ဝဿန်မိုးရဲ့ မြူမှုန်တွေကြားက ကျော်ဖြတ်ရမယ့် တောင်ကိုးလုံး

2020-05-19edit Htoo

ကျွန်တော် သိသလောက် လူတော်တော်များများက ဝဿန်ကာလ မိုးရာသီ ရောက်ပြီဆို သဘာဝပတ်ဝန်းကျင်နှင့် နီးနီးနားနား နေရာတွေကို ခရီးသွားဖို့ တွေဝေတတ်ကြတယ်။ တောထဲတောင်ထဲ မှာ မိုးရွာရင် ဒုက္ခ ဆိုပြီး တွေးပူတတ်ကြသည်။ ဒါကြောင့် မိုးရာသီမှာ ခရီးသွားတော့မယ် ဆိုရင် သဘာဝပတ်ဝန်းကျင် နှင့် နီးနီးနားနား သွားမယ့် အစား မြို့ပြကိုဘဲ ရွေးချယ်တတ်ကြတာ ကို တွေ့ရမှာပါ။

ကျွန်တော်ကတော့ ဒီတစ်ခေါက် ဝဿန်မိုးနှင့် အတူ မြူခိုးတွေကြား စွန့်စားရတဲ့ ခံစားမှုလည်း ရရမယ်။ သဘာဝပတ်ဝန်းကျင်နှင့် တကွ ဒေသခံတို့ရဲ့ လူနေမှုကို ထဲထဲဝင်ဝင် ခံစားနိုင်မယ့် မိုးရာသီနှင့် အထူး သင့်လျှော်တဲ့ Trekking ခရီးလေး တစ်ခု လျှောက်ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဒီ Trekking လမ်းကြောင်းလေးဟာ ကိုယ် မနှစ်ကတည်းက လျှောက်ခဲ့ပြီးသား လမ်းကြောင်းလေးပါ။ ကိုယ်တွေရဲ့ Trekking မင်းသား - ဦးဦးရဲ ရှာဖွေထားတဲ့ လမ်းကြောင်း တစ်ခုပေါ့။ အဲဒါကတော့ မိုးရာသီ အတွက် အထူးစပယ်ရှယ် လမ်းကြောင်း ဖြစ်တဲ့ ကိုယ်တောင် ကြိုက်လွန်းလို့ ဒီနှစ်မှာ ဒုတိယအကြိမ် ထပ်လျှောက်ဖြစ်တဲ့ တောင်ကိုးလုံး ဆိုတဲ့ Trekking Route ဘဲ ဖြစ်ပါတယ်။

ဒါနှင့် ပြောရအုန်းမယ် ... တောင်ကိုးလုံး ခရီးစဉ်ကလေ ... ကျွန်တော် မနှစ်က ရာသီကုန်ခါနီးမှာ တစ်ခေါက်၊ ဒီနှစ် ရာသီ အစမှာ တစ်ခေါက် နှစ်ခေါက်တောင် လျှောက်ခဲ့ဖူးတာမို့ ဓာတ်ပုံတွေကတော့ ရောနေလိမ့်မယ်။ နေရာတွေ တူပေမယ့် အကျီင်္ တွေ ကတော့ ကွဲနေလိမ့်မယ်နော်။ ဒါလေးတော့ သည်းခံပေးပါလို့။

ကဲ ... ကျွန်တော်နှင့် အတူ တောင်ကိုးလုံးကို ကျော်ဖြတ်ကြရအောင်။

တောင်ကိုးလုံးဆိုသည်မှာ

လူတော်တော်များများက တောင်ကိုးလုံးလို့ ဆိုလိုက်တာနှင့် လန့်သွားတတ်ကြတယ်။ တောင်ကိုးလုံး ဆိုတဲ့ နာမည်ကလည်း စီးတာကိုး ... တကယ်တော့ တောင်ကိုးလုံးဆိုတာ ပထမတောင် တစ်တောင်သာ အလွန်ဆုံး တစ်နာရီခန့် တက်ရပြီး ကျန်တဲ့ တောင်တွေက တောင်စဉ်တောင်တန်းအလိုက် နိမ့်ချည်မြင့်ချည် တက်ရတဲ့ တောင်စဉ်တောင်တန်း ကိုးလုံးပါ။ တောင်ကြီး ကိုးလုံးကို တက်ရတာ မဟုတ်ဘဲ တောင်စဉ်တောင်တန်း ကိုးလုံး ဆိုတော့ ပုံမှန် ကျန်းမာပြီး လေ့ကျင့်ခန်း လုပ်နေကျ လူတိုင်း တက်ရောက်နိုင်တဲ့ Trekking Route တစ်ခုပါ။

တောင်ကိုးလုံးဟာ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်ကို ခြားနားထားတဲ့ နယ်နမိတ်စည်းမျဉ်းလည်း ဖြစ်ပါတယ်။ တစ်ဖက်က မန္တလေးတိုင်းက တောင်တန်းတွေရယ် နှင့် တစ်ဖက်က ရှမ်းရိုးမတောင်တန်းကြီးက စိတ်ပင်ပန်းတွေကို အမောပြေစေမှာပါ​၏။ ဒါ့အပြင် တောင်ကိုးလုံးကို မိုးရာသီ တက်မယ်ဆိုရင် အနီးအနားက ရွာတွေရဲ့ လှေကားထစ် စပါးစိုက်ခင်းတွေကို တစ်မျှော်တစ်ခေါ် မျက်စိတစ်ဆုံးကို တွေ့မြင်ရမှာပါ။ အဲဒါကြောင့်လည်း တောင်ကိုးလုံးက မိုးရာသီအတွက် အကောင်းဆုံး Trekking လမ်းကြောင်းတစ်ခု ဖြစ်နေတာပေါ့။

တောင်ကိုးလုံးပေါ်ကို သွားကြမယ်

တောင်ကိုးလုံး Trekking လမ်းကြောင်းကို သွားမယ် ဆိုရင် အဓိကကတော့ ကလောမြို့လေးကို ရောက်အောင် အရင်လာရမှာပါ။ ရန်ကုန်ကနေ လာမယ်ဆို အဓိကကတော့ ကားနှင့် လာတာပေါ့။ ရန်ကုန် - တောင်ကြီး ညကားကို အထူးကားဘဲ စီးစီး၊ ရိုးရိုးကားဘဲ စီးစီး မနက်စောစော ၅ နာရီ ပတ်ဝန်းကျင်လောက်မှာ ကလောကို ရောက်ပါလိမ့်မယ်။ ကလောရောက်တာနှင့် ဦးရဲ ဆီမှာ တောင်ကိုးလုံးအတွက် ဘိုကင်တင်ထားပြီးသားဆိုရင် ကားဂိတ်မှာ ဦးရဲ တို့အဖွဲ့က လာကြိုပေးပါတယ်။ ပြီးတာနှင့် ခဏနားမယ့် နေရာဖြစ်တဲ့ တည်းခိုဆောင် (ဒါမှမဟုတ်) ဦးရဲအိမ်ကို လိုက်ပို့ပေးပြီး အဲဒီမှာ မျက်နှာသစ် ခြေလက်ဆေးနိုင်ပါတယ်။

အဲဒီနောက် မနက်စောစော ၇ နာရီ ခွဲလောကို ဦးရဲက လူပြန်စုပြီး ကလောစျေးကို ခေါ်ကာ မနက်စာ ကျွေးပါတယ်။ Trekking လျှောက်ဖို့ စစ်ဖိနပ်ဝယ်မယ့် သူတွေကလည်း ကလောစျေးမှာဘဲ တစ်ခါတည်း ဝယ်နိုင်ပါတယ်။ ကဲ ... စားပြီးသောက်ပြီး အားလုံးလည်း အဆင်သင့် ဖြစ်ရင်တော့ တောင်ကိုးလုံးကို ကျော်ဖြတ်ဖို့ တောင်ခြေကို ရွာလေးကို အရင် သွားကြတာပေါ့။

တောင်ကိုးလုံး ကို ကျော်ဖြတ်ကြမယ်

ကလောမြို့လေးကနေ တောင်ကိုးလုံးပေါ်ကို စတင်တက်ရောက်ရမယ့် တောင်ခြေက ရွာလေးကို ကားနှင့် မိနစ် နှစ်ဆယ်ကျော်လောက် သွားရပါတယ်။ တောင်ခြေရွာလေးကို ရောက်တာနှင့် ဦးရဲက တောင်တက်ရာမှာ လိုအပ်တာတွေ၊ သတိထားရမယ့် အရာတွေကို ရှင်းပြပါတယ်။ ပြီးတာနှင့် တောင်ကိုးလုံးပေါ်ကို စတက်ဖို့ ပြင်ကြတာပေါ့။

ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း တောင်ကိုးလုံးရဲ့ အစ ပထမတောင်ကတော့ မိနစ် သုံးဆယ် ကျော်လောက် တက်ရပါတယ်။ ကျွန်တော်ကတော့ နားလိုက် တက်လိုက် ဓာတ်ပုံရိုက်လိုက်နှင့် ထုံးစံအတိုင်း နောက်ဆုံးပေါ့။ ပထမ တောင်ပေါ်ရောက်တာနှင့် တစ်ဖက်က မန္တလေးတိုင်းရယ်၊ တစ်ဖက်က ရှမ်းပြည်နယ်ရယ်ကို စတင်တွေ့ရပြီ ဖြစ်ပါတယ်။ ပထမတောင်ထိပ်မှာ ဓာတ်ပုံရိုက်ဖို့တော့ မမေ့ခဲ့ကြနှင့်နော်။

ပထမတောင် ကျော်ပြီးတာနှင့် ဆက်သွားရမယ့် တောင်တွေကတော့ နှိမ့်ချည်မြင့်ချည် နှင့် သိပ်မတက်ရတော့တဲ့ တောင်စဉ်တောင်တန်းတွေပါ။ ကျွန်တော် သိသလောက် ငါးလုံးမြောက်တောင်နှင့် ခြောက်လုံးမြောက်တောင်တွေကတော့ အမြင့်ဆုံးပါ။ တစ်ချို့နေရာတွေမှာတော့ အဆင်းခက်တာမို့ ခြေထောက်လေးကို ဘရိတ်တော့ နည်းနည်း ထိန်းပေးရတယ်။

အဲဒီ တောင်စဉ်တောင်တန်းကြီး အဆုံးနားမှာတော့ တစ်ဖက်က ချောက်ကြီးကို တွေ့နေရတဲ့ ကမ်းပါးယံကြီးကို ဖြတ်ရပါတယ်။ အသည်းတယားယား ရင်တဖိုဖို နှင့်ပေါ့။ တောင်ကိုးလုံးပေါ်မှာ အပင်အနေနှင့်ကတော့ ထင်းရှူးပင်တွေကို တွေ့ရတာများပြီး မိုးရာသီဆို စားလို့ရတဲ့ ထင်းရှူးမိှုတွေလည်း မြင်ရပါတယ်။ တောသစ်ခွနှင့် တစ်ချို့ပန်းမျိုးစုံတွေကတော့ ပါမဖြစ်ပေါ့။

တောင်ကိုးလုံးကနေ အဆင်း နေ့လည်စာ စားရင်း နားရမယ့် ရွာကို အဝင်မှာတော့ ထင်းရှူးတောအုပ်လေးကို ဖြတ်သွားရတာကတော့ တောင်ကိုးလုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အပိုဆုလာဘ်ပေါ့။ ဪ .... အဲဒါ ထင်းရှူးတောရှိတဲ့ ကိုးလုံးမြောက် တောင်အဆင်းကို နောက် ရှုခင်းတစ်ခုအမြင်နှင့် ကြည့်ချင်ရင်တော့ ဖြတ်မဆင်းဘဲ အဲဒီ ကိုးလုံးမြောက်တောင်ကို ကွေ့ပိုက်ပြီး သွားလို့ရပါတယ်။

စပါးခင်းတွေနှင့် လှပနေတဲ့ ကလောရဲ့ ကျေးလက်ဒေသ

ကျွန်တော်တို့ တောင်ကိုးလုံးကို ကျော်ဖြတ်အပြီးမှာတော့ နေ့လည်စာစားရမယ့် ရွာလေးကို သွားရပါတယ်။ ကလောနားက ရွာတွေကို Trekking လျှောက်ရင် ကျွန်တော့် စိတ်ထဲ ကြည်နူးမိတာ တစ်ခု ရှိတယ်။ အဲဒါကတော့ ရွာထဲဝင်တာနှင့် တောသူတောင်သား တွေရဲ့ တောင်ယာစိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြင်ကွင်းတွေနှင့် သူတို့ရဲ့ အပြုံးတွေဘဲ။

ကျွန်တော်တို့ နေ့လည်စာစားရမယ့် ဘုန်းကြီးကျောင်း ကတော့ ရွာအလည်နားလောက်မှာ ရှိပါတယ်။ နေ့လည်စာ ဆိုမှ ဦးရဲရဲ့ Trekking Package မှာပါတဲ့ အစားအသောက်ကတော့ ရှယ်ပါဘဲနော်။ ကိုယ်တွေဆို တစ်ခါတစ်လေ ကလောရောက်လို့ ရှိရင်တောင် Trekking မလျှောက်လည်း ဒါလေးတော့ ချက်ကျွေးပါ ပြောရတယ်။ အစားအသောက် ဓာတ်ပုံတွေကိုတော့ အောက်မှာသာ ကြည့်တော့။ စားပြီးသောက်ပြီးရင်တော့ တစ်နာရီလောက် ဘုန်းကြီးကျောင်းမှာ ကျောခင်းရင်း တစ်ထောက်နားပေါ့။

နေ့လည်စာ စား တစ်ထောက်နားပြီးတော့ ကျွန်တော်တို့ နှစ်နာရီလောက်မှာ ညအိပ်နားမယ့် ရွာကို ခရီးဆက်ကြပါတယ်။ နေ့လည်စာ စားတဲ့ ရွာက ထွက်ထွက်ခြင်းမှာ မြင်ရတဲ့ မြင်ကွင်းကတော့ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ရတဲ့ တောင်ကိုးလုံးပါဘဲ။ နိမ့်ချည်မြင့်ချည် နှင့် စီတန်းနေတဲ့ တောင်ကိုးလုံးရဲ့ မြင်ကွင်းကတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုအတွက် ရလာဒ်ပါဘဲ။

ဒါနှင့် တောင်ကိုးလုံးက မိုးတွင်းအတွက် အသင့်တော်ဆုံး Trekking Route ဖြစ်နေရတဲ့ အကြောင်းအရာကတော့ နေ့လည်စာ စားအပြီး ပြန်ထွက်တဲ့ ရွာအတွက်ကနေတောက်လျှောက် ညအိပ်နားမယ့် ရွာအထိ မြင်ရတဲ့ လှေကားထစ် စပါးခင်းတွေပါဘဲ။ ကျွန်တော်သိရသလောက် ရှမ်းပြည်နယ်ဖက်မှာကျ စပါးကို မိုးရာသီမှသာ လှေကားထစ် စိုက်ခင်း အသွင်နှင့် ရေသွင်းစိုက်ပျိုးလေ့ရှိပါတယ်။ ဩဂုတ် လ အလယ်လောက်ကနေစပြီးတော့ စိမ်းစိုနေတဲ့ လှေကားထစ် စပါးခင်းတွေက လူတွေရဲ့ စိတ်ကို ကြည်နူးစေမှာ အမှန်အကန်ပါဘဲ။

ထမင်းစားပြီး တစ်ထောက်နားပြီးမှ ညအိပ်တဲ့ ရွာကို သွားတဲ့ ဒီ လမ်းလေးက မြေပြန့်လည်း ဖြစ်သလို စပါးခင်းတွေကြား ဖြတ်သွားရတာမို့ ၃ နာရီ ကြာ လျှောက်ရတယ်လို့ မထင်ရ လောက်အောင်ကို သက်သာလှပါတယ်။ ဒီလိုနှင့်ဘဲ ကျွန်တော်တို့ ညအိပ်မယ့် ရွာကို ညနေ ၅ နာရီလောက်မှာ ရောက်ပါတယ်။

ခရီးတစ်ထောက်နားလို့ ညအိပ်ကြတဲ့ အခါ

ကျွန်တော်တို့ တောင်ကိုးလုံး trekking လျှောက်တိုင်း တစ်ညအိပ်နားရတဲ့ ရွာလေးကတော့ ရွာပု ရွာလေးဘဲ ဖြစ်ပါတယ်။ ရွာလေးက အိမ်​ခြေ ၂၀ သာသာ ဘဲ ရှိမယ့် ရွာလေးရယ် ... ဒီရွာလေးမှာ မြန်မာနိုင်ငံသားတွေ သာမက Long Trekking လျှောက်ကြတဲ့ နိုင်ငံခြားသားအများစုလည်း တစ်ညအိပ် နားကြတာ တွေ့ရပါတယ်။ ရွာလေးကို ရောက်ရင် အထုတ်တွေချ ရေချိုးပြီး ထမင်းစားဖို့ စောင့်ရင်း ခဏနားပေါ့။

ဦးရဲ ရဲ့ Trekking တွေမှာ ညစာအတွက်ကတော့ ပုံမှန်အတိုင်း စကောထမင်းပေါ့။ အမယ်စုံလှတဲ့ ဟင်းတွေရယ်၊ စပရိုက်အချိုပွဲ တွေနှင့် သားသားနားနား ပြင်ကျွေးပါလိမ့်မယ်။ ကိုယ်တွေက ဘယ်လိုဘဲ ဝိတ်ချတယ် ပြောပြော ဦးရဲ Trekking သွားလျှောက်ရင်တော့ အမြဲ တစ်ပန်းကန်ထက် ပိုစားစမြဲဘဲ။

ဒါနှင့် ဒီရွာလေးမှာ ရောင်းတဲ့ သူတို့ ကိုယ်တိုင်ချက်ထားတဲ့ ဆန်အရက်ကလည်း ကောင်းတယ် ... သိလား ... ချမ်းတတ်သူတွေ သိဖို့။

တောင်ကိုးလုံးမှ အပြန် နှင့် ကလောတစ်ခွင်

နောက်နေ့ မနက်ကျတော့ ကိုယ်တွေက ခရီးထွက်ရင် Sunrise လေးကြည့်လိုက်ရမှ ဆိုတော့ မနက် (၅) နာရီလောက်ကတည်းက နိုးနေပြီလေ။ ဒါပေမယ့် ရွာပုရွာလေးမှာ နေ ဘယ်အချိန် စမြင်ရလဲမေးတော့ မနက် (၇) နာရီ လောက်တဲ့ ... ကိုယ်တွေက ဇွဲမလျှော့ဘူးလေ။ မြူမှုန်တွေ ကြားထဲမှာဘဲ ရွာနားတစ်ဝိုက် စပါးခင်းထဲ ကြားထဲ ဓာတ်ပုံပတ်ရိုက်လိုက်သေးတယ်။ ပြီးတော့ ညက အိပ်တဲ့ အိမ်မှာဘဲ မနက်စာစားပြီး မနက် (၇) နာရီခွဲ ကျော်လောက်မှာ ရွာက ပြန်ထွက်ပါတယ်။

ကျွန်တော်တို့ ရွာပုရွာကနေ မြင်းမထိရွာဘက်ကိုတော့ (၂) နာရီ နီးပါးလောက် လမ်းလျှောက်ရပါသေးတယ်။ လမ်းမှာ ဓာတ်ပုံရိုက်လိုက်၊ စကားပြောလိုက်နှင့် သိပ်တောင်မကြာလိုက်ဘူး။ ဓာတ်ပုံရိုက်တာကတော့ ပိုကြာတာပေါ့နော်။

ကလောကို ပြန်ရမယ့် ကားကတော့ ကျွန်တော်တို့ကို မြင်းမထိရွာမှာ လာကြိုပါတယ်။ မြင်းမထိရွာကနေ ကလောကိုကျ မိနစ် (၃၀) ကျော်ကျော်လောက်လေး မောင်းရတယ်။ ကလောရောက်တာနှင့် ဟိုတယ်မှာ တည်းမယ့် သူတွေကို ဟိုတယ် လိုက်ပို့၊ ညတန်းပြန်မယ့် လူတွေကတော့ ဦးရဲ အိမ် (ဒါမှမဟုတ်) ဟိုနေ့မနက်က နေခဲ့တဲ့ တည်းခိုဆောင်ပေါ့။

တောင်ကိုးလုံး Trekking က ဒီမှာ ပြီးပြီလား ဆိုတော့ မဟုတ်သေးပါဘူး .... ဆက်ရန် ရှိပါသေးတယ်။ ဒါကတော့ ကလောမြို့ထဲ ဓာတ်ပုံပတ်ရိုက်ပေးတဲ့ အစီအစဉ်ပါဘဲ။ ဒါဆို တောင်ကိုးလုံး Trekking လျှောက်ပြီးရင် ကလောမြို့ထဲက ဓာတ်ပုံတွေလည်း ရအုန်းမှာ ဆိုတော့ ... ကဲ ... ဘာလိုသေးလဲဗျာ။

တောင်ကိုးလုံး ကို မြူမှုန်တွေကြား ကျော်ဖြတ်ချင်တယ် ဆိုရင်

တောင်ကိုးလုံး Trekking ဟာ မိုးရာသီ သီးသန့် Trekking လမ်းကြောင်း ဖြစ်တာမို့ အခုဆို ရာသီတောင် ကုန်လုနီးနီး ဖြစ်နေပါပြီ။ ကျွန်တော်လည်း အလုပ်တွေ ရှုပ်နေတာနှင့် မတင်ဖြစ်လိုက်သေးဘူး ဖြစ်နေတာ။ ဒါပေမယ့် ဒီလထဲရယ် နောက်လ အောက်တိုဘာလကုန် အထိ ရှိအုန်းမှာ ဆိုတော့ နှစ်လနီးပါးလောက်တော့ အချိန်ရပါသေးတယ်နော်။ ဒီအချိန်ဆို စပါးခင်းတွေကလည်း လှနေပြီ။ ကျွန်တော် တောင်ကိုးလုံး Trekking ကို ရာသီအစရယ်၊ ရာသီကုန်ခါနီး အချိန်ရယ် နှစ်ခါ လျှောက်ဖူးတာ စပါးခင်းတွေ စိမ်းနေတဲ့ ရာသီကုန်ခါနီး အချိန်လေးက ပိုလှတာကို သတိထားမိတယ်။

ဪ ... တောင်ကိုးလုံးကို မြူမှုန်တွေကြား ကျော်ဖြတ်ချင်တယ် ဆိုရင်တော့ ကိုယ်တွေရဲ့ ကလောမင်းသားကြီး ဦးရဲ ဆီမှာ စုံစမ်းနိုင်ပါတယ်နော်။ တောင်ကိုးလုံး ခရီးစဉ်ဟာ စနေ၊ တနင်္ဂနွေနေ့ တွေမှာ ပုံမှန်ထွက်ပြီးတော့ ကြားရက်တွေဆို လူ (၆) ယောက် ကျော်ရင် စီစဉ်ပေးပါတယ်တဲ့။ ဦးရဲ ရဲ့ Page မှာလည်း Discount တွေရယ်၊ တစ်ခြား စိတ်ဝင်စားစရာ တွေကိုလည်း အချိန်နှင့် တပြေးညီ တင်ပေးထားတာမို့ Page လေးကို ဆက်သွယ်ပြီး မြန်မြန်သာ ဘိုကင်တင်လိုက်ကြတော့နော်။

ဦးဦးရဲ ရဲ့ Details Information ကတော့ ....

👤 - U U Ye Kalawthar

📋 - U U Ye Kalawthar Trekking Service

☎️ - 09258310379

🖨 - idiotsrock123@gmail.com

တောင်ကိုးလုံးနှင့် သတိပြုဆင်ခြင်စရာ

ကျွန်တော်တို့ တောင်တက်တယ်၊ trekking လျှောက်တယ် ဆိုရာမှာ ဘယ်တောင်ဘဲ တက်တက် သတိပြုဆင်ခြင်စရာကတော့ အနည်းနှင့် အများ ရှိတတ်ပါတယ်။

(၁) ပထမဆုံးကတော့ သက်လုံကောင်းဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ တောင်ကိုးလုံးဟာ ပုံမှန် လေ့ကျင့်ခန်းလုပ်နေကျ သူတွေအတွက် အဆင်ပြေနိုင်ပေမယ့် အသက်ကြီးသူတွေ၊ နှလုံးရောဂါ အခံရှိသူတွေ၊ အမောမခံနိုင်သူတွေ ကတော့ မတက်တာ အကောင်းဆုံးပါ။

(၂) အဝတ်အစားကို တတ်နိုင်သမျှ နည်းနည်း နှင့် အအေးဒဏ် ခံနိုင်မည့် ဟာ ရွေးပါ။ ညဘက် မိုးအရမ်းရွာလို့ ရှိရင်တော့ ချမ်းပါတယ်။ တောင်တက်တဲ့ တစ်လျှောက်တော့ လွတ်လပ်ပေါ့ပါးတာ ဝတ်လို့ ရပါတယ်။ လမ်းလျှောက်တဲ့အချိန် မြက်ရှမှာ ကြောက်ရင်တော့ ဘောင်းဘီရှည်ဝတ်ပါ။

(၃) တောင်ပေါ်မှာ ဖုန်းလိုင်းက MPT နှင့် MYTEL မိတဲ့ နေရာတွေ ရှိပါတယ်။ ရွာထဲမှာတော့ တစ်ချက် တစ်ချက် မိပေမယ့် မမိတဲ့ အချိန်က များပါတယ်။

(၄) ရိက္ခာကတော့ မိမိ တစ်ကိုယ်ရေစာလည်း တတ်နိုင်သမျှ ထည့်သွားပါ။ wet tissue / လက်သန့်ဆေးရည် နှင့်တကွ ထိခိုက်ရှနာတွေ အတွက် ဆေးဝါးတစ်ချို့ပါ ပါအောင် ယူသွားပါ။

(၅) ဓာတ်ပုံဆရာများ ဓာတ်ခဲအပို ဒါမှမဟုတ် Power Bank နှင့် အားသွင်းလို့ရတဲ့ ကင်မရာ ပါရင်တော့ အားများများ သွင်းလို့ရတဲ့ Power Bank သာ ဆောင်သွားပါလေ။ ဖုန်းသုံးတဲ့ လူတွေလည်း Power Bank တော့ တောင်ကြနော်။ ညအိပ်တဲ့ ရွာမှာတော့ အားသွင်းလို့ ရမှာ မဟုတ်လို့ပါ။

(၆) ထပ်မှာချင်တာကတော့ ကလေးတွေကို မုန့်ပေးချင် ပေးလို့ ရပေမယ့် ပိုက်ဆံတော့ မပေးပါနှင့်။ ပြီးတော့ သူများခြံထဲ အတင်းကရော မဝင်ပါနှင့်။ ဒေသခံလမ်းပြ မှာသမျှကို တသွေမတိမ်း နားထောင်ပါ။

(၇) မမှာမနေရကတော့ စည်းကမ်းရှိဖို့ပါ။ အမှိုက်မပစ်ချဖို့ နှင့် ကိုယ့် အမှိုက်ကိုယ် သိမ်းခဲ့ဖို့ပါ။ အမှိုက်တွေ ပြန်မသယ်ချင်ရင်လည်း မီးရှို့လို့ ရပါတယ်။ အမှိုက်တွေ မီးရှို့မယ် ဆိုရင်လည်း မီးငြိမ်းတဲ့ အထိ စောင့်ပေးပါ။ ပန်းပင်တွေ၊ သစ်ပင်တွေကို အကိုင်းမချိုး၊ အခက်မချိုးဖို့လည်း မှာပါရစေ။

အိုခေ ... အဲဒီလောက်ဆိုရင် တောင်ကိုးလုံး အကြောင်း သိသင့်သလောက်တော့ သိကြပြီ ထင်ပါတယ်။ ကျွန်တော် ပြောနေကျ စကားအတိုင်း ကလောမြို့မှာ ရာသီအလိုက် Trekking လျှောက်ပြီး မတူတဲ့ အရသာ ကို ခံစားချင်တယ် ဆိုရင်တော့ ဒီ တောင်ကိုးလုံးကခရီးစဉ်ကတော့ မိုးရာသီအတွက် ရွေးကိုရွေးချယ်သင့်တဲ့ ခရီးစဉ်ပါနော်။

တောင်ကိုးလုံးဟာ စွန့်စားရတာ ကြိုက်တဲ့သူ၊ သဘာဝ တရားကို နှစ်သက်သူ၊ ကျေးလက်ဗဟုသုတကို ခုံမင်သူ တောင်တက်ရတာ ကြိုက်တဲ့ သူတွေအပြင် သစ်ပင်ပန်းမာန် နှင့် ငှက်ကြည့်သူတွေ နှစ်ခြိုက်ကြမယ့် နေရာလေးလည်း ဖြစ်တာမို့ စည်းကမ်းရှိရှိ ခရီးသွားဖို့၊ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့၊ ပတ်ဝန်းကျင် နှင့် ဒေသခံတွေကို တလေးတစား ရှိကြဖို့ တောင်းဆိုပါတယ်။

ဒါဖြင့် မြန်မာနိုင်ငံရဲ့ အလှတရားများကို ဝိုင်းဝန်း ဖော်ထုတ်ရင်း ခရီးသွားများကလည်း စနစ်တကျ တလေးတစား နှင့် သဘာဝ ပတ်ဝန်းကျင်ကို အတူတူ ထိန်းသိမ်းစောင့်ရှောက်ကြရအောင်နော်။

အားလုံး ပျော်ရွှင်တဲ့ ခရီးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Best From Htoo | #KALAWTREKKING

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဝဿန်မိုးရဲ့ မြူမှုန်တွေကြားက ကျော်ဖြတ်ရမယ့် တောင်ကိုးလုံး
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း