မြန်မာတစ်နိုင်ငံလုံးတွင် အညာဘက်၌သာရှိသည့်ချစ်စရာဓလေ့

2020-02-19edit Min Thura Htay

ဓါတ်ပုံ - ရိုးရာနတ်ပွဲတစ်ပွဲအား တွေ့မြင်ရစဉ်

တပေါင်းလဆန်းပြီဆိုလျင် အညာဒေသ၌အလှူခံမဏ္ဍပ်များကမိုးဦးကျတွင်ပေါက်သည့် မှိုများကဲ့သို့ လမ်းဘေးတွင် အစီရီပေါ်ပေါက်လာကြပြီဖြစ်သည်။အညာဟုဆိုရာတွင် ရန်ကုန်သူရန်ကုန်သားများက မကွေး၊မင်းဘူး၊ချောက် ရေနံချောင်းကစပြီးအထက်တစ်ခွင်ကိုအညာဟုများသောအားဖြင့်သတ်မှတ်ကြသည်။သို့သော်လည်းထိုဒေသကိုဒေသခံစာရေးဆရာများနှင့် ထို့ထက် အညာကျသောဒေသက လူများကမြေလတ်ဟုခေါ်ကြပြီး၊မန္တလေး၊ပခုက္ကူမြင်းခြံ၊မုံရွာဒေသများကိုသာ အညာခေါ်တွင်ကြသည်။ထို့ပြင် မုံရွာဒေသခံအများစုကချင်းတွင်းမြစ်ညာဘက်ရှိမော်လိုက်၊မင်းကင်း၊ခန္တီးအစရှိသည့် အရပ်ဒေသကလူများကိုအညာသူအညာသားဟူ၍ခေါ်ဆိုကြပြန်။ထို့ကြောင့် အညာဟုပြောလျင် ကျယ်ပြန်သည်ဟုသာဆိုရမည်ဖြစ်သည်။

ယခုကျွန်တော်ပြောလိုသည့် အညာသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိသည့် မုံရွာနှင့်ယင်းမာပင်နယ်များကအကြောင်းကိုပြောချင်၍ဖြစ်သည်။ဆိုခဲ့သည့် အတိုင်းအထက်ပါနယ်များတွင် တပေါင်းလဆန်းသည်ဆိုရုံနှင့် လမ်းဘေးအလှူခံမဏ္ဍပ်များအစီအရီ
ပေါ်ပေါက်လာခြင်းသည် ထိုဒေသများတွင် မိရိုးဖလာရိုးရာယုံကြည်မှုဖြစ်သည့် နတ်ပွဲကြီးများကျင်းပမည့် အချိန်ကျရောက်လာခြင်း ကြောင့်ဖြစ်သည်။ဦးစွာတပေါင်းလပြည့်ပြီဆိုသည်နှင့် ယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ် အတွင်းရှိအမေကြီးခေါ်အမေရေယဉ်နတ်ပွဲ
ပင်ဖြစ်သည်။

ဓါတ်ပုံ - ရိုးရာနတ်ပွဲတစ်ပွဲအား တွေ့မြင်ရစဉ်

အမေရေယဉ်နတ်နန်းနန်းရင်းတည်ရှိရာကမောင်းတုံရွာနှင့်တောနန်းကဇီးတောတောင်ရွာတွင်တည်ရှိလေသည်။အမေရေယဉ်ပွဲကိုတပေါင်းလပြည့်နေကစတင်ပြီးလပြည့်ကျော်အထိတစ်ပတ်ကျော်ကြာကျင်းပလေ့ရှိသည်။အမေရေယဉ်ပွဲစည်သလားမေးရင် စည်မှစည်လူပေါင်းသိန်းနှင့်ချီပြီးလာရောက်ကြသည်။ထိုသို့စည်သောကြောင့် နီးစပ်ရာမြို့နယ်များ ကအမေရေယဉ်ပွဲကိုရက်ခွဲခြားကာလာရောက်ကြရန် သတ်မှတ်ချက်ထားရသည် အထိဖြစ်သည်။ဥပမာတပေါင်းလပြည့်ကျော်၅ရက်၆ရက်ဆိုလျင် ပုလဲ၊မြိုင်၊ယော၊ ပခန်းနယ်များကလာရောက်ကြရပြီးလပြည့်ကျော်ရရက်၈ရက်များတွင် ကနီ၊ယင်းမာပင်မြို့နယ်များကလာရောက်ကြရသည်။ ကျွန်တော်တို့နေထိုင်ရာရွာကယင်းမာပင်မြို့နယ်တွင်ပါဝင်သောကြောင့် အမေရေယဉ်ပွဲကို နှစ်စဉ် တပေါင်းလပြည့်ကျော်ရရက်တွင်သွားလေ့ရှိသည်။ကျွန်တော်တို့ငယ်ငယ်ကဆိုလျင် အမေရေယဉ်ပွဲကိုသွားရောက်ရန်အတွက် တစ်ပတ်ဆယ်ရက်အချိန်ယူကြရသည်။ထိုစဉ်ကလမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် လှည်းဖြင့်သွားကြရသည်။ထို့ကြောင့် လှည်းကိုပေါင်းမိုးမိုးခြင်း၊လမ်းခရီးအတွက် နွားစာများကြိုတင်ပြင်ဆင်ခြင်း၊ချက်ပြုတ်စားသောက်ရန်ပြင်ဆင်ခြင်းများဖြင့် အချိန်ယူကြရသည်။

လှည်းမရှိသူများကလည်းလှည်းရှိသူများထံအခကြေးငွေပေး၍လိုက်ကြရပြီးထိုသူတို့သည်လည်းလမ်းခရီးအတွက် အချိန်ယူပြင်ဆင်ကြရသည်။ထိုစဉ်ကအမေကြီးပွဲခေါ်အမေရေယဉ်ပွဲသို့ ဒေသအခေါ် နတ်တက်သွားခြင်းကို သုံးနှစ်တစ်ကြိမ်သွားကြရသည်။ထိုသို့သုံးနှစ်တစ်ကြိမ်နတ်တက်ရမည့်နှစ်သို့ရောက်သော်လည်း နတ်တက်ရမည့် ရွာတွင် နာရေးတစ်ခုခုသို့မဟုတ်ဘုန်းကြီးပျံရှိလျင် ထိုနှစ်အတွက် နတ်တက်လိုက်သွားရမည့် အစီစဉ်ဖျက်သိမ်းရသည်။အဘယ့်ကြောင့်ဆိုသော် နတ်တက်သွားမည့် ကျေးရွာတွင် နာရေးကိစ္စဘုန်းကြီးပျံဖြစ်လျင် ရွာမသန့်ဟူသောအယူအစွဲဖြင့် ရွာတွင်းရှိနတ်ကတော်ကရွာကနေပဲတောင်းပန်ပြီးနောက်တစ်နှစ်ကိုအစားထိုးတက်ရောက်ကြရသည်။ထို့ကြောင့် တစ်ခါတစ်ရံနတ်တက်ရန်အတွက် တစ်ရွာလုံးအလုံးစုံ ပြင်ဆင်ထားပြီးချိန် ရွာတွင် နာရေးပေါ်ပါက ထိုအစီစဉ်အားလုံးဖျက်သိမ်းလိုက်ရသည်။နာရေးမပေါ်သည့် နှစ် နတ်တက်ရမည့်အ ချိန်ရောက်လျင် အားလုံးပြင်ဆင်ပြီးပါက ကျေးရွာရှိနွားလှည်းများကနံနက်ခင်းကတည်းကပြင်ဆင်ပြီးညနေမှောင်ရီပျိုးစအချိန်တွင် ရွာမှစတင် ထွက်ခွာကြရသည်။ထိုအချိန်တွင် ကျေးရွာလမ်းတစ်လျှောက်လှည်းတမ်းရှည်ကြီးစတင်နေရာယူကြပြီးနတ်တက်သွားမည့်သူများ လိုက်ပါပို့ဆောင်သူများနတ်တက်မလိုက်ရသဖြင့် အော်ဟင်ငိုကြွေးနေသည့် ကလေးငယ်များအသံများ ခွေးဟောင်သံများဖြင့်ဆူညံနေလေ့ရှိသည်။ထိုသို့ရွာထဲတွင်အုံးအုံးကျက်ကျက်ဆူညံနေပြီး နွားလှည်းများစတင်ထွက်ခွာပြီဆိုလျင် အညာမြေ၏ထုံးစံအတိုင်းလှည်းလမ်းတစ်လျှောက်ဖုန်လုံးကြီးများတလိမ့်လိမ့်ဖြင့် ရွာကလေးကတိတ်ဆိတ်ပြီးကျန်ရစ်နေခဲ့သည်။မှောင်ရီပျိုးစတွင် နွားလှည်းဖြင့် ခရီးထွက်ခြင်း၏ အဓိကရည်ရွယ်ချက်သည် နွေနေပူပြင်းချိန်တွင် သွားပါကနွားများပင်ပန်းသဖြင့် ညခရီးအဖြစ်ရွေးချယ်သွားကြ ခြင်းဖြစ်သည်။

ထိုသို့ညနေရီမှောင်စပျိုးလှည်းတန်းရှည်ကြီးဖုန်လုံးများကြားတရွေ့ရွေ့ဖြင့် တစ်ညနှင့်တစ်နံနက်မောင်းနှင်ပြီးလျင် အမေရေယဉ်နတ်နန်းသို့ရောက်ရှိပြီဖြစ်သည်။အမေရေယဉ်နတ်နန်းသို့ရောက်ရှိလျင် အမေ့နန်းသို့ရောက်ရှိပြီဆိုကာ နွားလှည်းမှ နွားများကိုဖြုတ်ကာလူကလှည်းထမ်းပိုကိုထမ်းထားပြီး "အမေရေအမေ့ခြေရင်းဝပ်ဆင်းဦးခိုက်ဖို့ အမေ့သားသမီးမြေမြစ်များအမေ့မျက်မှောက်ရောက်ရှိပါပြီခင်ဗျား"ဟုတိုင်တည်ကာပခုံးထက်ကလှည်းဦးကိုမြေပြင်သို့ ထိုင်းကနဲ့မြည်အောင်လွှတ်ချလေ့ရှိသည်။ထိုသို့ ပြုလုပ်လိုက်သော်လည်းလှည်းပေါ်တွင်ပါရှိသည့် စားအိုးခွက်ပန်ကန်မှစရေအဆုံးကွဲခြင်းမှောက်ခြင်းဖိတ်ခြင်းမရှိဟု အမေရေယဉ်၏နယ်သားများကယုံကြည်လေ့ရှိပြီးထိုအတိုင်းပင်ပြုလုပ်လေ့ရှိသည်။

ဓါတ်ပုံ - ရိုးရာနတ်ပွဲတစ်ပွဲအား တွေ့မြင်ရစဉ်

အမေရေယဉ်နတ်နန်းသို့ရောက်ရှိလျင် မိမိအိမ်မှယူဆောင်လာသည့် အစားအသောက်များကိုချက်ပြုတ်ခြင်းအမေရေယဉ်ကို ပူဇော်ပသရန်ပြင်ဆင်ခြင်းများပြုလုပ်ကြသည်။ထိုသို့ချက်ပြုတ်ပြီးအမေရေယဉ်နတ်နန်းသို့သွားကာ ကန်တော့ပွဲအမွှေးနံ့သာပက်ဖြန်းခြင်းပြုလုပ်ပြီးအမေရေယဉ်နတ်နန်းကရေစင်ကိုသောက်ပြီးချိန်ရောက်မှ နတ်တက်ခြင်းအလုပ်ပြီးမြောက်ပြီဟုပြော၍ရသည်။သို့သော်လည်းပိုနေသည့် အချိန်များတွင် အမေရေယဉ် နတ်ပွဲကိုအမှီပြုလာရောက်ရောင်းချသည့် ဒေသထွက်ကုန်ပစ္စည်းများ ၁၂ပွဲစျေးသည်များရောင်းချသည့် ပစ္စည်းများကိုလှည့်လည်ဝယ်ယူကြလေသည်။ထိုအမေကြီးပွဲတွင် နွားလှည်းနှင့်ပတ်သက်သည့် အပိုပစ္စည်းများအဖြစ် ထမ်းပိုးတုန်းမှစပြီးနွားရိုက်သည့် ကြိမ်ဒေသအခေါ်နကန်တုတ်အထိ ဝယ်ယူနိုင်သည်။စကောစာခြင်းတောင်းပလုံးမှစပြီးနှီးကြောဖျာအလယ်မန်ကျီးသီးမှည့်အထိဝယ်ယူကြသည်။ထို၁၂ပွဲစျေးကို စိတ်ကြိုက်ဝယ်ယူပြီးလျင် ညနေစောင်းသည်အထိစောင့်ကာချက်ပြုတ်စားသောက်ကြကာအေးအေးဆေးဆေးအနားယူပြီးမှောင်စပျိုးချိန်တွင် ရွာပြန်ခရီးကိုစတင်ကြသည်။ထို့ကြောင့် အကွာအဝေးလွန်စွာအလှမ်းမဝေးသော်လည်း နွားလှည်းဖြင့် နှစ်ညအိပ်သုံးရက်ခရီးသွားကြရသည်။

ဟိုးယခင်ကလမ်းပန်းဆက်သွယ်ရေးမကောင်းသည့် ကြားကအမေရေယဉ်နတ်ပွဲတော်ကိုထိုကဲ့သို့သွားရောက်ကြရသော်လည်းယနေ့ခေတ်တွင် ထိုကဲ့သို့မဟုတ်တော့ပေ။လမ်းပန်းဆက်သွယ်ရေးကလည်းကောင်းမွန်လာခဲ့ပြီးမော်တော်ကားများလည်းများပြားလာမှုကြောင့် သွားရေးလာရေးကအလွန်လွယ်ကူသွားခဲ့ပြီဖြစ်သည်။ယခုဆိုလျင် အမေရေယဉ်နတ်ပွဲသို့ သွားရောက်လိုလျင် နံနက်ယခင်ကနှစ်ညအိပ်သုံးရက်ခရီးကဲ့သို့မဟုတ်ဘဲနံနက်စောစောကျေးရွာကထွက်မည့် ကားပေါ်တွင် အသာအယာလိုက်ပါသွားပြီးနေ့ခင်းဆယ်နာရီခန့်ရောက်လျင် အမေရေယဉ်နတ်နန်းသို့ရောက်ရှိနိုင်ပြီဖြစ်သည်။

ထိုသို့လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းယာဉ်အစီးရေပေါ်များလာခြင်းနှင့်အတူအမေရေယဉ်နတ်နန်းသို့သွားရောက်သည့် ဦးရေမှာဟိုးရှေးယခင်နှစ်များနှင့် များစွာခြားနားလာခဲ့သည်။ယခင်ကသုံးနှစ်တစ်ကြိမ်သာသွားရောက်လေ့ရှိသည့် ကျွန်တော်တို့ရွာကလူများပင်လျင် တစ်နှစ်တစ်ကြိမ်ပုံမှန်သွားရောက်နေကြပြီဖြစ်သည်။ထိုအပြင် အခြားဒေသများကလူများလည်းအမေရေယဉ်ပွဲသို့ အလွယ်တကူသွားရောက်နေကြပြီဖြစ်သည်။ထို့ကြောင့်အမေရေယဉ်နတ်နန်းသို့သွားရောက်သူများ ယခင်ထက်များစွာစည်ကားလာခဲ့ပြီးထိုသို့စည်ကားခြင်းနှင့်အတူ အမေရေယဉ်နတ်နန်းသို့သွားရာလမ်းတစ်လျှောက်အလှူခံမဏ္ဍပ်များလည်းအထက်တွင်ဆိုခဲ့သည့် အတိုင်းမိုးဦးကျမှိုများကဲ့သို့ အစီအရီပေါ်ပေါက်လာခဲ့သည်။ချင်းတွင်းတံတားမုံရွာ၊တံတားထိပ်မှစပြီးအမေရေယဉ်နတ်နန်းအထိ အလှူခံမဏ္ဍပ်မှာခန့်မှန်းခြေသုံးရာထက်မနည်းရှိမည်ဖြစ်သည်။

ထိုသို့အလှူခံမဏ္ဍပ်များပေါများသော်လည်းအမေရေယဉ်နတ်တက်ပွဲတော်အတွင် ထိုအလှူခံမဏ္ဍပ် သုံးရာခန့်၏အလှူခံမဏ္ဍပ်တစ်ခုတွင် တစ်ရာသီအလှူခံရရှိငွေမှာကျပ်သိန်းနှစ်ဆယ်အထက်တွင်ရှိသည်။ထိုသို့ အလှူခံမဏ္ဍပ်အများအပြားရှိသော်လည်းအလှူငွေအများအပြားရရှိခြင်းမှာ မြန်မာနိုင်ငံတွင်ရှိသည့် မည်သည့် အလှူခံမဏ္ဍပ်မှမပြုလုပ်သည့် ယဉ်ကျေးမှုတစ်ခုထိုဒေသတွင်ချစ်စဖွယ်ရှိသည့် အကြောင်းအရင်းကထိပ်ဆုံးတွင် ရှိမည်ဟုလည်းယုံကြည်မိသည်။အဘယ့်ကြောင့်ဆိုသော် အမေရေယဉ်နတ်နန်းသို့ သွားသည့် လမ်းတစ်လျှောက်ရှိအလှူခံမဏ္ဍပ်တိုင်းတွင် ငွေကြေးရရှိယုံအလှူခံကြသည်မဟုတ်ဘဲဒေသထွက်အစားအစာများဖြစ်သည့် ထန်းလျက်ဖြူများကြွေးမွေးခြင်း၊ကွမ်းလက်ဖက်ဆေးလိပ်ထန်းရေချိုကြိုက်နှစ်သက်သူအတွက် ထန်းရချိုများတိုက်ခြင်းထန်းရေခါးသောက်လိုသူအတွက် အခါးရေ၊မြေပဲပြုတ်၊ဆီးဖြူသီးဆားရည်စိမ်၊ဖရဲသီးစသည်တို့ စိတ်ကြိုက်သုံးဆောင်နိုင်ရန် ကြွေးမွေးကြသည်။ထိုသို့ကြွေးမွေးခြင်းအတွက် အလှူငွေထည့်ဝင်မှ ကြွေးမွေးခြင်းမဟုတ်ဘဲအလှူငွေမထည့်ဝင်ဘဲ သုံးဆောင်မည်ဆိုလျင်လည်းကြည်ဖြူသဒ္ဒါစွာကြွေးမွေးကြသည်ကချစ်စရာကောင်လှသည်။မြန်မာနိုင်ငံတနံတလျားရောက်ခဲ့ဖူးသည့်နေရာတိုင်းကအလှူခံမဏ္ဍပ်များသည် အလှူငွေရရှိရန်လော်စပီကာကျယ်လောင်စွာဖွင့်ပြီးအလှူခံဖလားဖြင့် ကားတိုင်းထိုးခံကာအလှူခံလေ့ရှိသော်လည်းအမေရေယဉ်နတ်နန်းသို့သွားသည့်လမ်းတစ်လျှောက်ကအလှူခံများကထိုသို့မဟုတ် အ ေကျွးအမွေးဖြင့် အလှူခံကြသည်။

မြန်မာလူမျိုးများသည်လည်းမိမိတွင် စားစရာမရှိလျင်သာနေအလှူအတန်းပြုလုပ်ရန်အတွက်ကိုမူမည်သူမျှ လက်တွန့်လေ့ရှိသောသူများမဟုတ်ကြပေ။ထို့ကြောင့်တစ်ကမ္ဘာလုံးတွင် အလှူအတန်းရက်ရောမှုတွင်ချမ်းသာသည့် အမေရိကန်နိုင်ငံပင် ဆင်းရဲသည့် မြန်မာနိုင်ငံကိုမမီကြောင့်အလှူအတန်းရက်ရောမှုအရှိဆုံးနိုင်ငံများစာရင်းစစ်တမ်းများတွင်တွေ့ရှိနိုင်သည်။

အမေရေယဉ်နတ်နန်းသို့သွားသည့်လမ်းတစ်လျှောက်ကအလှူခံများနည်းတူ ကျွန်တော်တို့ရွာသည်လည်း နှစ်စဉ် အလှူခံမဏ္ဍပ်တစ်ခုပြုလုပ်လေ့ရှိသည်။ထိုကြောင့် ထိုအလှူခံမဏ္ဍပ်များအကြောင်းကိုကောင်းစွာသိပါသည်။ကျွန်တော်တို့ရွာသည် ချင်းတွင်းတံတားအနီးက အောင်မိုးကျေးရွာဖြစ်ပြီးအမေရေယဉ်နတ်ပွဲအတွင်းအလှူခံမဏ္ဍပ်တစ်ခုဆောက် လုပ်လေ့ရှိသည်။ထိုသို့အလှူခံမဏ္ဍပ်ဆောက်ပြီးလျင်ကျေးရွာအတွင်းရှိ အသံချက်စက်သမားထံအသံချဲ့စက်ငှားရသည်။ ထိုသို့အသံချဲ့စက်ငှားသော်လည်းအသံချဲစက်ဆရာက စက်ဖိုးကိုအပြည့်အဝမယူချေ။ကျေးရွာအတွက် အလှူခံခြင်းဖြစ်သောကြောင့် စျေးနှုန်းသက်သက်သာသာဖြင့် ငှားယမ်းပေးသည်။ထို့ပြင်ကျေးရွာရှိကာလသားခေါင်းများကအလှူခံရန် လူငယ်နှင့် အမျိုးသမီးငယ်များကအလှည့်ကျကျေးရွာအတွက် လုပ်အားပေးတာဝန်ထမ်းဆောင်ပေးကြရသည်။အလှူခံရရှိသည့်ငွေများကို စနစ်တကျထိန်းသိမ်းထားအလှူခံပေးသူများအတွက် ထမင်းကျွေးမွေးစရိတ်အတွက်ပင်အသုံးမပြုပေ။အလှူခံပေးသူများအတွက် အကြွေးအမွေးကိုရွာက လှူတန်းချင်သူများကဆန်ရှိသူကဆန်လှူ၊ဆီရှိသူကဆီလှူဟင်းချက်စရာအဆုံး တစ်ရွာလုံးက လှူတန်းကြသည်။ထို့ပြင် အလှူခံမဏ္ဍပ်တွင်ကျွွေးမွေးရန်အတွက် မြေပဲဖော်ထားသူကမြေပဲတစ်တင်းတစ်ခွဲ လှူဒါန်းကြသကဲသို့ ဖရဲသီးစိုက်သူကဖရဲသီးလှူ ထန်းတက်သမားများကထန်းရည်အချိုအခါးကစပြီးထန်လျှက်အထိလှူဒါန်းသောကြောင့် အလှူငွေရရှိသည့် ငွေကအသားတင်ကျန်သည်ဟုပြောနိုင်သည်။

အမေရေယဉ်နတ်ပွဲတော်သည် တပေါင်းလဆန်းကစတင်သော်လည်း ပြီးဆုံးသည့်ရက်မှာတပေါင်းလပြည့်ကျော် ၈ရက်တွင် အဆုံးသတ်သည်။ထိုအတောအတွင်းတွင် အလှူခံရရှိသည့် ငွေမှာမဏ္ဍပ်တစ်ခုလျင် ကျပ်သိန်းနှစ်ဆယ်မှ ကျပ်သိန်းလေးဆယ်ခန့်ရရှိကြလေသည်။ကျွန်တော်တို့ရွာတွင်လည်းဘုရားကျောင်းကန်သိမ်မှစပြီးကျေးရွာစာကြည့်တိုက်အထိထိုအလှူခံရရှိသည့် ငွေသည့် တစ်ထောင့်တစ်နေရာကအထောက်အပံကောင်းဖြစ်ခဲ့ပါသည်။ထိုလပြည့် ကျော်၈ရက်အမေရေယဉ်နတ်ပွဲပြီးလျင် အလံဘိုးတော်ကြီးပွဲရောက်ရှိလာပြီဖြစ်သည်။မြန်မာနိုင်ငံနတ်သမိုင်းဆရာအချို့ကလည်း အမေရေယဉ်နှင့် အလုံဘိုးတော်ကြီးသည် မောင်နှမတော်သည်ဟုရေးသားသူများလည်းရှိသည်။နတ်သမိုင်းများနှင့်ပတ်သက်ပြီးမည်သူမျှ တိတိကျကျမပြောနိုင်သော်လည်းတပေါင်းလပြည့်ကျော်၈ရက်ရောက်လျင် ကျွန်တော်တို့ရွာကအမေရေယဉ်သည် အလုံဘိုးတော်ကြီးပွဲကိုကြွရောက်လာလေ့ရှိသည်ဟုယုံကြည်ကြသည်။ထို့ကြောင့် တပေါင်းလပြည့်ကျော်၈ရက်ရောက်လျင် ကျွန်တော်တို့ရွာကအလုံဘိုးတော်ကြီးပွဲသို့ကြွရောက်လာမည့် အမေရေယဉ်ကိုကြိုဆိုသောအားဖြင့် မုန့်ဖြူမုန့်နီစားဖွယ်ရာများဖြင့် အမေကြီးကြိုပွဲဟုဆိုကာလယ်ကွင်းပြင်များကကြိုဆိုကြသည့် ဓလေ့ယနေ့တိုင်ရှိသေးသည်။

နတ်ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ယုံကြည်မှုရှိသူအများအပြားရှိသကဲ့သို့ လုံးဝအယုံအကြည်မရှိသူလည်းများစွာရှိပါသည်။အယုံအကြည်ရှိခြင်းမရှိခြင်းထက် ထိုဓလေ့လေးထဲကချစ်စရာများစွာရှိသည်ကတော့ ငြင်း၍မရနိုင်ဟုယုံကြည်မိသည်။ထိုအညာဒေသရှိနတ်ပွဲများသည် အညာဓလေ့ ထုံးစံများနှင်ဆိုလျင် ယုံကြည်ကိုးကွယ်သူများအနေနှင့် ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင်ကျင်းပသောကြောင့် နတ်ပွဲတော်များတွင် တောင်သူလည်သမားတို့ငွေကြေးဖောဖောသီသီသုံးစွဲနိုင်သည့် ကာလလည်းဖြစ်သည်။ ဟိုစဉ်ကလူသုံးစားသောက်ကုန်ရှားပါးသည့်အချိန်တွင် ထိုနတ်ပွဲများသည် အဓိကုန်စည်ဖလှယ်ရာဖြစ်ခဲ့သည်ကလည်းငြင်းမရနိုင်သည့်အချက်လည်းဖြစ်ခဲ့သည်။နတ်ပွဲများနှင့်ပတ်သက်ပြီး ယုံကြည်ခြင်းမယုံကြည်ခြင်းနှင့်ပတ်သက်ပြီးငြင်းခုံလိုခြင်းထက် ဟိုးငယ်စဉ်ကနတ်ပွဲသွားသည့် အခြေအနေများနှင့် လက်ရှိပြောင်းလဲသွားသည့် အခြေအနေများကိုသတိရလွမ်းမောမိသဖြင့် ရေးသားရခြင်းလည်းဖြစ်သည်ဟုဆိုချင်ပါသည်။

 

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာတစ်နိုင်ငံလုံးတွင် အညာဘက်၌သာရှိသည့်ချစ်စရာဓလေ့
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း