အမရပူရ

2019-08-31edit Htoo

မန္တလေးမြို့ကို ရောက်ရင် လူတိုင်းက ဦးပိန်တံတားကို သွားကြပေမဲ့ ဦးပိန်တံတား တည်ရှိရာ အမရပူရကိုကျတော့ ကျော်သွားတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးကို အခေါက်ခေါက် အခါခါ သွားဖူးပေမဲ့ အမရပူရကို ဦးပိန်က လွဲရင် မရောက်ဖူးသူပါ။ 

ဒီတစ်ခေါက်တော့ တနင်္ဂနွေနေ့ ဆေးရုံဂျူတီ မရှိတုန်းလေး တစ်ရက်တာ ခရီးစဉ် အနေနှင့် မန္တလေးကိုသွား ကိုယ် မရောက်ဖူးတဲ့ အင်းဝရယ် အမရပူရရယ်ကို သွားလေ့လာဖြစ်ခဲ့ပါတယ် ။စနေည ရန်ကုန်ကထွက် တနင်္ဂနွေ တစ်နေကုန်လည် ပြီးတော့ တနင်္ဂနွေည ရန်ကုန် ပြန်လာရတော့ ခရီးစဉ်ကတော့ နည်းနည်း ပင်ပန်းခဲ့ပါတယ် ဒါပေမယ့် အချိန်မရှိတော့ ဒီလိုဘဲ ကြံဖန် ခရီးထွက်ရတာမို့ပါ အမရပူရ အကြောင်းကို အရင် ပြောပြချင်ပါတယ် အမရပူရမြို့ဟာ မန္တလေးမြို့ရဲ့ တောင်ဘက် 11KM အကွာမှာ တည်ရှိလို့ တောင်မြို့လို့လည်း ခေါ်ပါတယ်တဲ့ အမရဟာ မသေခြင်းလို့ အဓိပ္ပါယ်ရပြီး ပူရ ကတော့ မြို့ပါတယ့် အဓိပ္ပါယ်ကတော့ မသေသော မြို့ ပါ ဘိုးတော်ဘုရားလက်ထက်မှာ စတင်တည်ထောင်ခဲ့တဲ့ နန်းမြို့တစ်မြို့ပါ ဘကြီးတော်မင်းလက်ထက်မှာ အင်းဝသို့ပြောင်းပြီး နန်းစိုက်ပေမယ့် သာယာဝတီမင်းလက်ထက်မှာ အမရပူရကို နန်းမြို့အဖြစ် ပြန်လည် သတ်မှတ်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ် မင်းတုန်းမင်းလက်ထက်ကျတော့ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကြီးကို တည်ထောင်ကာ မန္တလေးက နန်းမြို့ ဖြစ်သွားပြီး အမရပူရက နန်းမြို့ အဖြစ်မှ လျှော့ချခံခဲ့ရတယ်လို့ သိရပါတယ် လေရွှီးတာ နည်းနည်းများသွားပြီ ဆိုတော့ ခရီးစဉ်လေးဘဲ ပြန်ပြောတော့မယ်၊ ဟီး...။ 

 

အသွားခရီး

အသွားကတော့ ထုံးစံအတိုင်း ရန်ကုန် - မန္တလေး express နှင့်ပါ ဒါပေမယ့် ကိုယ်ဟာ နီးကပ်မှ လွယ်အိတ်တစ်လုံးဆွဲပြီး ကောက်သွားတတ်သူမို့ ကားလက်မှတ်က မသေချာပါဘူး အဲတာကြောင့် ဒီတစ်ခေါက်ကားလက်မှတ်ကို Star Ticket - Myanmar Bus Ticket နှင့် ချိတ်ပြီး ဝယ်ခဲ့ပါတယ် သူက online based service ဖြစ်ပြီး သုံးရတာ အဆင်ပြေပါတယ် website လည်းရှိသလို android version application လည်း ရှိပါတယ် သူက express တော်တော်များများနှင့် ချိတ်ဆက်ထားတာမို့ အဆင်ပြေပါတယ် ကျွန်တော်တို့လို ခရီး ခဏခဏသွားသူတွေ အတွက်ကတော့ ဧရာဝတီဘဏ် နှင့်ချိတ်ဆက်ပြီး account ဖွင့်ထားလို့ရပါတယ် သွားချင်ရင် application လေးဖွင့် ကားရွေး ပြီးတာနှင့် confirm လုပ် ticket voucher လေးကို screenshot ရိုက်ပြီး ကားလက်မှတ် ကောင်တာမှာ ပြလိုက်ရုံဘဲ ပိုက်ဆံက ဧရာဝတီဘဏ်နှင့် ချိတ်ထားတဲ့ အကောင့်ထဲကဘဲ ဖြတ်ပါတယ် ခဏခဏ ခရီးသွားသူတို့ ရုံးကိစ္စနှင့် ခရီး ခဏခဏ သွားသူတွေအတွက် တော်တော် အဆင်ပြေပါတယ် ကျွန်တော်က အဲဒီ application ကနေပြီး အသွားကို မြတ်မန္တလာထွန်း ကားလက်မှတ်ကို ဖြတ်ခဲ့ပါတယ် ရိုးရိုး express ကို 10800 ကျပ် ကျပါတယ်။ 



အမရပူရ

မန္တလေးရောက်တော့ မနက်စောစော ၆ နာရီမထိုးခင် လောက်ပါ ကျွန်တော်ကတော့ ဦးပိန်တံတားရဲ့ နေထွက်ချိန်ကို ကြည့်ချင်လို့ ဦးပိန်တံတားကို တန်းသွားပါတယ် Motorcycle Taxi ငှားတော့ ပြည်ကြီးတံခွန် ကားဂိတ်ကနေ ဦးပိန်တံတား အနောက်ဖက်ကို 2000 ပေးရပါတယ် ခိုက်ခိုက်တုန်အောင်ချမ်းနေသော အအေးဓာတ်ကို အံတုလို့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်ရင်း တောင်သမန်အင်းရှိရာကိုပေါ့။ 



  • (၁) ဦးပိန်တံတား

    ဦးပိန်တံတားကတော့ မိတ်ဆက်စရာမလိုလောက်အောင် အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံးနှင့် ရှေးအကျဆုံး ကျွန်းသစ်တံတားလို့ သတ်မှတ်ခံထားရတဲ့တံတားပါ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက်မှာ မြို့စာရေး ဦးပိန်က တည်ဆောက်ခဲ့လို့ ဦးပိန်လို့ အမည်တွင်ခဲ့တာပါ တံတားအရှည်မှာ ပေပေါင်း ၃၉၆၇ ပေလို့ ဖတ်ရှုခဲ့ရပါတယ် ဦးပိန်တံတားဟာ အရှေ့ဘက်နှင့် အနောက်ဖက်ဆိုပြီးရှိပါတယ် ပုံမှန် လူစည်ကားရာက အနောက်ဖက်ပါ ပုံမှန်ဆို ခရီးသွားတွေ အလာများတာက နေဝင်ချိန်ပါ ကျွန်တော်ကိုယ်တိုင်လည်း နေဝင်ချိန်ဘဲ အရောက်များပါတယ် ဒီတစ်ခေါက်တော့ နေထွက်ချိန်ကို ကြည့်ချင်လို့ ဦးပိန်ကို နေမထွက်မှီ အရောက်သွားခဲ့တာပါ မနက်ရောက်တော့ ဝေလီဝေလင်းနှင့် ဦးပိန်တံတားပေါ်မှာ အားကစားလုပ်သူတွေ camera ကိုယ်စီနှင့် စောင့်နေတဲ့ foreigners တွေနှင့် စပြီး စည်ကားနေပါပြီ ရေနည်းချိန်မို့ တောင်သမန်အင်းရဲ့ နှုံးတင်မြေနု တစ်ချို့ဟာ စိုက်ခင်းများနှင့် အစားထိုးလျက်ပါ နေက ၆:၄၅ လောက်မှာ အရှေ့ဘက် မှာ ရှိတဲ့ ရွာတွေကြားက စထွက်လာပါတယ် ကျွန်တော့်အထွက် နေထွက်ချိန်ဟာ အမြဲ လှပနေတဲ့ မရိုးနိုင်တဲ့ အရာတစ်ခုပါ နေထွက်ချိန်ကြည့်ပြီးတာနှင့် တံတားရဲ့ အရှေ့ဘက်ကို ထွက်လာခဲ့တယ် အဲဘက်က ရွာထဲမှာလည်း ရှေးဟောင်းဘုရားနှစ်ဆူ ရှိတယ် ဆိုလို့ပါ လိုက်ပို့မယ်လို့ ပြောထားတဲ့ သူငယ်ချင်းကိုလည်း အဲဖက်မှာ လာကြိုခိုင်းထားတာမို့



     

    (၂) ဆုတောင်းအလိုပြည့် ရှင်ပင်ရွှေဂူဘုရား

  • အဲဒီဘုရားကတော့ တံတားအရှေ့ဖက်ကနေ ထွက်လာရင် လမ်းရဲ့ ဘယ်ဘက်မှာ ပထမဆုံး စတွေ့ရမယ့် ဘုရားပါ သမိုင်းကြောင်းတော့ လိုက်ရှာတာ မတွေ့ခဲ့ပါဘူး ရှင်းပြပေးမယ့်သူလည်း မရှိတော့ သမိုင်းဝင်ဆိုတာကလွဲ သိပ်မသိခဲ့ရပါဘူး။

 

  • (၃) မဟာသကျရံသီ
    ကျောက်တော်ကြီးဘုရား 

    စေတီအတွင်းမှာ ကျောက်တော်ကြီး ရုပ်ရှင်တော် မြတ်စွာဘုရား တည်ရှိပြီး ပုထိုးတော်ရဲ့ နံရံတွေမှာ ရှေးဟောင်း နံရံ ပန်းချီတွေလည်း တွေ့ခဲ့ရပါတယ် တော်တော်များများဟာ သေချာမထိန်းသိမ်းထားတော့ ကွာကျလျက်ရှိပါတယ် ပတ်ပတ်လည်မှာ ရှေးဟောင်းလက်ရာ မုဒ်ဦးတွေ စောင်းတန်းတွေတွေ့ခဲ့ရပေမယ့် အားလုံးဟာ သေချာ ထိန်းသိမ်းထားခြင်းမရှိတော့ ပြိုတဲ့နေရာက ပြိုကျလျက် ရှိနေပါပြီ ဦးပိန်မှာ လှေစီးဖြစ်ခဲ့လို့ရှိရင် အရှေ့ဘက်က ဘုရားဖူးချင်တယ်လို့ ပြောရင်တော့ အဲဒီဘုရားကို လိုက်ပို့ပေးတယ်လို့တော့ ပြောပါတယ် ကျွန်တော် အဲဒီဘုရားနားမှာဘဲ မနက်စာစား ပြီးတာနှင့် အမရပူရ အနောက်ဘက်ကို မကြည့်ခင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ပြန်တက်ပြီး အင်းဝဘက်ကို ထွက်ခဲ့ပါတယ် အင်းဝအကြောင်းကိုတော့ သီးသန့်ရေးပေးပါ့မယ်



  •  

     


  •  

    (၄) တောင်မင်းကြီး မြတ်စွာဘုရား

  • အင်းဝဘက်က ပြန်ရောက်တော့ ထမင်းစားဖို့ ဆိုင်လိုက်မရှာတော့ဘဲ အမရပူရဘက် ပြန်ဝင်မှာလို့ ဦးပိန်ဘက်ဘဲ တန်းဝင်ခဲ့တယ် ဦးပိန်မှာ နေ့လည်စာ စားပြီးတာနှင့် ဦးပိန်နှင့် အနောက်ဖက်ကပ်ရက်က တောင်မင်းကြီး မြတ်စွာဘုရားကို ဝင်ဖူးခဲ့တယ် ခရစ်နှစ် ၁၇၆၈ မှာ အမရပူရ ဆင်ဖြူရှင် မဟာ မင်းလှကျော်စွာ တောင်းမင်းကြီးက တည်ထားကိုးကွယ်ခဲ့ပြီး နေပူထဲတွင် တည်ထားကိုးကွယ်ခဲ့၍ နေပူခံကိုယ်တော်ကြီးဟုလည်း ခေါ်တွင်ပါတယ် အခုအခါ ကျောင်းဆောင် အဆောင်အယောင်နှင့် တည်ထားလျက်ရှိပြီး ရှေးလက်ရက်အဖြစ် စောင်းတန်းတစ်ချို့ကို ကျောင်းဝန်းအတွင်းမှာ မြင်တွေ့ရပါတယ်။



    (၅) မဟာဝိဇယရံသီ ပုထိုးတော်ကြီး

    ပုထိုးတော်ကြီးဟု လူသိများသော ဤဘုရားမှာ ဘကြီးတော်ဘုရား လက်ထက်မှာ တည်ထားကိုးကွယ်ခဲ့တာပါ ဦးပိန်ကနေကြည့်လိုက်ရင် အနောက်တောင်ဘက်မှာ ထုံးဖြူဖြူနှင့် တွေ့ရတဲ့ စေတီတစ်ခုပါ အမရပူရတွင် ပစ္စယံ သုံးဆင့်လုံး စကျင်ကျောက်ဖြင့် ထွင်းထုထားသော တစ်ဆူတည်းသော ဘုရား ဖြစ်ပါတယ်

  •  
  •  

    (၆) တောင်လေးလုံးကျောင်း

    ထင်ရှားခဲ့တဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကို ကျောက်စာနှင့် ထွင်း၍ ထားရှိသော ကျောင်း ဖြစ်ပါတယ် အချိန်မရှိတော့လို့ အရှေ့ကဘဲ ကြည့်ခဲ့ရတော့ သမိုင်းကြောင်းတော့ သေချာ မဖတ်ခဲ့ရပါဘူး



    • (၇) ဗားကရာကျောင်း

    ၁၉ ရာစု အစောပိုင်းက ဘုန်းကြီးကျောင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ပြန်လည် မွန်းမံတည်ဆောက်ထားတဲ့ ကျောင်းပါ အတွင်းပိုင်း ကနုတ်ပန်း တစ်ချို့ကလွှဲ၍ ကျန်တာကတော့ ပြုပြင်ထားတာတွေပါ။ 


    (၈) မဟာ ဂန္ဓာရုံ ကျောင်း

    foreigners တွေက ဘုန်းကြီးတွေရဲ့ဘဝကို အဲဒီမှာ လာလေ့လာတယ်လို့ Lonely Planet မှာ ရေးထားပါတယ် ကျွန်တော်သွားခဲ့တဲ့အချိန်မှာ နားနေချိန်ဖြစ်တဲ့အတွက် ဘာမှမတွေ့ခဲ့ရလို့ သာမာန် ဘုန်းကြီးကျောင်းလိုပါဘဲ ဒါကြောင့် အချိန်ကို သေချာလေ့လာပြီးမှ သွားစေချင်ပါတယ် မဟာဂန္ဓာရုံ ကျောင်းတိုက်ဟု နာမည်ကျော်ရခြင်းမှာ ဘာသာ ဠီ ကာကျမ်းပေါင်းများစွာပြုစုခဲ့ အရှင်ဇနကာဘိဝံသ ရဲ့ စွမ်းအင်ကြောင့်ပါ။ ကျောင်းကြီးစတည်သောနှစ်ကို အတိအကျမသိရသော်လည်း ၁၉၁၈ ခန့်ဖြစ်နိုင်တယ်ဆိုပြီး ကိုပညာ(အမရပူရ)ရဲ့တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများမှာ ပါပါတယ်။(၁၉၉၆ အမျိုးသားစာပေဆုရ)ဒုတိယ ကမ္ဘာစစ်အပြီးတွင် မဟာဂန္ဓာရုံကျောင်းတိုက်ဟာ ကျမ်းပြုမဟာအရှင်လက်ဝယ်ရောက်ခဲ့ပါတယ်။ယခုလိုစာသင်တိုက်ကြီးမဖြစ်မီက ရှင်ငယ်၂ပါးဖြင့် စာသင်နည်းစနစ်သစ်ကိုစတင်ခဲ့ပါတယ်။မဟာအရှင်ဟာ ကျမ်းပေါင်းများစွာပြုစုပြီး သာသနာမှာထွန်းတောက်ခဲ့တာပါ။ကိုယ်ကျင့်အဘိမ္မာ ရတနာဂုဏ်ရည် အနာဂတ်သာသနာ တို့ကိုလေလာကြည့်ပါ။တစ်ဘဝ သံသရာ လိုမျိုး ကိုယ်တိုင်းရေး ထေရုပ္ပတ္တိ မျိုးရေးသာခဲ့တဲ့ သာသနာအတွက်သာမက ခေတ်စာပေနှင့်ပါ မကင်းတဲ့ဆရာအရှင်ပါ။စိတ်ကောင်းရှိဖို့ပထမ ဆိုတဲ့ဆရာတော်လမ်းညွှန်မှုဟာ ကမ္ဘာကျော်စေတဲ့ အဆိုအမိန့်လို့ဆိုနိုင်လောက်ပါတယ်။ရွှေကျင် ဂိုဏ်းဝင်ဖြစ်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ တနေ့တာလုပ်ဆောင်ချက်တွေကိုလေ့လာစေချင်ပါတယ်။

    •  

      (၉) မဟာ စန္ဒာမုနိဘုရား

      စန္ဒာမုနိ ဆိုတဲ့ နာမည်နှင့် မန္တလေးမှာ ဘုရားနှစ်ဆူရှိပါတယ် အမရပူရက ဘုရားကတော့ အရှေ့မှာ မဟာ ပါပါတယ် အမရပူရက လူတွေကို မေးတော့ မန္တလေး မြို့ထဲက ဘုရားကိုဘဲ ညွှန်ကြလို့ တော်တော်ရှာလိုက်ရတဲ့ ဘုရားပါ စစ်ကိုင်း-မန္တလေး လမ်းမပေါ်မှာ ရှိပါတယ် ထာဝရမန္တလေး မှာပါတဲ့ ထနောင်းပင်ကြီးရှိရာ ဘုရားပါ ဘုရားဝင်းအတွင်းမှာ ကန်တော်မင်္ဂလာဆိုတာ ရှိပြီး အမရပူရ မြို့တည် နန်းတည် ပဒုံမင်းကြား (ခေါ်) ဘိုးတော်ဦးဝိုင်း တူးဖော်တည်ဆောက် ကုသိုလ်ပြုထားခဲ့တာပါ (၁၂) လ ပတ်လုံး ရေများအဆက်မပြတ်ထွက်တဲ့ ကန်ဖြစ်ပြီး အပြင်တံတိုင်းမှ အတွင်းတံတိုင်းအထိ လှေကားထစ်ပေါင်း (၁၉) ထစ်ရှိပါတယ် ထနောင်းပင်ကြီး နံဘေးမှာလည်း ရှေးဟောင်းအုတ်ရိုး ရှေးဟောင်းလက်ရာ ဘုရားများရှိပါတယ် (စကားချပ် - စစ်ကိုင်း-မန္တလေး လမ်းမပေါ် ကွပ်သစ်နား သဘာဝအလင်း ပရဟိတ ဖွင့်ထားတဲ့ နေရာနားတဲ့ တော်တော်များများက ရှာမတွေ့ဘူး ပြောကြလို့)



      Additional Information


      (၁၀) ဦးချစ်မြ ဘူးသီးခြောက် ပန်းချီ

      ~~~~~~~~~~~~~~~~~~~~~~~

      စစ်ကိုင်း-မန္တလေးလမ်း မြေပဲတန်းရပ်မှာ ရှိပြီး လက်မှုပညာတို့ အမှတ်တရ ပစ္စည်း စုဆောင်းတတ်သူတွေအတွက် ဝင်ကြည့်သင့်တဲ့နေရာတစ်ခုပါ



      (၁၁) ရက်ကန်းစင်

       

      အမရပူရရဲ့ လူနေရပ်ကွက်တွေမှာ ရက်ကန်းစင်တွေ တော်တော်များပါတယ် ကျွန်တော်ကတော့ ဘယ်နေရာကို ဝင်ကြည့်ရမှန်းကို မသိတော့ အပြင်ကဘဲ လှမ်းကြည့်ပြီး ပြန်ထွက်လာခဲ့ရတယ် ကျွန်တော်သွားခဲ့တဲ့ အစဉ်လိုက်ကို ချရေးထားတာပါ တစ်ယောက်တည်းဆိုရင်တော့ မန္တလေးက အသိတစ်ယောက်ယောက်ကို လိုက်ပို့ ခိုင်းဖို့ တိုက်တွန်းပါရစေ တစ်ချို့နေရာတွေကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်ပါတယ် ကိုယ်တိုင်လည်း လမ်းတွေပျောက်ပြီး အခုရေးထားတာတွေတောင် တော်တော် ရှာခဲ့ရတာမို့ပါ လူများလို့ ၁၀ ယောက်စီးငှားမယ်ဆိုရင်တော့ ကျွန်တော်အရင်တစ်ခေါက် သူငယ်ချင်းတွေနှင့် သွားတုန်းက ငှားခဲ့တဲ့ နေခြည်နှင့် လမင်း tour (☎️ - 09795727121) ကို ဆက်ပြီး သွားချင်တဲ့နေရာပြောပြီး စီစဉ်ခိုင်းလို့ရပါတယ် ကိုယ့်ဘာသာကိုယ် ဆိုင်ကယ်မောင်းသွားချင်ရင်တော့ Motorbikes rental service အနေနှင့် ကျွန်တော်စုံစမ်းကြည့်သလောက် www.mandalaymotorbike.com မှာ ရပါတယ် ကျွန်တော်က အဲတာနှင့် သွားမလို့ လိုက်ရှာပြီးမှ သူငယ်ချင်းက လိုက်ပို့မယ်ဆိုလို့ သူ့ ဆိုင်ကယ် နှင့်ဘဲ သွားလိုက်တယ် အင်းဝ နှင့် အမရပူရကို ပေါင်းပြီး အချိန်မရှိလို့ တစ်ရက်တည်း သွားခဲ့တာပါ ညမပြန်ခင် မြို့ထဲခဏ ဝင်ပြီး မုန့်စား ကျုံးဘေးမှာ ဓာတ်ပုံ သွားရိုက်ခဲ့ပါသေးတယ် google map or Map.me လေး ဖွင့်ပြီးသွားကြပါ ကိုယ့်ဘာသာ သွားမယ်ဆို ကျွန်တော်တို့ဆို လမ်းတွေပျောက်ပြီး အမရပူရထဲ လည်နေသေးတာ ကျွန်တော့်ကို လိုက်ပို့ပေးတဲ့တစ်ယောက်ဆို လိုက်ပို့ပေးပါ လို့ သွားပြောကတည်းက အစ်ကို ပြောနေတဲ့နေရာတစ်ခုမှ မသိဘူးတဲ့ အဲတာနှင့်တင် map အားကိုးနှင့် ရောက်ရောက်သွားတာ နေရာတွေက ဒီတစ်ခေါက်က အချိန်မမှီမှာ ကြောက်လို့ မြန်မြန် နှင့် လောလော သွားခဲ့ရတာမို့ တစ်ချို့ နေရာတွေကို ဓာတ်ပုံနှင့် ဖော်ပြနိုင်ခြင်း မရှိတာကို တောင်းပန်ပါတယ် လောလောနှင့်သွားပြီး ပြီးမှအချိန်တွေပိုနေတာ



      အပြန်ခရီး

      အပြန်ကတော့ star tickets နှင့်ဘဲ ချိတ်ဆက်ပြီး မန္တလာမင်း ၉ နာရီ ကားကို ၁၁၀၀၀ နှင့် Star ticket - Myanmar Bus Ticket နှင့်ဘဲ ဖြတ်ပြီး ပြန်ခဲ့ပါတယ် ပိုက်ဆံကတော့ ကျွန်တော့် အနေနှင့် ကားလက်မှတ်ရော စားတာ သောက်တာပါအပြီး ၄၀၀၀၀ လောက်တော့ ကုန်ခဲ့ပါတယ် အစားကို တစ်ဖြဲနှစ်ဖြဲ ရောက်ရာအရောက်မှာ စားတာကိုး ဟီး အင်းဝ အကြောင်းကို ဆက်ရေးပါအုန်းမယ် အမရပူရနှင့် ပတ်သက်လို့ အမှားများရှိရင် ပြင်ဆင်ပေးစေချင်ပါတယ် နောက်ဆုံးမှာချင်တာကတော့ အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်


Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


အမရပူရ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း