိုယ့် နိုင်ငံ အကြောင်း ကိုယ် သေချာမသိတဲ့ ရှက်ရွံစိတ် နှင့် ဒီထက် ပိုပြီး ရှာဖွေချင်စိတ်ပါ။

 

ဒါကြောင့် ဒီတောင်ကို တက်ဖို့ ဆုံးဖြတ်ပြီး စာတွေ ရှာဖတ်ရင်း ဘားအံက သူငယ်ချင်း တစ်ယောက်ကို အဖော်စပ်ကြည့်တော့ သူလည်း အဲကို သွားဖို့ လုပ်နေတာတဲ့။ ဒါနှင့်ဘဲ ကိုယ်တွေ လူစုလိုက်တော့ စုစုပေါင်း ငါးယောက် ဖြစ်သွားပြီး တောင်တက်ဖို့ စပြင်ရတော့တာပေါ့။

 

ဒါနှင့်လေ ထူးဆန်းတာက တောင်မတက်ခင် စာတွေ ရှာဖတ်ရင်း ဆက်စပ်တွေးကြည့်လိုက်တော့ ကိုယ်ဟာ ဒီတောင်ကို အရှင်း မသိ တာမျိုး မဟုတ်ဘဲ ကိုယ် သိတဲ့၊ ကိုယ် အရင်ကတည်းက တက်ချင်ခဲ့ဖူးတဲ့ တောင် ဖြစ်နေပြန်တာပါဘဲ။ ကိုယ်ဟာ စာတွေဖတ်ပြီးရင် နာမည် တွေ မမှတ်မိတတ်တဲ့ သူပါ။

 

ကဲ ... လေဖောပြီးပြီး ဆိုတော့ မုလအိ ခရီးသွား ဒိုင်ယာရီ စမယ်။



မုလအိတောင် ဆိုတာ


မုလအိတောင် ဆိုတာ ဒေသခံတွေရဲ့ အဆို၊ လူတော်တော်များများရဲ့ အဆို အရ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆၅၇၈ ပေမှာ တည်ရှိတဲ့ ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံး၊ ဒေါနတောင်တန်းကြီးရဲ့ အမြင့်ဆုံး ဆိုတဲ့ တစ်နေရာက တောင် တစ်ခု အဖြစ် မှတ်သားဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် wikipedia မှာ ဖတ်ကြည့်တဲ့ အခါကမှာတော့ ဒေါနတောင်တန်းထဲမှာ သူ့ထက် မြင့်တဲ့ မယ်လတောင် ( ၆၈၂၄ ပေ )ဆိုတဲ့ နေရာ ရှိသေးတယ် ဆိုပြန်ပါတယ်။ ကရင်ပြည်နယ် အနေနှင့်ကျတော့ သံတောင်ကြီးမြို့နယ်မှာ အမြင့်ပေ ၈၆၀၅ ပေ ရှိတဲ့ နတ်တောင် ဆိုတာ ရှိပြန်သေးတယ်တဲ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် မုလအိတောင်ကတော့ ကရင်ပြည်နယ် နှင့် ဒေါနတောင်တန်းရဲ့ အမြင့်ဆုံး နေရာ တောင်ထွတ် တွေထဲက တစ်ခုဘဲ ဖြစ်ပါတယ်။

တည်ရှိရာ အရပ်ကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပါတဲ့။ တောင်ထိပ်ကနေ ကြည့်ရင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လှမ်း တွေ့ရတဲ့ အထိ နီးပါတယ်။ ဒါကြောင့်မို့လည်း ထိုင်းဘလော့ဂါ တွေကြားထဲ နာမည်ကြီးတာကိုး။

မုလအိတောင်ထိပ်မှာတော့ မြတ်စွာဘုရားရဲ့ ဆံတော်ရှင် နှင့် တည်ထားကိုးကွယ်ထားတဲ့ ကျိုက်မုလအိ ဆံတော်ရှင် စေတီတော် ဆိုတာ ရှိပါတယ်။ ဘုရားစေတီ၏ ဘွဲ့တော်မှာ မွန်တိုင်ရင်းသာ ဘာသာဖြင့် '' ကျိုက်မွတ်လအိ '' ဖြစ်ပြီး မြန်မာဘာသာအရ '' အမြဲထင်ပေါ်သောဘုရား '' ဟု ခေါ်တွင်တယ်လို့ ဆိုပါတယ်။



ဪ .... ဒါနှင့် မုလအိတောင်ကို မုလရစ်တောင်၊ မြသေလာတောင်၊ လရစ်တောင် လို့လည်း ခေါ်ပါသေးတယ်နော်။ အဓိကကတော့ မုလအိ နှင့် မုလရစ် ကို တစ်လှည့်စီ သမုတ်ကြတာကို ကြားခဲ့ရပါတယ်။ ဒါ့အပြင် မုလအ ဆိုတဲ့ တောင်ပေါ်မှာလည်း ဘုရား ရှိသေးတယ် ပြောတယ်။ ကားလမ်းတော့ မပေါက်ဘူးတဲ့။



မုလအိတောင်ပေါ်ကို ဘယ်လိုသွားမလဲ

မုလအိတောင်ပေါ်ကို တက်မယ်ဆိုရင် နည်းလမ်းကတော့ နှစ်ခု ရှိပါတယ်။ ခြေလျင်တောင်တက် တက်ကြမလား (ဒါမှမဟုတ်) မြဝတီမြို့ကနေတစ်ဆင့် ကားနှင့် တက်ကြမလား ဆိုတာပါဘဲ။ ကျွန်တော်ကတော့ အသွားရော အပြန်ရော ခြေလျင်တောင်တက် တက်ချင်ခဲ့ပေမယ့် အသွားမှာ ကျွန်တော် နှင့် တူတူ သွားခဲ့တဲ့ သူငယ်ချင်းက ခြေထောက်မှာ ဒဏ်ရာ ရခဲ့တာမို့ အပြန်ကို သူ့ကို ပြန်ပို့ရင်း တူတူ ကားနှင့် လိုက်ဆင်းခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကားလမ်းရော၊ ခြေလျင်တောင်တက်လမ်း အတွက်ပါ ပြောပြပေးသွားပါ့မယ်နော်။




မုလအိတောင်ဟာ မြဝတီမြို့ကနေ တောင်ပေါ်အထိ ကားလမ်းပေါက်တဲ့ တောင်တစ်တောင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းတော်တော်ကြမ်းပြီး ဖုန်တော်တော်ထူပါတယ်။ တော်တော်လေးကို ထူတာပါ။ တောင်ပတ်လမ်းကလည်း မြေလမ်းမို့လို့ တော်တော်တော့ ကြောက်ဖို့ ကောင်းပါတယ်။ ကားလမ်းနှင့် တက်မယ် ဆိုရင်တော့ မြဝတီမြို့ကနေ စီးရမှာ ဖြစ်ပြီး အသွား (၅) နာရီ၊ အပြန် (၅) နာရီ ကြာပါတယ်။

 

လမ်းကတော့ မြဝတီမြို့ကနေ ပထမရွာအဝင်အထိ သိပ်မဆိုးပေမယ့် အဲဒီရွာ အကျော်နားလေးလောက်နေစပြီး ဖုန်တော်တော်ထူပါတယ်။ ဖုန်ထူတယ် ဆိုတာ ဖုန်ထူယုံလောက်လေး မဟုတ်ဘူးနော်။ လူမှန်း မသိလောက်အောင် ဖုန်တွေနှင့် ဖုံးသွားပြီးကို ထူတာပါ။ ကိုယ့်ပါ ပါလာတဲ့ ပုဝါတွေ အင်္ကျီတွေ အကုန်ထုတ်ပြီး ခြုံထားရလောက်အောင်ကို ထူတာပါ။ လမ်းကလည်း စကောထဲ ထည့်လိမ့်ထားသလိုဘဲ။

 

လမ်းမှာ ထမင်းစားဖို့ ရွာလေးတစ်ရွာမှာ နားပါတယ်။ တောင်ခြေမှာလည်း နားပြီး ရေချိုးခိုင်းတယ်လို့ ပြောပါတယ်။ ရှေးအယူ အရ ရေချိုးပြီးမှ တောင်ပေါ်တက်ရတာပါတဲ့။ မြဝတီကနေ ထမင်းစားတဲ့ရွာ၊ ပြီးတော့ တောင်ခြေက ရွာ နှစ်ခါနားတယ် ဆိုရမှာပေါ့။

 

တောင်ပေါ်ကို ဒေသခံ အဖွဲ့အစည်းတွေရဲ့ ကားနှင့်သာ တက်ရမှ ဖြစ်ပြီး အသွားအပြန်ကို ဘတ် (၁၀၀၀) - မြန်မာငွေ နှင့် ၄၀၀၀၀ ကနေ ၅၀၀၀၀ ဝန်းကျင် ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ မြဝတီကနေ တောင်ခြေရွာ ပြီးမှ တောင်ခြေရွာက တောင်ထိပ် ကား ဆင့်ဆင့် စီးကြတယ်လည်း ပြောပါတယ်။ မြဝတီ - မုလအိ ဘုရားဖူး မော်တော်ယဉ် အသင်းရဲ့ ဖုန်းနံပါတ်ကတော့ 09782113265 နှင့် 09450342729 ဖြစ်ပါတယ်။

 

ခြေလျင်တောင်တက်သမား များ အတွက်ကတော့ တောင်ခြေကနေ တောင်ထိပ်အထိကတော့ အတက် (၁၆) နာရီ နှင့် အဆင်း (၁၁) နာရီ ရှိတဲ့ လမ်း ခရီး ဖြစ်ပြီး တောင်ခြေကို ရောက်ဖို့ အတွက် ဆိုင်ကယ်ကို (၃) နာရီကနေ (၄) နာရီကြား မောင်းရပါတယ်။

 

ကဲ ... ခြေလျင်တောင်တက်မယ့် သူတွေ အတွက် ဆက်ပြောကြတာပေါ့။

.

 

မုလအိတောင်ခြေသို့ 

မုလအိတောင်ကို ခြေလျင်တောင်တက်မယ့် သူတွေအတွက်ကတော့ မုလအိတောင်ခြေကို ရောက်ဖို့ ကော့ကရိတ်မြို့ကို အရင်သွားရမှာ ဖြစ်ပါတယ်။ ကော့ကရိတ်ကနေ တစ်ဆင့် ကော့ကရိတ်-အာရှလမ်းမကြီးပေါ် အရင်တက် ပြီးတော့ လမ်းရဲ့ ညာဘက်မှာ ရှိတဲ့ ကမိုင်ကုန်းရွာသို့ ဆိုတဲ့ ဆိုင်းဘုတ်လေးအတိုင်း ဝင်သွားရမှာပါ။

 

မုလအိတောင်ခြေကို ရောက်ဖို့ ဆိုင်ကယ် နှင့် ဒါမှမဟုတ် 4 WHEELS နှင့် (၃) နာရီကနေ (၄) နာရီကြား မောင်းရမှာ ဖြစ်ပါတယ်။ အိမ်စီးကား လုံးဝ မရပါနော်။ လမ်းက တော်တော်ကြမ်းပြီး ဖုန်တော်တော်ထူပါတယ်။ လမ်းမှာ ချောင်းတွေထဲလဲ ဖြတ်ရပါတယ်။ တစ်ချို့ ချောင်းတွေမှာတော့ ဆိုင်ကယ်ဖြတ်ဖို့ တံတားသေးသေးလေးတွေ ရှိတတ်ပေမယ့် တစ်ချို့ချောင်းတွေကတော့ ချောင်းထဲ ဖြတ်ပြီး မောင်းရမှာပါ။

 

ဆိုင်ကယ်နှင့် သွားမယ် ဆို ဆိုင်ကယ်မောင်း တော်တော်ကျွမ်းကျင်ဖို့ လိုပြီး ဖုန်တော်တော်ထူတာမို့ mask ဒါမှမဟုတ် မျက်နှာရဲ့ area တော်တော်များများကို အုပ်နိုင်တဲ့ မျက်နှာအုပ်၊ မှန်ကာပါတဲ့ ဆိုင်ကယ်ဦးထုတ် တွေ ဆောင်းသွားသင့်ပါတယ်။ ကော့ကရိတ် မြို့ကတော့ ဆိုင်ကယ် နှင့် ကား ငှားရတာ တော်တော်ခက်တာကို တွေ့ရပါတယ်။ သွားမယ်ဆို ဆိုင်ကယ်နှင့် ကားငှားဖို့ အသိ နယ်ခံတွေကို ကြိုဖုန်းဆက်ပြီး ဆက်သွယ်ထားသင့်ပါတယ်။

 

တောင်ခြေကို သွားတဲ့ နယ်နိမိတ်က DKBA နယ်နိမိတ် ဖြစ်ပြီး ကရင်ရွာတွေသာ များပါတယ်။ မြန်မာစကားတတ်တဲ့သူ နည်းပေမယ့် မုလအိလို့ ပြောလိုက်ရင် သူတို့ လမ်းညွှန်ပေးပါလိမ့်မယ်။ DKBA စခန်း တစ်ချို့ တွေ့ခဲ့ပေမယ့် မုလအိကို သွားမှာမို့ ပြောလိုက်ရင် ရပါတယ်။ အန္တရာယ်တော့ ထွေထွေထူးထူး မကြုံခဲ့ရပါဘူး။

 

ကျွန်တော်တို့ တောင်ခြေက ရွာရောက်တော့ နေ့လည် (၂) နာရီ လောက် ရောက်ပါတယ်။ ဖုန်ထူထူကို ဖြတ်ခဲ့ရတာမို့ ရွာရောက်တော့ ရေမိုးချိုး ဘာညာ နှင့် ကျွန်တော်တို့ ၃ နာရီ ၂၀ လောက်မှာ တောင်စတက်ဖြစ်ခဲ့ပါတယ်။



မုလအိတောင်တက်ခရီး



မုလအိတောင်ဟာ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆၅၇၈ ပေ မှာ ရှိပြီး တောင်ထိပ်ထိ ရောက်ဖို့ကို တောင် (၃၃) လုံးကို ကျော်ဖြတ်ရတာပါ။ အတက်ကတော့ (၁၆) နာရီ ကြာပြီး အဆင်းကတော့ (၁၁) နာရီ နီးပါးလောက် ဆင်းရပါတယ်။ အတက်မှာတော့ တစ်ခြားတောင်တွေလို တက်လိုက်ဆင်းလိုက် အတက်သာ ပိုများတာမို့ ပုံမှန် လေ့ကျင့်ခန်း လေး လုပ်ထားသူမှသာ ပုံမှန်လေး တက်နိုင်မှာ ဖြစ်ပါတယ်။ တောင်တက်ခရီးကိုတော့ တောင်တက်လမ်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်း သုံးကျောင်း နှင့် သာ ခွဲဝေ မှတ်ပါလေ။

 

ပထမ ဘုန်းကြီးကျောင်း

တောင်ခြေကနေ ပထမ ဘုန်းကြီးကျောင်းကို ရောက်ဖို့က ကြာမြင့်ချိန် ၄ နာရီခွဲ ဝန်းကျင်လောက် ရှိပါတယ်။ ကျွန်တော်တို့ တောင်ခြေကနေ စတက်တော့ ၃ နာရီ ကျော်ပြီ။ ပထမ စစချင်းကတော့ စမ်းချောင်းလေးတွေနှင့် အတက် သိပ်မမတ်သေးတော့ သာယာနေသေးတယ်။ နာရီဝက်လောက်လဲ ကြာရော အတက်က မတ်လာရော ... အဲခါမှ စ ပင်ပန်းလာရော။ လမ်းမှာကတော့ နားဖို့ ဝါးခုံလေးတွေ ရှိတော့ နားလိုက် တက်လိုက်ပေါ့။

 

လမ်းမှာတော့ ငှက်ပျောသီးတွေ ထားထားတဲ့ ဇရပ်တစ်ခု တွေ့ရမှာ ရှိတယ်။ ဘုန်းကြီးတစ်ပါးနှင့် ခွေးလေးတစ်ကောင် အတူတူ နေပြီး အဲမှာ အလှူငွေ ထပ်ကာ ငှက်ပျောသီးတွေ ယူလို့ရတယ်။ ခွေးလေးကတော့ အစာတောင်းလိုက် ကျွန်တော်တို့က မုန့်ကျွေးလိုက်နှင့် လမ်းပြအဖြစ် တောင်ပေါ်အထိ ပါလာလေရဲ့။

 

ဒီလိုနှင့် ညက နက်လာ ကိုယ်တွေကလည်း မှောင်မှောင်ထဲ တောင်မတက်ဖူးတော့ ဓာတ်မီးလေးနှင့် ပထမဘုန်းကြီးကျောင်းရောက်ဖို့ သုတ်ခြေတင် ပြေးရတယ်။ ဒါနှင့်ဘဲ ပထမ ဘုန်းကြီးကျောင်း ရောက်တော့ ၈ နာရီ နီးပါး ရှိနေပြီ။

 

အဲမှာ အစာစားပြီးတာနှင့် တစ်ချိုးတည်း အိပ်ရော .....

ဒုတိယ ဘုန်းကြီးကျောင်း



နောက်နေ့ မနက်စောစောကျ (၄) နာရီလောက် ထပြီး တောင်ပြန်တက်မယ် စဉ်းစားထားပေမယ့် တကယ်အိပ်ရာနိုးတော့ မနက်မိုးလင်းနေပြီ။ ဒါနှင့် ပထမ ဘုန်းကြီးကျောင်းကနေ ဒုတိယ ဘုန်းကြီးကျောင်းကိုက ၃ နာရီ ခွဲ ဝန်းကျင် လောက် တက်ရပါတယ်။

 

လမ်းကတော့ လူလျှောက်လမ်းလေးတွေ ရှိတော့ လမ်းပျောက်မှာ မကြောက်ရပေမယ့် တောင်တက်ရတဲ့ လမ်းတွေကတော့ တကယ့် နေပျောက်မထိုးတဲ့ တောကြီးမျက်မည်းပါ။ ဒီနောက်ပိုင်းမှာတော့ နားဖို့ လုပ်ထားတဲ့ ခုံတန်းလေးတွေလည်း ရှားသွားတယ်။

 

ဒုတိယဘုန်းကြီးကျောင်း မရောက်ခင် နားလေးမှာတော့ သီချင်းသံလေး စကြားရတယ်။ အဲနားမှာတော့ တောင်စွန်းလေးမှာ ကျောက်ဖျားကြီးတွေ တည်နေတဲ့ view point ရှိပါတယ်။ အဲအစွန်းနားလေးမှာ ထိုင်ပြီး ဓာတ်ပုံရိုက်ခဲ့နော်။

 

ဒုတိယ ဘုန်းကြီးကျောင်းရောက်ရင်တော့ တောင်တက်တဲ့ လမ်းတစ်ဝက် ကျိုးသွားပြီ လို့ ပြောလို့ရတယ်။ တောင်က တက်လိုက် ဆင်းလိုက်မို့ ဒုတိယ ဘုန်းကြီးကျောင်းက အမြင့်ပေ ၃၂၀၀ ဝန်းကျင် ပြန်ဖြစ်သွားတယ်။ ကိုယ်တွေရောက်တော့ ဝေယျာဝစ္စ လုပ်ပေးတဲ့ အစ်မက ဟင်းတွေ ချကျွေးတော့ ဝင်ဆွဲခဲ့လိုက်သေးတယ်။



တတိယ ဘုန်းကြီးကျောင်း

ဒုတိယ ဘုန်းကြီးကျောင်းကနေ တတိယ ဘုန်းကြီးကျောင်းကို တက်တာကတော့ တော်တော် အားယူရတယ် ပြောရမယ်။ အချိန် ကတော့ ၅ နာရီ ခွဲ နီးပါးလောက် ကြာပါတယ်။ လမ်းတစ်ဝက်မှာတော့ ဆင်ဖြူတောင်စေတီ ဆိုတာ ဖူးမျှော်နိုင်မှာပါ။

နေ့လည် တော်တော်ပူတဲ့ အချိန်ကျမှ ကျွန်တော်တို့ နေ ထိုးတဲ့ တောလမ်းကို ဖြတ်လျှောက်ရပါတယ်။ အဲနားမှာတော့ တော်တော်လေးကို ဟိုက်ပါတယ်။ တောင်တွေ ဖြတ်လိုက် တောတွေ ဖြတ်လိုက် နှင့် ညနေ ၃ နာရီ ကျော်လောက်မှာ ဖုန်းတိုင်တွေ ရှိတဲ့ view point နောက်တစ်ခုကို ရောက်ပါတယ်။ အဲကနေ ဆက်လျှောက်တော့ တစ်နာရီ လောက် အတွင်းမှာဘဲ တတိယ ဘုန်းကြီးကျောင်းကို ရောက်ပါတယ်။

တတိယ ဘုန်းကြီးကျောင်းကတော့ ကားလမ်း ပေါက်တာမို့ ဈေးဆိုင်လေးတွေ စတွေ့ရပါတယ်။ တောင်ပေါ်က ဈေးဆိုင်ဆိုလို့ အထင်မသေးနှင့် ... အစုံရှိသဗျ။ ဈေးကလည်း ဘတ်ဈေးတွေနှင့် တွက်ရောင်းသေးတာ။

 

မုလအိ စေတီတော် နှင့် မုလအိ တောင်ထိပ်

တတိယ ဘုန်းကြီးကျောင်းကနေ တောင်ထိပ်ကတော့ လှမ်းမြင်ရပေမယ့် ကျွန်တော်တို့က တော်တော် ဟိုက် နေပြီမို့ ၂ နာရီ လောက် တက်လိုက်ရတယ်။ ကားလမ်း ပေါက်တဲ့ လမ်း ဖြစ်တာမို့ ကားလမ်းအတိုင်း တက်ရပါတယ်။

အဲဒါနှင့်ဘဲ တက်ရင်း တက်ရင်း ညနေ ၅ နာရီ ကျော်လောက်မှာ ဈေးဆိုင်တန်း နှင့် စတုဒီသာရုံကြီးကို တွေ့တော့ ဘယ်လိုပျော်မှန်းကို မသိတာ။ ဈေးဆိုင်တန်းက လူတွေကလည်း ခြေလျင် တက်တာလား လို့ မေးနှင့် ကိုယ့်တွေကတော့ ပြုံးပြုံးကြီးတော့ ဟုတ်တာပေါ့ ဆိုပြီး ဂုဏ်ယူစွာ ဖြေ ... သူတို့ မသိတာကတော့ ချိဖတို့ရဲ့ တစ်ကိုယ်လုံးဟာ နာကျင်နေရပါပြီ ဆိုတာပါဘဲ။


ကိုယ်တွေကတော့ တောင်တက်လာတာမို့ အေးလို့ အေးမှန်း မသိ သွေးပူနေဆဲ မှာ တောင်ပေါ် ရောက်တာနှင့် ရေချိုးမယ် တကဲကဲ လုပ်နေတာ ... အဲက အလုပ်သမားတွေက "အစ်ကိုတို့ ကြည့်ကျက်လုပ်ဗျ တဲ့ ... ကျွန်တော်တို့တောင် ၅ ရက်မှ တစ်ခါ ရေချိုးတာတဲ့ ... အစ်ကိုတို့ ရေအရင် သွားကိုင်ကြည့်တဲ့" ... အဲဒါနှင့် ကျွန်တော်တို့လည်း အဲရေကို သွားကိုင်ကြည့် မျက်နာသစ် ကိုယ်လက်သန့်စင်ပြီးကတည်းက အဲရေကန်နား မရောက်တော့တာဘဲ ... ဟီး

 

နေလည်း ဝင်တော့မှာမို့ တောင်ပေါ်အပြေးတက်ပြီး နေဝင်တာကို ကြည့်ရသေးတယ်။ တောင်ပေါ်မှာကတော့ တော်တော်အေးတာ။ ဘုရားပေါ်တက်တဲ့ လှေကားရဲ့ စတီးလက်ရန်းတွေဆို တုန်ခါနေတာ အသံတွေတောင် မြည်တယ်။ အပေါ်မှာ ဘုရား ရှိခိုးပြီးတာနှင့် ဓမ္မာရုံ ရှိတဲ့ နေရာ ပြန်ဆင်း သတ်သတ်လွတ် စတုဒီသာစားပေါ့။



ပထမကတော့ တောင်ပေါ်မှာ ထိုင်းက blogger တွေလို camping tent နှင့် အိပ်မလို့ဘဲ။ ဒါပေမယ့် tent လည်း မေ့ကျန်ခဲ့သလို ထိုင်းတွေ အိပ်တဲ့ camping site ကိုလည်း ရှာလို့ မတွေ့ခဲ့။ ပြီးမှ သူတို့ကို ပြန်သွားမေးတော့ သူတို့က ခြေလျင်မတက်ဘူးတဲ့။ မြဝတီဘက်ကနေ ကားနှင့် တောင်ထိပ် နားထိ တက် ... ပြီးမှ တောင်စောင်းကနေ ကျွန်တော်တို့ မတွေ့ခဲ့တဲ့ တောင်ကြောတစ်လျှောက် ပြန်ဆင်းပြီး camping သွားလုပ်တာတဲ့လေ။ ဓမ္မာရုံ နောက်ကနေ ဆင်းရတယ် လို့တော့ ပြောတယ်။ ကိုယ်တွေက ရောက်တဲ့ အချိန် ညနေ ဖြစ်သွားတော့ ထပ်ဆင်းဖို့ အချိန် မရှိတော့။ နောက်တစ်ခေါက် ပြန်သွားအုန်းမှပါ။



မုလအိ တောင်ထိပ်မှာတော့ စေတီ နှစ်ဆူ နှင့် ရုပ်ပွားတော် တစ်ဆူ ရှိပြီး ပထမ စေတီ တစ်ဆူ အထိသာ မိန်းကလေးတွေ တက်ရောက်ဖူးမျှော်ခွင့် ရှိပါတယ်။ ရုပ်ပွားတော် တစ်ဆူနှင့် မုလအိစေတီတော်ကိုတော့ အမျိုးသားများသာ ဖူးမျှော်ခွင့် ရှိပြီး အနီးအနားက တောင်ကြောတစ်လျှောက်မှာလည်း စေတီ အချို့ကို တွေ့မြင်ခဲ့ရပါတယ်။

 

ကျွန်တော်ကတော့ ရန်ကုန်က သောကြာနေ့ည မှာ ရန်ကုန်- မြဝတီ ကား စီးသွားခဲ့ပြီး ကော့ကရိတ် နှင့် အာရှလမ်းမကြီး အခွဲမှာ ဆင်းခဲ့ပါတယ်။ အဲဒီမှာ ဘားအံက သူငယ်ချင်းတွေနှငိ့ ဆုံပြီး ခဏနား မုန့်စားနှင့် မနက် ၁၀ နာရီ ဝန်းကျင် လောက်မှ ကော့ကရိတ်က စထွက်ဖြစ်ပါတယ်။ ကော့ကရိတ်ကနေ ဆိုင်ကယ် မောင်းသွားပြီး တောင်ခြေရွာကို နေ့လည် ၂ နာရီ ခွဲ လောက်ရောက် ရေမိုးချိုးပြီးတော့ တောင်ပေါ်ကို ၃ နာရီ လောက်က စ တက်ခဲ့ပြီး ပထမ ဘုန်းကြီးကျောင်းမှာ တစ်ည အိပ်ခဲ့ပါတယ်။

 

ဒုတိယနေ့ကို တောက်လျှောက်တက်ခဲ့ပြီး တောင်ထိပ်ကို ညနေဘက် ရောက် နေဝင်ချိန်ကြည့် နောက်နေ့မှ နေထွက်ချိန်ကြည့် နှင့် တောင်ပေါ်မှာ အေးအေးဆေးဆေး နေဖြစ်ခဲ့ပါတယ်။ ကံကောင်းရင် မနက် နေထွက်ချိန်မှာ တိမ်ပင်လယ် တွေ့ရတတ်ပြီး ကျွန်တော် တို့တော့ မတွေ့ခဲ့ရပါ။ ခြေလျင်နှင့် ပြန်ဆင်းမယ် ဆို တာင်ခြေရွာကို နေ့ချင်းလည်း ပြန်မရောက်နိုင်တာမို့ အေးဆေး နေပြီးမှ ပြန်ဆင်းပါ။

 

ကျွန်တော်ကတော့ ဒဏ်ရာ ရထားတဲ့ သူငယ်ချင်းပါတာတော့ ခြေလျင် ပြန်ဆင်းတဲ့ သူတွေနှင့် ဆက်မဆင်းဖြစ်ဘဲ တနင်္ဂနွေ နေ့ မနက်မှာဘဲ ကြုံတဲ့ ကားနှင့် ကားလမ်းကနေ မြဝတီကို ပြန်ခဲ့ရပါတယ်။ ဒါကတော့ ကျွန်တော် သွားခဲ့တဲ့ လမ်းကြောင်း အကြမ်းဖျင်းလေးပါနော်။



မုလအိတောင် နှင့် သတိပြုဆင်ခြင်စရာ

မုလအိတောင်ဟာ သာသနာ့ နယ်မြေ ဖြစ်သည့်အလျေက် သတိပြုဆင်ခြင်စရာ တွေ များပြားလှတဲ့ တောင်တစ်တောင်လည်း ဖြစ်ပါတယ်။

.

 

(၁) မုလအိတောင်ခြေမှစ၍ တောင်တက်ရာ တစ်လျှောက် ဟာ သတ်သတ်လွတ်နယ်မြေ ဖြစ်ပြီး အရက်သေစာလည်း သောက်စားခြင်း၊ ယူဆောင်လာခြင်း မပြုရပါဘူး။ သတ်သတ်လွတ်ကတော့ လမ်းတစ်လျှောက်က ဘုန်းကြီးကျောင်းရော တောင်ထိပ်က စတုဒီသာ မှာရော ရာသက်ပန် ကျွေးတာမို့ စိတ်တော့ မပူရပါဘူး။ ဒါပေမယ့် လမ်းတစ်လျှောက် မှာ စားဖို့တော့ သတ်သတ်လွတ်သာ သယ်ဆောင်ပါလေ။

.

(၂) အမျိုးသားနှင့် အမျိုးသမီး လက်ချင်းမတွဲရ၊ အတူတူ မဖူးမျှော်ရ။ လင်မယား၊ ချစ်သူတွေပါရင် မောင်နှမ လို နေထိုင်ပါ့မယ် လို့ သစ္စာဆိုရပါတယ်တဲ့။ တောနက်ကြီးထဲမှာ တောင်တက်ရတာမို့ အပြောအဆိုလည်း ဆင်ခြင်ပါလေ။

.

(၃) အဝတ်အစားကို တတ်နိုင်သမျှ နည်းနည်းနှင့် အအေးဒဏ်ခံနိုင်မယ့်ဟာကို သယ်ပါ။ တောင်တက်တဲ့ တစ်လျှောက်တော့ လွတ်လပ်ပေါ့ပါးတာဘဲ ဝတ်ပါလေ။ ဒါပေသိ အမျိုးသမီးတွေကျ လုံရမယ့် နေရာတွေ လုံခြုံအောင် ဝတ်ပါလို့။

.

(၄) ရိက္ခာ နှင့် တကွ ရေစစ်ပါ ယူသွားပါ။ လမ်းမှာ သောက်ရေထည့်လို့ ရှိရင် ရေစစ်နှင့် စစ်ပြီး ထည့်ရတာက ပို အဆင်ပြေစေပါတယ်။ wet tissue / လက်သန့်ဆေးရည် နှင့်တကွ ထိခိုက်ရှနာတွေအတွက် ဆေးဝါးတစ်ချို့ကို ပါအောင် ယူသွားပါ။

.

(၅) စတုဒီသာ မှာ အလှူငွေလည်း ထည့်ဝင်ပေးခဲ့ဖို့ မေတ္တာ ရပ်ခံပါရစေ။ ရာသက်ပန် သတ်သတ်လွတ် ဒေသခံတွေကဘဲ မတည်ပြီး ၂၄ နာရီ ပတ်လုံး ကျွေးမွေးနေတာမို့ပါ။

.

(၆) သက်လုံကောင်းဖို့ အရေးကြီးပါတယ်။ ဒါကြောင့် training များများ ဆင်းထားပါ။ လမ်း ပုံမှန်လေး လျှောက်ပေးထားပါ။ အသက်ကြီးသူတွေ၊ နှလုံးရောဂါ ရှိသူတွေ၊ အမောမခံနိုင်သူတွေ ကတော့ ကားလမ်းကိုသာ ရွေးချယ်သင့်ပါတယ်။

.

(၇) ဖုန်းလိုင်းကတော့ လုံးဝ မမိပါဘူး။ MPT မိတယ် ဆိုသော်ငြား ကျွန်တော့်ရဲ့ MPT ကတ်ကတော့ လုံးဝ မမိပါဘူး။ ထိုင်းဘက်က ဆင်းကတ်တွေတော့ လိုင်းမိတယ် ပြောပါတယ်။ တောင်ခြေက ရွာမှာတောင် ကျွန်တော့်တို့ မြန်မာကတ်တွေက မမိဘူး။

.

(၈) ဓာတ်ပုံဆရာများ ဓာတ်ခဲအပို ဒါမှမဟုတ် power bank နှင့် အားသွင်းလို့ ရတဲ့ ကင်မရာ ဆို အားများများ သွင်းလို့ ရတဲ့ power bank သာ ဆောင်သွားပါလေ။

.

(၉) မမှာမနေရကတော့ စည်းကမ်း ရှိဖို့ ပါဘဲ။ အမှိုက်မပစ်ချဖို့ နှင့် ကိုယ့်အမှိုက်ကိုယ် သိမ်းခဲ့ဖို့ပါ။ အမှိုက်တွေ ပြန်မသယ်ချင်လည်း မီးရှို့လို့ ရပါတယ်။ မီးရှို့မယ် ဆိုရင်လည်း ဒီအတိုင်း မထားခဲ့ဘဲ မီးငြိမ်းတဲ့ အထိတော့ စောင့်ပေါ့။ ပန်းပင်တွေ၊ သစ်ပင်တွေကို အကိုင်မချိုး၊ အခက်မချိုးဖို့လည်း မှာပါရစေ။

မုလအိတောင်ပေါ်မှ မှာတမ်းစာ

မုလအိတောင်အကြောင်း ကားလမ်းက တစ်ဖုံ၊ ခြေလျင်တောင်တက်လမ်းက တစ်သွယ် လျှာရှည်ထားတာမို့ ဖတ်ရတာလည်း တော်တော် မောနေကြပြီ ထင်ပါတယ်။ မုလအိတောင်ဟာ မြန်မာနိုင်ငံ ရဲ့ လူတော်တော်များများရဲ့ ထိတွေ့ခြင်း မခံရသေးတဲ့ တောင်တစ်တောင်လည်း ဖြစ်သလို ဒေသခံတိုင်းရင်းသားတွေ ကိုးကွယ်ယုံကြည်ကြတဲ့ ဗုဒ္ဓရဲ့ သာသနာ့နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။

 

မုလအိတောင် ဟာ စွန့်စားရတာ ကြိုက်တဲ့သူတွေ၊ တောင်တက်ရတာ ကြိုက်တဲ့သူတွေ နှစ်ခြိုက်ကြမယ့် နေရာလေးလည်း ဖြစ်တာမို့ စည်းကမ်းရှိရှိ ခရီးသွားဖို့၊ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့၊ ဒေသခံတွေ ယုံကြည်ကြတဲ့ ပညတ်ထားတဲ့ သတ်မှတ်ချက်တွေကို လေးစားကြဖို့ တောင်းဆိုပါတယ်။

 

ကျွန်တော်ကတေ့ သန်တုန်းမြန်တုန်း လူငယ်တွေကို ခြေလျင်တောင်တက် သွားစေချင်ပါတယ်။ အတွေ့အကြုံ ကောင်းလေး ဖြစ်မှာပါ။ Training တော့ ကြိုဆင်းပေါ့။

 

ကဲ ... မုလအိတောင်ကို တက်မယ် ဆိုရင်တော့ သွားရတဲ့ ခရီးနှင့် တန်အောင် တောင်ပေါ်မှာ ညတော့ အိပ်သင့်ပါတယ်နော်။ ညနေဘက် နေဝင်ချိန် သာမက မနက်ခင်း နေထွက်ချိန်လေးကို ခံစားရင်း မုလအိတောင်ပေါ်သို့ စွန့်စားခန်းတွေ အမြန်ဆုံး ဖွင့်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း




Do you like this contents?
If you have MingalaGO user's account, you can add bookmark into your mypage.