မြန်မာ့ကဆုန်ညောင်ရေသွန်းပွဲ
2020-05-06edit MingalaGOကမ္ဘာပေါ်ရှိနိုင်ငံတိုင်းလူမျိုးတိုင်းမှာသူ့နိုင်ငံသူ့လူမျိုးနဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ်ပွဲတော်တွေသာမက ရိုးရာပွဲတော်တွေလည်းရှိကြပါတယ်။ အဲဒီရိုးရာပွဲတော်တွေကို ယနေ့တိုင်အစဉ်အလာမပြတ်ထိမ်းသိမ်းကျင်းပလျက်ရှိတာကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံက ပွဲတော်များတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ဟူ၍ကမ္ဘာတွင်လူသိများပါတယ်။ အဲဒီပွဲတော်တွေထဲမှာ ကဆုန်လ ညောင်ရေသွန်းပွဲတော်က အလွန်ထူးခြားပြီးမွန်မြတ်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကဆုန်လက အင်္ဂလိပ်ပြက္ခဒိန်နဲ့ ဆိုရင်တော့ မေလမှာကျရောက်ပါတယ်။ ကဆုန်လညောင်ရေသွန်းပွဲတော်ဟာ ရှေးမြန်မာမင်းများလက်ထက်ကတည်းက ကျင်းပခဲ့တဲ့ အထင်ကရပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ကဆုန်လဟာ မြန်မာ့ဆယ့်နှစ်လရာသီမှာ ဒုတိယမြောက်လရာသီ ဖြစ်ပါတယ်။ ညောင်ရေသွန်းပွဲတော်ရဲ့အဓိကမှာ မဟာဗောဓိညောင်ပင်ဖြစ်ပါတယ်။
ဓါတ်ပုံ - (နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲတော်ဆင်နွှဲသူများဖြင့် စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင် တိတ်ဆိတ်နေသည့် သမိုင်းဝင်ရွှေမှော်တင်စေတီတော်မြတ်(မှော်ဘီ)ရှိ ဗောဓိညောင်ပင်မြင်ကွင်း)
မြန်မာနိုင်ငံက ဘုရားစေတီတွေကို သွားရောက်လည်ပတ်ပါက သင်အနေနဲ့ အသေအချာသတိထားကြည့်ရင် ဘုရားပရဝဏ်အတွင်းမှာ အနည်းဆုံးဗောဓိညောင်ပင်တစ်ပင်တော့ရှိစမြဲပင်ဖြစ်ပါတယ်။အဲဒီဗောဓိညာင်ပင်ကလည်း ညောင်ရေသွန်းပွဲတော်အဓိကဖြစ်ရခြင်းမှာဗုဒ္ဓမြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရန်အထောက်အပံ့ဖြစ်စေခဲ့တာကြောင့်ပင်ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟုခါ်ဆိုကြတယ်။ လပြည့်နေ့တွင်ဘုရားပုထိုးစေတီများမှာ လူငယ်လူရွယ်တွေသာမက လူကြီးတွေပါ ဘုရားပရဝဏ်ထဲရှိ ညောင်ပင်မှာ ညောင်ရေသွန်းလောင်းကြပါတယ်။ပုဂံခေတ်နှင့်ပင်းယခေတ်ကပင်စတင်ခဲ့ဟန်ရှိပါတယ်။ အင်းဝခေတ်မှာ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ကြီးမှူးပြီး ညောင်းရေသွန်းပွဲတော်ကို ကျင်းပပေးခဲ့ပါတယ်။
ဓါတ်ပုံ -( ပူပြင်းလှသော ကဆုန်လရာသီကို သဘာဝကြံရည်ဖြင့် အံ့တုနေသော ယောဂီတစ်ဦး )
ကျွန်တော်တို့ မိရိုးဖလာဗုဒ္ဓဘာသာအယူအဆအရ ကဆုန်လပြည့်နေ့ မှာ ညောင်ရေသွန်းလောင်းရင် အပါယ်တံခါးပိတ်တယ်လို့ အယူအဆရှိကြပြီး အဲဒီညောင်ပင်က ညောင်ကိုင်းတွေကို ဝါးလုံးနဲ့ဖြစ်ဖြစ် ညောင်ထောက်ရင် အသက်ရှည်လို့လည်း အယူအဆ ရှိကြပါတယ်။
ဓါတ်ပုံ -( ကဆုန်ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော ရွှေတိဂုံစေတီတော် မြတ်မှ ပွဲတော်မြင်ကွင်း )
မြန်မာပြည်ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံဘုရားမှာ ကျင်းပတဲ့ ရွှေတိဂုံဘုရားညောင်ရေသွန်းပွဲတော်ဆိုရင် အလွန်စည်ကားတဲ့ ပွဲတော်ကြီးပဲ ဖြစ်ပါတယ်။
လပြည့်နေ့ညောင်ရေသွန်းပွဲတော် ကို လာရောက်ကြတဲ့ ဘုရားဖူးတွေကို အမောပြေအအေးစတုဒီသာလည်း တိုက်ကျွေးပါတယ်။ ညောင်ရေသွန်းလောင်းနေတဲ့ ရဟန်တွေနဲ့ လူကြီးလူငယ်တွေကိုလည်း နိုင်ငံခြားသားခရီးသွားများကတအံ့ တသြဓာတ်ပုံတွေ ရိုက်လေ့ ရှိကြပါတယ်။ ဒါ့အပြင် တောင်ပေါ်ဒေသတွေမှာ ကဆုန်လဆိုရင် ရာသီဥတုအလွန်သာယာသလို ပင်လယ်ပြင်မှာလည်း လေငြိမ်ပြီး မုန်တိုင်းလည်းကင်းစင်တာကြောင့် ကဆုန်လမှာ ခရီးသွားလိုပါက တောင်ပေါ်ဒေသတွေနဲ့ ပင်လယ်ကမ်းခြေတွေက အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။