မြန်မာနိုင်ငံမှာ (Gender Equality) ရှိရဲ့လား
2019-08-19edit Ye Naungနိုင်ငံခြားသား ခရီးသွားတဦးအနေနဲ့ မြန်မာနိုင်ငံအတွင်း သွားလာတဲ့ခရီးစဉ်အတွင်း ဘာသာရေးအရ အလေးထားတဲ့နေရာ တွေ ဥပမာ စေတီ၊ဘုရားနဲ့ ဗုဒ္ဓခြေတော်ရာလို့ အစဉ်အလာအရယူဆတဲ့စက်တော်ရာတွေမှာ အမျိုးသမီးမဝင်ရဆိုတာမျိုးနဲ့ ကြုံတွေ့ဖူးပါသလား။ လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ကြီးပြင်းခဲ့ရပြီး နိုင်ငံတကာလူ့အခွင့်အရေးစံနူန်းတွေနဲ့အတူ ကျားမတန်းတူညီမျှမှု(Gender equality)ကို အလေးထားတဲ့အနောက်တိုင်းသားခရီးသွားတယောက်အနေနဲ့
ဒါဟာ မိတ်ဆွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာလို့ ခံစားကောင်းခံစားရနိုင်ပါတယ်။
တကယ်တော့ မြန်မာလူမျိုးတွေဟာအင်မတန်ဖော်ရွှေတတ်ပြီး အမြဲပြုံးရွှင်နေတတ်တဲ့ ရွှေနိုင်ငံသားတွေပါပဲ။ဒါကြောင့် ခရီး သွားဧည့်သည်တွေကိုစိတ်အနှောက်အယှက်ဖြစ်စေဖို့တမင်္ဂလာရည်ရွယ်ပြီး အဲဒီလိုသတ်မှတ်ထားတာမျိုးမဟုတ်ဘူးဆိုတာ ကတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒါဆိုရင် ဘာကြောင့်များပါလိမ့်။
များသောအားဖြင့်အမျိုးသမီးမဝင်ရလို့သတ်မှတ်ချက်ထုတ်ထားတာကိုကြုံရတဲ့နေရာတွေကဘာသာရေးဆိုင်ရာအဆောက် အအုံ့တွေပဲများတာကြောင့် ဘာသာရေးဆိုင်ရာယုံကြည်ချက်ကြောင့်လို့ ထင်မြင်ယူဆစရာလည်းရှိနေပါတယ်။ မြန်မာနိုင်ငံ မှာ ဘာသာရေးနဲ့သာသနိကအဆောက်အအုံ့တွေကိုစောင့်ရှောက်ဖို့ အင်စတီကျုးရှင်းတစ်ခုခုကနေ ပရောဂျက်အနေနဲ့တာ ဝန်ယူကြတာမျိုးထက် ဘုန်းတော်ကြီးတွေ၊ရပ်မိရပ်ဖတွေထဲက ရွေးချယ်တင်မြှောက်ထားတဲ့ဂေါပကလူကြီတွေကပဲ စေတ နာ့ဝန်ထမ်းအနေနဲ့ အဆိုပါအဆောက်အအုံ့နေရာတွေကို စောင့်ရှောက်ထိန်းသိမ်းလေ့ရှိပါတယ်။
ဘုန်းတော်ကြီးနဲ့ ဂေါပကလူကြီးတွေကပဲ သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို ၎င်းသာသနိကအဆောက်အအုံ့တွေမှာ တချို့နေရာ တွေကို အမျိုးသမီးမဝင်ရလို့ သတ်မှတ်ခဲ့ကြရာကနေ အစဉ်အလာဓလေ့သဘောတစ်ခုဖြစ်လာခဲ့တာပါ။ တကယ်တော့ ဒါ ဟာ ဗုဒ္ဓရဲ့ဓမ္မတွေနဲ့လည်း မသက်ဆိုင်သလို မြန်မာနိုင်ငံမှာ ကျားမညီမျှမှု (Gender equality) မရှိဘူးရယ်လို့လည်း လွယ် လင့်တကူကောက်ချက်ချလောက်စရာ အညွှန်းကိန်းတစ်ခုလည်း မဟုတ်ပါဘူး။
ပြောရမယ်ဆိုရင် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့ကိုလိုနီတို့မသိမ်းယူခင်က အရှေ့တောင်အာရှမှာ စာတတ်မြောက်မှုအမြင့် ဆုံးနိုင်ငံလို့ ရပ်တည်ခဲ့တဲ့မြန်မာနိုင်ငံမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ ပညာသင်ယူခွင့်ရရှိခဲ့ကြပါတယ်။
ကျောင်းတွေကတော့ ဘုန်းတော်ကြီးတွေဦးစီးသင်ကြားတဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေပါပဲ။ အဲဒီကျောင်းတွေ ရဲ့ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာ ကျားမတန်းတူ စာတတ်မြောက်မှုနူန်းမြင့်မားခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရ ဟာ အိန္ဒိယမှာလိုပဲ ဘာသာရေးနဲ့ တိုင်းပြည်အရေးကို ခွဲထုတ်ချင်ခဲ့တယ်။ အဲဒီလိုခွဲထုတ်တာဟာ ၁၈ရာစုမှ မြန်မာနိုင်ငံကို ပထမဆုံးသံတမန်အဖွဲ့ရောက်ရှိခဲ့တဲ့ အင်္ဂလိပ်တွေရဲ့တွက်ကိန်း လွဲချော်မှုတစ်ခုပါပဲ။
တိတိကျကျပြောရရင် ၁၈၈၆ခုနှစ်မှာ သီပေါမင်းပါတော်မှုချိန် အိန္ဒိယမှာလိုပဲ ဘာသာရေးနဲ့ နိုင်ငံရေးကိုခွဲထုတ်ဖို့ ဗြိတိသျှ တွေ မူဝါဒချမှတ်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်Alicia Turner က သူ့ရဲ့ ဗုဒ္ဓဝါဒကိုကယ်တင်ခြင်း စာအုပ်မှာ ဖော်ပြရေးသား ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ဘာသာရေးအမြဲဆက်နွယ်နေခဲ့ပြီး အပြန်အလှန်အားပြုမှုတွေရှိနေပါတယ်။
အစဉ်အလာအရ ဘာသာရေးဆိုင်ရာအကြီးအကဲတွေဟာ တိုင်းပြည်ရဲ့အကြီးအကဲဖြစ်တဲ့ ဘုရင်ကို ဆုံးမတာမျိုးအထိရှိပါ တယ်။ ဘုန်းတော်ကြီးသင်ပညာရေးစနစ်အရ ဘုရင်ဟာလည်း တချိန်က ဘုန်းကြီးကျောင်းသားဖြစ်ခဲ့တယ်မဟုတ်ပါလား။
အတိုချုပ်ပြောရရင် တခြားနိုင်ငံတွေမှာလို မူဝါဒကျင့်သုံးလို့မရကြောင်း သိရှိတဲ့အင်္ဂလိပ်လူကြီးလူကောင်းတွေဟာ ဘုရား ပေါ်မှာ ဖိနပ်စီးနင်းတဲ့ပြဿနာပေါ်ပေါက်ပြီးနောက်ပိုင်း ယဉ်ကျေးမှုခြင်းတိုးတိုက်မိခြင်းသဘောကို နားလည်သွားခဲ့ကြပါ တယ်။ဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မတိုင်မီ အစောဆုံးယဉ်ကျေးမှုခြင်းတိုးတိုက်မိခြင်းလို့ ပြောရင်လည်းရပါတယ်။
ဆိုလိုတာက ဖော်ရွှေပျုငှာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘာသာတရားအပေါ် အလေးထားမှုက ကိုလိုနီခေတ်သမိုင်းကြောင်း ကိုပြန်လှန်ကြည့်ရင် ထင်ရှားသလို လက်ရှိအချိန်မှာလည်း နေ့စဉ် သိန်းနဲ့ချီတဲ့ဗုဒ္ဓဘာသာသံဃာတွေကို ဆွမ်းလောင်းနေ ကြတာကို မြင်နိုင်ပါတယ်။ မြန်မာစာပေနဲ့ ယဉ်ကျေးမှုထွန်းကားပုံကိုက ဗုဒ္ဓဓမ္မတွေနဲ့ဆက်နွယ်ဖြစ်ထွန်းမှုဖြစ်ခဲ့တာကြောင့် ဘာသာရေးနဲ့ ရိုးရာအစဉ်အလာယဉ်ကျေးမှုတို့ ရောထွေးနေတဲ့ပုံစံကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒါကြောင့် တချို့သာသနိကအဆောက်အအုံ့တွေမှာ အမျိုးသမီးတွေမဝင်ရတဲ့အကြောင်းဟာ အစဉ်အလာဓလေ့သာဖြစ်ပြီး ဗုဒ္ဓဓမ္မတွေနဲ့ မသက်ဆိုင်ကြောင်း၊ မြန်မာအမျိုးသမီးတွေအနေနဲ့ လူ့အခွင့်အရေးလို့ဆိုရမယ့် အခြားဘဝနဲ့သက်ဆိုင်တဲ့ဖြစ် စဉ်တွေမှာ အမျိုးသားတွေနဲ့တန်းတူ ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင်ရှောက်မှုနဲ့ တန်းတူအသိအမှတ်ပြုခံရတာကြောင့်မြန်မာနိုင်ငံမှာ ကျားမခွဲခြားမှုကြီးကြီးမားမား မရှိကြောင်း ဖော်ပြလိုက်ရပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။