သဘာဝရင်ခွင်ဆီသို့ ထွက်ပြေးခြင်း

2020-01-30edit Hay Mar Lwin

ဆမ်းမားရေ....
ကလောဆိုတဲ့တောင်ပေါ် မြို့လေးဟာလေ နွေမိုးဆောင်း ဘယ်ရာသီပဲသွားသွား သာယာအေးချမ်းလှပလွန်းတယ်။ နွေရာသီမှာ အေးမြနေတယ်၊ မိုးရာသီမှာ စိမ်းစိုလန်းဆန်းနေပြီး၊ ဆောင်းရာသီမှာ လှပလွန်းလှတယ်လေ။ ကိုယ်ဒီနှစ်ဆောင်းရာသီမှာ ကလောမြို့လေးကိုသွားလည်ဖို့ရွေးချယ်ခဲ့မိတယ်။

ကလောမြို့လေးမှာက လည်ပတ်စရာတွေ အများကြီးပဲ။ ဘုရားတွေ၊ လှိုဏ်ဂူတွေ၊ တောတောင်ရေမြေအလှအပရှုခင်းတွေ၊ ကလောဘူတာ၊ နာရီစင်၊ ထင်းရှုးတော၊ ဟိုင်းဝေးလမ်းမကြီးတွေ၊ ရောင်စုံခြယ်စိုက်ခင်းပန်းခင်းတွေ၊ ကော်ဖီဆိုင်လှလှလေးတွေ၊ သဘာဝဆန်တဲ့ဟိုတယ်လှလှလေးတွေ။ အို.. အများကြီးပဲ ဆမ်းမားရေ။ မင်းသဘောကျမယ့်နေရာလေးတွေ အများကြီးမှ အများကြီးပဲ။ တစ်ခေါက်တော့ မင်းကိုလိုက်ပို့မယ်နော်။ ဓါတ်ပုံလှလှလေးတွေ လိုက်ရိုက်ပေးမယ်လေ။

ကိုယ်က ကလောကိုအခေါက်ခေါက်အခါအခါရောက်ခဲ့ဖူးတယ်။ မြို့ထဲလည်း အနှံ့လျှောက်လည်ခဲ့တယ်။ နာမည်ကြီးနေရာတွေလည်း သွားခဲ့တယ်။ တောထဲတောင်ထဲလည်း trekking လျှောက်၊ ကျေးရွာလေးတွေမှာလည်း ညအိပ်တည်းခိုခဲ့ဖူးတယ်။ ဒီတစ်ခေါက်ကတော့ ကလောရဲ့တောတောင်တွေကိုဖြတ်ကျော်ပြီး ခရီးကြမ်းမောင်းနှင်ဆိုင်ကယ်စီးဖို့ ကိုယ်စီစဉ်ခဲ့တယ်။

ကလောမြို့မှာ trekking service တွေ၊ guide တွေအများကြီးရှိတယ်။ ရိုးသားဖြူစင်တဲ့ကလောမြို့သူမြို့သားတွေဖြစ်ကြတာမို့ ဘယ်သူနဲ့ပဲဆက်သွယ်ပြီးသွားသွား အဆင်ပြေတယ်။ စိတ်ချမ်းသာပျော်ရွှင်ပြီး ပြန်လာခဲ့ရတာချည်းပဲ ဆမ်းမားရဲ့။ တကယ်ပျော်ဖို့ကောင်းတာ။ ခုတစ်ခေါက်ခရီးကြမ်းအတွက်ကတော့ Ride behind Kalaw ဆိုတဲ့အဖွဲ့နဲ့ ကိုယ်ဆက်သွယ်ခဲ့တယ်လေ။ Adventure ကြိုက်တဲ့ကိုယ်နဲ့ကတော့ အဲ့ဒီ့ခရီးစဉ်က အကိုက်ဆုံး၊ အပျော်ရဆုံးလို့ပြောရမှာပဲ။ ဆိုင်ကယ်အမောင်းကြမ်းတဲ့မင်းဆိုရင်လည်း အရမ်းတွေသဘောကျနေမှာ။

ရန်ကုန်က ညကားစီးပြီးထွက်လာ၊ မနက်စောစော ကလောရောက်တော့ သူတို့ဆီကလာကြိုပေးတယ်လေ။ ရုံးကဧည့်ခန်းမှာ ခဏနား၊ ကိုယ်လက်သန့်စင် မနက်စာစားပြီးတော့၊ အကာအကွယ်အတွက်ဝတ်စုံပြည့်ဝတ်ရတယ်။ ဦးထုပ်တွေကလည်း အလေးကြီးပဲ။ လူကောင်သိပ်မထွားတဲ့ကိုယ်ဝတ်လိုက်တော့ လူလေးကပိုသေးသွားသလိုပဲ။ ကိုယ့်ပုံစံကိုယ်ကြည့်ပြီး ရယ်တောင်ရယ်ချင်မိတယ်။ တစ်စုံတစ်ခုထိမိခိုက်မိ မတော်တဆဆိုတာ ဖြစ်နိုင်တယ်မဟုတ်လား။ အကာအကွယ်အတွက် ပစ္စည်းကောင်းတွေချည်းသုံးပြီး သေချာစီစဉ်ပေးထားတာက အရမ်းချီးကျူးဖို့ကောင်းတယ်။

ဆိုင်ကယ်က ကိုယ်တိုင်မောင်းလို့ရတယ်။ မမောင်းတတ်ရင် Crew နောက်ကလိုက်စီးလို့လည်းရတယ်။ တော်ရုံမောင်းတတ်တယ်ဆိုရုံလောက်နဲ့တော့ ပေးမမောင်းဘူး။ လမ်းကြမ်းဆိုတော့ အန္တရာယ်ရှိတယ်လေ။ မင်းဆို ကိုယ်တိုင်ဖြဲချင်တဲ့သူဆိုတော့ ပျော်နေမှာမြင်ယောင်သေးတယ်။ ကျွန်တော်က စကေးမန်းနော်လို့ ကြွားနေကြလေ။ မင်းနဲ့ဆိုလည်း ဒီခရီးလေးက အံကိုက်ဖြစ်နေမှာ။ နောက်တစ်ခေါက်ထပ်သွားဦးမယ်။ မင်းနဲ့တူတူပေါ့။

အကုန်ပြင်ဆင်ပြီးတာနဲ့ Ride behind Kalaw ရုံးနေရာကနေ ဆိုင်ကယ်တွေနဲ့ စထွက်တယ်။    ကလောရဲ့အစွန်အဖျားရွာလေးတွေကိုဖြတ်၊ ထင်းရှုးတောတွေဖြတ်ပြီးမောင်းလာရတာ။လမ်းကဖုန်ထူပေမယ့် ဆိုင်ကယ်ဦးထုပ်နဲ့ဆိုတော့ နှာခေါင်းထဲဖုန်သိပ်မဝင်ဘူး။နေ့လည်နေပူတော့ Sun block လေးလိမ်း၊ နေကာမျက်မှန်လေးတပ်ဖို့တော့ လိုလိမ့်မယ်နော်။ နေ့လည် သိပ်မအေးတာမို့ လက်ရှည်တစ်ထပ်ဆို လုံလောက်နေပြီ။ ဘောင်းဘီကတော့ အကြမ်းခံမယ့် ဂျင်းဘောင်းဘီရှည်ဆို အဆင်ပြေတယ်။ အပေါ်က ဝတ်စုံပြည့်ထပ်ဝတ်ရတာဆိုတော့ အဝတ်အစားအလှအပက သိပ်မလိုဘူးလေ။ ပဲသိပ်မများနဲ့နော် ဆမ်းမား။

တောင်တက်တောင်ဆင်းလမ်းတွေကို ဖြတ်မောင်းရတော့ အသည်းတယားယားနဲ့။ တစ်ဘက်ကတောင် တစ်ဘက်ကချောက်။ အချိုးအကွေ့တွေကလည်းများ။ လမ်းကလည်း မြေသား ကျောက်တုံးကျောက်ခဲတွေကလည်းရှိနဲ့။ သတိထားပြီး ထိန်းမောင်းရတာ။ ခရီးကိုက Adventure type လေ။ အန္တရာယ်ကတော့ ရှိနေတာပဲ။ အဲ့ဒီ့ဟာကို ကာကွယ်ဖို့ ဘယ်လိုကြိုတင်စီမံရမလဲ၊ ချက်ချင်းဖြစ်သွားတဲ့အရေးပေါ်ကိစ္စတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတွေက တကယ့်စိန်ခေါ်မှုတစ်ရပ်ပဲ။ Risk ယူရတာတွေ၊ စိန်ခေါ်မှုတွေဆို အရမ်းသဘောကျတတ်တဲ့ကိုယ်ကတော့ ဒီလိုခရီးတွေဆို ပျော်နေရောပဲလေ။

ဘေးပတ်ဝန်းကျင် တောတောင်ရေမြေတွေရဲ့ သဘာဝကအလှအပတွေက တကယ့်ကိုရင်သပ်ရှုမောပဲ ဆမ်းမားရေ။ ရှမ်းတောင်တန်းကြီးတွေ၊ ရောင်စုံစိုက်ခင်းစိုက်ကွက်တွေ၊ ရောင်စုံပြေးနေတဲ့တိမ်တွေ၊ ပြာလဲ့နေတဲ့ကောင်းကင်အရောင်ကြီးနဲ့ စိမ်းညို့နေတဲ့တောင်စဉ်တောင်တန်းတွေ။ မင်းကိုလေ အဲ့ဒီ့အလှအပတရားတွေကို ခံစားစေချင်မိတယ်။ ကိုယ်ကအန္တရာယ်ကို စိန်ခေါ်ရတာကြိုက်တဲ့သူပေမယ့် အသည်းကတော့နုတယ်။ သဘာဝအလှအပတွေရဲ့ညှို့ငင်မှုကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး ဆမ်းမား။ မင်းကိုချစ်ခဲ့တာလည်း အဲ့လိုသဘော တရားဆန်တယ်။

နေ့လည်တောင်ကုန်းတစ်ခုပေါ်မှာခဏနားရင်း ဓါတ်ပုံရိုက်ကြသေးတာ။ ဆိုင်ကယ်ကြီးနဲ့ အိုက်တင်တွေထုတ်ပြီးတော့ပေါ့။ ရှမ်းတောင် တန်းကြီးတွေနောက်ခံထားပြီး တိမ်တွေပေါ်မှာ ဆိုင်ကယ်နဲ့လွင့်နေရသလိုပဲ။ မင်းကိုလည်း ပုံလှလှလေးတွေ လိုက်ရိုက်ပေးချင်လိုက်တာနော်။ ဝတ်စုံပြည့်နဲ့ ဆိုင်ကယ်ကြီးနဲ့ မင်းနဲ့။ အရမ်းကို လိုက်ဖက်လှပခန့်ညားနေမှာ သေချာတယ်။ သွားကြမယ်နော်။

နေ့လည်စာစား ခဏနားပြီးတော့ ဟိုက်ဝေးလမ်းမကြီးကိုဖြတ်မောင်းလာပြီး ကိုယ်တို့လှေလှော်မယ့်နေရာလေးဆီရောက်လာခဲ့တယ်။ ကလော - ပင်လောင်းနားက ချောင်းလေးတစ်ခုမှာပေါ့။ ဝတ်စုံပြည့်ဝတ်ထားတာတွေချွတ်၊ ဖိနပ်တွေချွတ်ပြီး၊ ဆိုင်ကယ်လက်ကိုင်အစား လှော်တက်ကိုင်ခဲ့ရတယ်။ ကယက်လှေလေးတွေနဲ့ ချောင်းရိုးတလျှောက် လှော်ခတ်ခဲ့ကြသေးတာပေါ့။

ချောင်းလေးက တောင်ကြားလေးထဲမှာ ငြိမ့်ငြိမ့်လေးစီးဆင်းနေတာ ဆမ်းမားရ။ ရေကလေ ကြည်စိမ်းအေးမြနေတာ။ ကယက်လှေက ၂ယောက်လှော်လည်းရတယ်။ ကိုယ်ကတော့ တစ်ယောက်ထဲပဲလှော်ခဲ့တယ်။ ခဏအားစိုက်လှော်လိုက်၊ မောရင် ခဏနားရင်း လှေကို ထိန်းပေးလိုက်၊ ပြန်လှော်လိုက်နဲ့ ၂နာရီလောက်လှော်ခဲ့တာ။ မြင်ကွင်းတွေကလည်း အမျိုးမျိုးပြောင်းနေတာ။ စိုက်ခင်းတွေ၊ တောင်ကုန်းတွေ၊ ကျောက်နံရံတွေ။ အရမ်းလှတဲ့နေရာတွေတော့ ကိုယ်ဓါတ်ပုံရိုက်ခဲ့သေးတယ်။ လူတော့မပါဘူးပေါ့။ ရှုခင်းသက်သက်။

ချောင်းလယ်မှာ သောင်ကတုံးလေးတစ်ခုထွန်းနေတာရှိတာ။ အဲ့မှာ လှေခဏရပ်ပြီး ဓါတ်ပုံဆင်းရိုက်ကြသေးတယ်။ ကိုယ်ကတော့ ဓါတ်ပုံရိုက်ဖို့ထက် ဆော့ဖို့အားသန်တဲ့သူဆိုတော့ ရေဆင်းဆော့နေခဲ့သေးတာ။ ကလောဆောင်းတွင်းက ချောင်းရေဆိုတော့လေ ရေကရေခဲရေအတိုင်းပဲ အေးစက်နေတာ။ အအေးကြိုက်တဲ့ကိုယ်က ပျော်ပြီးဆင်းဆော့နေရော။ အစ်မရေ အအေးမိပြီးဖျားမယ်နော်ဆိုပြီး တားယူကြရတဲ့အထိပဲ။ မင်းပါရင်တော့ ကိုယ့်ကိုတားမယ်မထင်ဘူး။ မင်းပါ ရေလိုက်ဆော့နေလောက်တယ်။ ဟုတ်တယ်မဟုတ်လား ဆမ်းမား။

လှေလှော်ရေဆော့လို့ဝတော့ ကိုယ်တို့တွေညဘက်တောင်ပေါ်မှာ tent လေးထိုးပြီး ညအိပ်မယ့်နေရာလေးဆီ ဆိုင်ကယ်နဲ့ပဲ ပြန်ထွက်ခဲ့တယ်။ တောင်ပေါ် camp မှာ အဝတ်လဲ နွေးနွေးထွေးထွေးနေပြီး နေဝင်ဆည်းဆာကို တောင်ပေါ်ကနေငေးကြည့်နေခဲ့တာ။ မင်းဘေးနားမှာထိုင်ပြီး ဒီရှုခင်းကို တူတူကြည့်ရရင်သိပ်ကောင်းမှာပဲလို့တွေးနေရင်းပေါ့လေ။ မင်းကိုလွမ်းလို့ မဝနိုင်ပါဘူး။ သူငယ်ချင်းတွေနဲ့ပျော်နေခဲ့လည်း မင်းကိုနောက်တစ်ခေါက်လိုက်ပို့ချင်လိုက်တာဆိုတဲ့အတွေးက ရင်ထဲမှာအမြဲရှိနေခဲ့တာမဟုတ်လား။ ချစ်ရပါသောဆမ်းမား။

ညဘက်တောင်ပေါ်မှာက အေးလွန်းတယ်။ မီးပုံလေးဘေးနားကနေ မခွာတမ်းထိုင်နေခဲ့ရတာ။ ဆောင်းလေအေးအေးနဲ့ ဟော့ပေါ့ကတော့ အလိုက်ဖက်ဆုံး ညစာပေါ့။ ကော်ဖီပူပူလေးသောက်ရင်း ကောင်းကင်တစ်ပြင်လုံးပြည့်နှက်နေတဲ့ကြယ်တွေကို တစ်ညလုံးထိုင်ကြည့်နေခဲ့သေးတယ်။ မြို့ကြီးပြကြီးတွေမှာ မရနိုင်တဲ့ သဘာဝရဲ့အရသာတွေအပြည့်အဝခံစားခဲ့ရတယ်လေ။ Tour leader အစ်ကိုကြီးက ဂစ်တာတီးသီချင်းဆိုပြသေးတာ။ ဂစ်တာတီးကောင်းတဲ့မင်းကို လွမ်းလိုက်တာဆိုတာလေ။ မင်းရဲ့သီချင်းသံလေးကို လွမ်းနေခဲ့ရတာ။ နောက်တစ်ခါဆိုမလွမ်းနေရအောင် ကိုယ်တိုင်လိုက်ခဲ့တော့နော်။

Tent လေးထဲမှာတော့ နွေးနေတာ။ Sleeping bag လေးထဲ နွေးနွေးထွေးထွေးလေးအိပ်၊ မနက်ကို ကြည်ကြည်လင်လင်နိုးလာခဲ့တယ်။ မနက်နေထွက်တာကိုလည်း ကော်ဖီပူပူလေးနဲ့ကြိုဆိုခဲ့သေးတာ။ ရှမ်းတောင်တန်းတွေကလေ နေဝင်ဝင် နေထွက်ထွက် ဘယ်အချိန်မဆို လှနေတော့တာပဲ။ အဲ့တာတွေ ခက်နေတော့တာ။ အရမ်းလှလေ မင်းနဲ့အတူသွားချင်မိလေပဲ။ လိုက်ခဲ့နော်။

တောတောင်တွေကိုနှုတ်ဆက်ပြီး ကလောမြို့လေးပေါ်ကိုပြန်ခဲ့တယ်။ ကလောမြို့ပေါ်ကို ဟိုဟိုဒီဒီခြေဆန့်ခဲ့သေးတာ။ သိပ်လှတဲ့မြို့လေးမှာရှိနေခွင့်ရတဲ့အချိန်ခဏလေးကို အိပ်စက်ခြင်းနဲ့ မဖြုန်းတီးလိုဘူးလေ။ ကလောမြို့လေး အရမ်းလှလေ မင်းကိုပိုသတိရလေ။ မင်းသွားချင်လိုက်တာလို့ တဖွဖွပြောခဲ့ဖူးတယ်မဟုတ်လား။ အတူတူသွားကြဦးမယ်နော်။ ဆမ်းမား။ ချစ်ဖို့ကောင်းတဲ့ကလောမြို့လေးကို ချစ်ရတဲ့မင်းနဲ့လေ။

#ဟေမာလွင်

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


သဘာဝရင်ခွင်ဆီသို့ ထွက်ပြေးခြင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း