နေ့ချင်းပြန်သွားနိုင်တဲ့ ပန်းတပွင့်တောင်ခရီး

2020-02-20edit Naw Eh Paw

မြို့ပြရဲ့နေ့စဉ်ဘဝက ငြီးငွေ့စရာဖြစ်လာနေပြီလား။ ရန်ကုန်နဲ့မလှမ်းမကမ်းဖြစ်ပြီး နေ့ချင်းပြန်သက်သောင့်သက်သာ သွားနိုင်မယ့် ဘုရားဖူးခရီးစဉ်လည်းဖြစ်၊ အပန်းဖြေခရီးလည်းဖြစ်မယ့် ပန်းတပွင့်တောင်ကိုသွားဖို့ လမ်းညွှန်ပေးချင်ပါတယ်။ အလုပ်နားတဲ့ရက် တနင်္ဂနွေမနက်ခင်းဆို အကောင်းဆုံးပေါ့။

ရန်ကုန်ကနေသွားမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ ပန်းတပွင့်တောင်ကို သွားဖို့က အတော်လေးလွယ်ကူပါတယ်။ ရန်ကုန်ကနေဆိုရင် ဝိုင်ဘီအက်စ် ၃၇ရဲ့ ဂိတ်ဖျားဖြစ်တဲ့ ခြောက်ထပ်ရုံးမှတ်တိုင်ကနေ စောင့်စီး မယ်ဆိုရင် နေရာလည်းရ၊ ကားငှားသွားတာထက်လည်း ကုန်ကျစရိတ်သက်သာတာပေါ့။ ဒါပေမဲ့ မှော်ဘီဘက်ရောက်တဲ့ကား
ဆိုရင် ဘယ်ကားစီးစီးပါ၊ ၃၇၊ ၄၁၊ ၉၀၊ ၉၁ ကြိုက်တာစီးလို့ရပါတယ်။ ပြီးရင် မှော်ဘီ လေထီး ၁၆ မှတ်တိုင်မှာဆင်းပြီး ကားလမ်း ရဲ့ညာဘက်ခြမ်းမှာ ဆိုင်ကယ်ကယ်ရီတွေ တွေ့ပါလိမ့်မယ်။ ဆိုင်ကယ်ကယ်ရီခကကိုတော့ ကိုယ်က မျက်နှာစိမ်းဖြစ်နေခဲ့ရင် ပိုပြီး တောင်းတာမျိုး ဖြစ်နိုင်တာကြောင့် အလွန်ဆုံး ၂၅၀၀ ကျပ်ဝန်းကျင်ထက် ပိုမပေးပါနဲ့။

လမ်းတလျှောက် ပန်းတပွင့်တောင်ရောက်တဲ့အထိ၊ ကိုယ့်ကားနဲ့ပဲဖြစ်ဖြစ် ကားစင်းလုံးငှားလို့ဖြစ်ဖြစ် သွားမယ်ဆိုရင်တော့ ပိုပြီး သက်သောင့်သက်သာဖြစ်တာပေါ့။ မှော်ဘီ-ဝါးနက်ချောင်းကျေးရွာဘက်ကလမ်းကနေ သွားလို့ရသလို တိုက်ကြီးမြို့နယ်ဘက်
ကလည်း သွားလို့ရပါတယ်။ ရန်ကုန်-ပြည်လမ်းအတိုင်း မောင်းနှင်လာပြီး ရွှေမြယာကျေးရွာလမ်းဆုံကနေ ဖူးကြီးဆည်ကို ကားလမ်းပေါက်ပါတယ်။ လမ်းတွေက ပြုပြင်ထားပြီး သွားလာရလွယ်ကူပါတယ်။ ဘေးပတ်ဝန်းကျင်ကတော့ သာယာလှပတဲ့ စိုက်ခင်းတွေနဲ့ တောတောင်သဘာဝအလှတွေကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ဖူးကြီးဆည်လမ်းဆုံအကျော်မြင်ကွင်း

ဓါတ်ပုံ- တတိယပစ်တိုင်းထောင်ရုပ်ကြီးနဲ့မုဒ်ဦးအဝင်ဝ

ဝါးနက်ချောင်းရွာဘက်ကနေ ကိုယ့်ကားနဲ့ ကိုယ်ဖြစ်ဖြစ်၊ ဆိုင်ကယ်ကယ်ရီနဲ့ဖြစ်ဖြစ် သွားရင်တော့ ပန်းတပွင့်တောင်လမ်းခွဲမှာ ပန်းတပွင့်တောင်ဆရာတော်ရဲ့ထူးခြားတဲ့ သင်္ကေတအဖြစ် အပြုံးကိုယ်စီနဲ့ လမ်းညွှန်နေတဲ့ ပစ်တိုင်းထောင်ရုပ်ကြီးတွေကို လမ်းရဲ့ဘယ်ညာမှာ မြင်တွေ့ရပါလိမ့်မယ်။ ပစ်တိုင်းထောင်ရုပ်ကြီးတွေက ဖူးကြီးဆည်လမ်းဆုံမှ ဒုတိယအကြိမ်တွေ့ရမှာဖြစ်ပြီး တတိယပစ်တိုင်းထောင်ရုပ်ကြီးတွေကို မြင်ရချိန်မှာတော့ ပန်းတပွင့်တောင်ရဲ့မုဒ်ဦးအဝင်ဝကို ရောက်ရှိပါပြီ။

ဓါတ်ပုံ- ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆိုင်ကယ်အပ်ဖို့နေရာ

မုဒ်ဦးအဝင်ဝမှာ ဘုရားဖူးကားတွေနဲ့ ဆိုင်ကယ်တွေရပ်နားအပ်နှံဖို့ စနစ်တကျစီစဉ်ပေးထားပါတယ်။

ပန်းတပွင့်တောင်ရဲ့နောက်ခံသမိုင်း

ပန်းတပွင့်တောင်မှာ အခုသီတင်းသုံးနေတဲ့ ဆရာတော်ဘဒ္ဒန္တပညာသာရဟာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကောတောင်သုံးလုံး သာသနာ့နယ်မြေမှာ သူတော်စင်အဘိုးသံနဲ့အတူရှိစဉ် ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်လို့ ဆိုပါတယ်။ အဲဒီအိပ်မက်ထဲမှာ ဆရာတော်ကြီးတပါးက တောင်တလုံးကို ညွှန်ပြပြီး အဲဒီတောင်မှာ သေတပန်သက်တဆုံးသာသနာပြုပါလို့မိန့်ကြောင်း ဆရာတော်က ဆိုပါတယ်။ ဆရာတော်ဘဒ္ဒန္တပညာသာရဟာ မြန်မာသက္ကရာဇ် ၁၃၅၉ခုနှစ်မှာ အခုပန်းတပွင့်တောင်လို့ အမည်တွင်တဲ့တောင်ကို ရောက်ရှိခဲ့ပါတယ်။ ဆရာတော်က အဓိဌာန်ပြုပြီး သစ်ပင်ငယ်တပင်စိုက်ပျိုးရာက ပန်းပွင့်တပွင့်ဖူးပွင့်လာခဲ့တာကြောင့် ပန်းတပွင့်တောင် လို့ အမည်သတ်မှတ်ခေါ်ဝေါ်စေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

ပန်းတပွင့်တောင်ရဲ့ပုံရိပ်တချို့ 

ဓါတ်ပုံ - တတောင်မှတတောင်သို့ကူးရာ ကွန်ကရစ်လမ်း

ပန်းတပွင့်တောင်မှာ တောင်သုံးတောင်ရှိပြီး တောင်တစ်လုံးနဲ့တစ်လုံးကို ကွန်ကရစ်လမ်းတွေ ခင်းပေးထားပါတယ်။ တောင်တိုင်းမှာ စေတီတစ်ဆူ တည်ထားပါတယ်။

ဓါတ်ပုံ -ပထမတောင်ပေါ်တက်ဖို့ စောင်းတန်း

ဓါတ်ပုံ - အတက်လမ်းကို အမိုးတွေနဲ့ အုပ်ထားပေးပါတယ်။

ဓါတ်ပုံ - စေတီငယ်လေးတွေနဲ့ နဂါးရုံဘုရားများ

အမြင့်ဆုံးတောင်ထိပ်က ပထမစေတီရဲ့ပတ်လည်မှာတော့ အရန်စေတီတွေနဲ့ နဂါးရုံဘုရားက ဝန်းရံထားပါတယ်။

ဓါတ်ပုံ - ပထမတောင်စေတီအတွင်းပိုင်းမြင်ကွင်း

ဓါတ်ပုံ - ဒုတိယတောင်ပေါ်က ရပ်တော်မှုဘုရားကြီး

ဓါတ်ပုံ - ဒုတိယတောင်ပေါ်က ဆုတောင်းပြည့်စေတီတော်

ဓါတ်ပုံ-တတိယတောင်ပေါ်က နဂါးရုံဘုရား

ဒုတိယတောင်ပေါ်မှာ ရပ်တော်မူဘုရားနဲ့ တတိယတောင်ပေါ်မှာ နဂါးရုံဘုရားနဲ့ နဂါးရုံဘုရားကို ဦးခိုက်နေတဲ့ မယ်တော်ရုပ်ထုရှိပါတယ်။

ပန်းတပွင့်တောင်ကျောင်းအတွင်းမှာ ဗုဒ္ဓသာသနာ့ပြုတက္ကသိုလ်နဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရှိပါတယ်။ အဲဒီကျောင်းမှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားနိုင်ပါတယ် ။ ကျောင်းမှာတော့ တိုင်းရင်း သားလူငယ်ပေါင်းစုံ တက်ရောက်နေကြတာကို တွေ့မြင်နိုင်ပါတယ်။

ဓါတ်ပုံ-ဖူးကြီးဆည်နဲ့ စိမ်းစိုနေတဲ့ရော်ဘာစိုက်ခင်း

တောင်ပေါ်ရောက်ပြီဆိုရင် ဘုရားရင်ပြင်တော်ပေါ်ကနေ သာယာလှပတဲ့ သဘာဝရှုခင်းတွေ၊ မြေနီလမ်းလေးတွေကို ပြန်မြင်ရမှာပါ။ ရန်ကုန်မြို့ကြီးကို ရေပေးနေတဲ့ ဖူးကြီးကန်ကြီးကိုလည်း မြင်တွေ့နိုင်ပါတယ်။ စိမ်းမြနေတဲ့ရေပြင်ကျယ်ကြီးက အေးချမ်းတဲ့ခံစားမှုတချို့ ပေးစွမ်းပါလိမ့်မယ်။ သဘာဝအလှကို ခံစားတတ်တဲ့စိတ်နှလုံးရှိသလို သတင်းအချက်အလက်တွေကိုလည်း ချစ်တတ်တဲ့သူတွေအတွက် ပြောပြ ချင်တာက ရန်ကုန်မြို့ကြီးကို တစ်နေ့ရေဂါလန် ၅၄သန်းပေးဝေနေတာ အခုမြင်နေရတဲ့ ဖူးကြီးကန်ကြီးပေါ့လို့ ပြောပရစေ။

ပန်းတပွင့်တောင်က တောင်ကုန်းဒေသဖြစ်လို့ နေ့လည်ဘက်ဆိုရင်တော့ ပူပြင်းတဲ့ရာသီဥတုဒဏ်ကြောင့် အနည်းငယ်ပင်ပန်းပါလိမ့် မယ်။ ဒါကြောင့် မနက်စောစောထသွားတာက နံနက်ခင်းရဲ့လေနုအေးလေးကို ခံစားခွင့်ရရှိစေပြီး နေ့လည်နေ့ခင်းဘက် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကိုလည်း ရှောင်လွှဲခွင့်ရရှိစေပါလိမ့်မယ်။


အပြန်ခရီးမှာတော့ ပန်းတပွင့်တောင်ဆရာတော်ဘုရားကြီးရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ဆရာတော်ကြီးပုံပါတဲ့ပြက္ခဒိန်တွေ၊ ဆွဲကြိုးတွေ၊ ပရိတ်ရေပါရေဘူးတွေနဲ့ အမှတ်တရပစ္စည်းတွေ ဝယ်ယူနိုင်ပါတယ်။

ဓါတ်ပုံ- ဆရာတော်ကြီး သီတင်းသုံးနေတဲ့ကျောင်း၊ ပထမတောင်ခြေမှာရှိပါတယ်။

အလှဓါတ်ပုံရိုက်ကူးချင်တဲ့သူတွေအတွက် ကျောင်းဝင်းအတွင်းမှာ နွားလှည်းယာဉ်အလှ၊ ဇော်ဂျီနဲ့ ပစ်တိုင်းထောင်ရုပ်တွေရှိပါတယ်။ ပန်းတပွင့်တောင်ရဲ့ထူးခြားချက်ကတော့ သားကြီးငါးကြီးတွေ ယူဆောင်စားသုံးခွင့်မပြုတာပါ။

ဒါပေမဲ့ ဘုရားဖူးလာရောက်သူတွေကို သက်သတ်လွတ်ထမင်းနဲ့ ဧည့်ခံကျွေးမွေးမှာပါ။ သက်သတ်လွတ်ဟင်းလျာတွေကတော့ ရန်ကုန်မြို့ပြညတွေမှာ foodie လုပ်လာခဲ့သူတွေအတွက် အသစ်အဆန်းဖြစ်နေနိုင်ပြီး ခရမ်းချဉ်သီးချက် ချဉ်ငန်စပ်၊ ၊ဘူးသီး ချဉ်ရည်ဟင်း အရည်သောက်၊ ပန်းဂေါ်ဖီကြော်၊ခရမ်းသီးနှပ် စတာတွေပဲ ဖြစ်ပါတယ်။ တောင်တက်ခရီးက လူကိုပန်းစေတာကြောင့် သက်သတ်လွတ်ဟင်းလျာတွေက ခံတွင်းမြိန်စေတာ အမှန်ပါပဲ။ စားသောက်ဆိုင်တွေမှာ အသားငါးဟင်းမရှိတာကိုတော့ အထူးပြောပြနေစရာ လိုမယ်မထင်မိပါဘူး။

ဓါတ်ပုံ- အမှတ်တရပစ္စည်းတွေဝယ်ယူနိုင်တဲ့ဈေးတန်း

ဘုရားဖူး၊ ထမင်းစားသောက်ပြီးရင် အမှတ်တရပစ္စည်းတွေဝယ်၊ ဒေသထွက်သီးနှံလေး တွေရောင်းချတဲ့ အော်ဂဲနစ်ဈေးဆိုင်တန်းလေးဘက်လျှောက်ပြီး သိပ်နောက်မကျခင် ရန်ကုန်ပြန်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ကား နဲ့ ကိုယ်လာသူတွေအတွက် မထောင်းသာပေမယ့် လိုင်းကားစီးပြန်မယ့်သူဆိုရင်တော့ သိပ်နောက်ကျသွားရင် ကားခက်ခဲနိုင်တာကြောင့် သတိပေးရတာဖြစ်ပါတယ်။ အားလုံးပဲ အားလပ်ရက်မှာ စိတ်အပန်းလည်းပြေပြီး ကုသိုလ်တရားတွေလည်း တိုးပွားနိုင်ကြပါစေ။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


နေ့ချင်းပြန်သွားနိုင်တဲ့ ပန်းတပွင့်တောင်ခရီး
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း