ရှင်လောင်းသွင်းခြင်း

2020-05-04edit MingalaGO

ဗုဒ္ဓရုပ်ပွားတော်မြတ်၏ရှေ့တွင် လက်အုပ်ချီခါ စီတန်းရပ်နေသော မောင်ရှင်လောင်းငယ်များ၏နောက်ပါးတွင် အဖြူ ရောင်တိုက်ပုံဝတ်ဆင်ကာ အလွန်လွမ်းဆွေးစရာကောင်းလှသော တစ်စုံတစ်ရာကို ဆွေးဆွေးမြေ့မြေ့ ရွတ် ဆိုနေသည့်အဖိုးအို၏သဏ္ဌာန်က လူပရိသတ်များ၏အကြားတွင် ထူးထူးခြားခြား ထင်းနေသည်။ ဗုဒ္ဓ ရုပ်ပွား တော်ရှေ့ ထိုင်ခုံဖြင့် သီတင်းသုံးနေသာ သံဃာများသည် မျက်နှာမကောင်းလှပေ။ သံဃာများ ရှေ့တွင် ထိုင်နေ သော ရှင်လောင်းများ၏ ဒါယိကာ၊ ဒါယိကာမများ၊ မိဘဆွေမျိုးများနှင့် ဧည့်ပရိသတ်များသည်လည်း အဖိုးအို ရွတ်ဆိုနေသော ထိုလွမ်းဆွတ်ဆွေးမြေ့ဖွယ်ကောင်းလှသော အသံကို နားဆင်ရင်း မျက်လုံးများတွင် မျက်ရည် များသီဝေ့ကာ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေ ဟန်ရှိပေသည်။ အသက်ကြီးအဘွားအိုတစ်ချို့က ပုခုံးပေါ် တွင် တင်ထားသော မျက်နှာသုတ်ပုဝါကို ယူကာ မထိန်းနိုင် မသိမ်းနိုင်ကျဆင်းလာသော မျက်ရည်များကို ခိုးသုတ် နေကြသည်။  ထိုမြင်ကွင်းသည် အထက်အညာဒေသတစ်ခု၏ ရွာဦးကျောင်းတွင် ပြုလုပ်နေသော ရှင်လောင်းသွင်း အခမ်းအနားတစ်ခု မြင်ကွင်းတစ်ခုပင် ဖြစ်ပါသည်။

မြန်မာ့တို့၏ ယဥ်ကျေးမှုဓလေ့တစ်ခုဖြစ်သော ထုံးတမ်းစဉ်လာများထဲတွင် မိမိတို့၏ ရင်သွေးငယ် များအား မြတ်ဗုဒ္ဓ၏ သာသနာတွင်းသို့ သွတ်သွင်းကာ ရှင်သာမဏေပြုပေးသည့် အခမ်းအနားလည်း တစ်ခုအပါ အဝင်ဖြစ် ပေသည်။ ထိုရှင်ပြုအခမ်းအနားတွင် ရှင်လောင်းသွင်းခြင်းသည်လည်း အစီအစဉ် တစ်ရပ်အဖြစ် ပါဝင်လေသည်။ ရှင်လောင်းသွင်းခြင်းသည် မောင်ရှင်လောင်းအား ဝတ်စားဆင်ယင်စေလျက် ပရိသတ် စုံညီရှေ့ တွင် နေစေကာ  ဘေးရန်ကင်းအောင်  သံဃာတော်များ  ပရိတ်ရွတ်ဖတ်ထားသော မင်းကိုချည်ကို လည်ပင်း တွင်စွပ်၍ မန္တာန်ရွတ်ဆိုကာ ဘိသိက်သွန်းခြင်းဖြစ်သည်။ ထိုချည်သည် မောင်ရင်လောင်းအား ဘေးဉပါဒ် ရန်မာန်အပေါင်းမှ ကင်းငြိမ်းစေနိုင်‌သည်။ ထို့နောက် ရှင်ပြုရန် သံဃာ‌ဘောင်သို့ ဝင်ပါရမည့်အကြောင်း သံဃာတော်အပေါင်းအား ခွင့်တောင်းလျှောက်ထားခြင်းလည်း အပါအဝင်ပင်ဖြစ်သည်။ ထိုသို့ လျှောက်ထားသည့်အကြောင်းကို ပါဠိဘာသာ ဖြင့် ရွတ်ဆိုလျှောက်ထားသကဲ့သို့ ပါဠိ မြန်မာနှစ်ဘာသာြဖင့် လျှောက်ထားခြင်း များလည်း ရှိပေသည်။ ရွတ်ဆို သည့်အကြောင်းများမှာ ဘုရားအလောင်း သိဒ္ဓိတ္တမင်းတောထွက်ခန်း၊ မဟာဒုက် ဇာတ်၊ ဝေဿန္တရာဇာတ်နှင့် ရတု များကို ရွတ်ဆိုခြင်းဖြစ်ပေသည်။ ရှင်လောင်းသွင်းရတု များကို ရွတ်ဆိုရာတွင် သာမန်ရတုများကို ရွတ်ဆို သည့်အသံနှင့်မတူခြားနားသည်။

ထိုသို့ ရှင်သာမဏေပြုပေး ထိုကောင်းမှုကို အကြောင်းပြုကာ မိဘမောင်ဘွား ဆွေမျိုးမောင်နှမများ ဆုံဆည်းကာ အတူတကွ ပျော်ရွှင်ကာ ကုသိုလ်အဖို့ဘာဂရယူသည့် အချိန်ကာလလည်းဖြစ်ပေသည်။ ထိုကောင်းမှုအဖို့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအဖို့  နောင်ဖြစ်လေရာ ဘဝအဆက်ဆက်တွင် ကောင်းကျိုးခံစားရသည်ဟု ယုံကြည်ကြကာ နောက်ဆုံးပန်းတိုင်အဖြစ် သံသရာချုပ်ငြိမ်းခြင်းဟူသော အမြိုက်နိဗ္ဗာန်သို့ ဆိုက် ရောက်ကြ သည် ဟု ယုံကြည်ကြလေသည်။ ထိုသို့သော အချိန်တွင် အလှူရှင်မိသားစုများအနေဖြင့် ကွယ်လွန် အနိစ္စရောက် ရှိသွားကြသော မိဘမောင်ဖွားများကို အထူးတလည် သတိရလွမ်းဆွတ်ကြသော အချိန် လည်းဖြစ်ပေသည်။ မိဘမောင်ဖွားများသာ သက်ရှိထင်ရှားရှိပါက ထိုကောင်းမှုအဖို့ကို  မိမိတို့နှင့် ထပ်တူရရှိကာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရမည့်အရေးကိုလည်း တွေးဆကာ အကြွေစောလှချည်လားဟု ရင်ထုမနာဖြစ်ရသည့်ကာလလည်း ဖြစ်ပေ သည်။

''သံသရာ ဘဝခြားလျှင်ဖြင့်၊ အပယ်ရွာ မောင်မသွားရအောင်၊ ကရုပ်စုံ သဘင်ကျင်းပါလို့၊ သွတ်သွင်းသည့် သာသနာ၊ မင့်ဘိုးအေမြတ်နှစ်ပါးရယ်နှင့်၊ မောင့်ဘွားအေ မပါငြားရော့ထင်၊ အားလျော့လို့ စိတ်မရွှင်၊ ခုခါပင် တုန်လို့ရှိုက်ပါပေါ့၊ ငိုလိုက် ကြ ကျွက်ကျွက်ညံ၊ ပွက်ပွက်သံ သည်အတွင်းမှာလ၊ ဘိဓမ္မာသိသာဖို့အခင်းကိုတော့၊ မြိုက်ရသာ နိဗ္ဗာန်ချဥ်းရအောင် လင်းခဲ့မယ်လေး"

ယခုဘဝကွယ်လွန်လျှင် နောက်ဖြစ်လေရာဘဝများတွင် အပယ်လေးဘုံဟု ခေါ်တွင်သော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံများတွင် မဖြစ်စေရန် ရည်ရွယ်၍ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သော ရှင်ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှင့်သည့်  အခမ်းအနားတွင် အဘိုးအဘွားတို့ စုံညီစွာတက်ရောက်ရမည်ဖြစ်သော်လည်း ကွယ်လွန် အနိစ္စ ရောက်ခဲ့ပြီဖြစ်သော အဘွားဖြစ်သူမပါတော့သဖြင့် စိတ်မချမ်းမသာဖြစ်ပြီး ကျွက်ကျွက်ညံအောင် ငိုကြွေး နေရသည့် အချိန်အခါတွင် ကျန်သက်ရှိထင်ရှားရှိနေသူများအဖို့ လောကုတ္တရာဆင်းရဲနှင့် မတွေ့ကြုံကြ စေရန် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားတော် မြတ်ကို ကျင့်ကြံပွားများနိုင်အောင် နာကြစို့လေးဟု နိဗ္ဗာန်သွား ရန် ဖို့ရတုကို အဘိုးအိုက ဆွဲဆွဲငင်ငင်၊ ပျစ်ပျစ်ချွဲချွဲကြီး သီဆိုနေပေရာ အလှူ့ရှင် အလှူ့အမတို့အဖို့ သွားလေ သူများ ကို တမ်းတကာ မျက်ရည်မဆည်နိုင်ဖြစ်ကြရပေသည်။ နဂိုကပင် လွမ်းရိပ်ထင်နေသည့်  ရတုကို  အဆိုရှင် ၏  အဆိုပညာဖြင့်  ထပ်မံခြယ်မှုန်းလိုက်ချိန်တွင်  နားသောတဆင်နေရသူများအတွက် နှလုံးအိမ်သည် မည်သို့မျှ ဆောက်တည်မရနိုင်ဘဲ ဆွေးရိပ်သာ ဆင်နေပါတော့သည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ပျောက် ကွယ် သွားပြီဖြစ်သော ရှင်လောင်းသွင်းဓ‌လေ့ကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းတို့တွင်သာ တွေ့ရှိနိုင်တော့သည်။ ယခုမြင်ကွင်းကား ဝမ်းတွင်းမြို့နယ် ရွှေတွင်းတူဆည်ရွာတွင် ပြုလုပ်သော ရှင်ပြုအခမ်းအနားတစ်ခု၏ လွမ်းဆွတ် တမ်းတဖွယ်ကောင်းသော မြင်ကွင်းပင်ဖြစ်ပါသည်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရှင်လောင်းသွင်းခြင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း