ပြဒါးလင်းဂူ

2020-05-05edit nyeinsuwai

ကျောက်ခေတ်လူသားများနေထိုင်ခဲ့တဲ့ အထောက်အထားတွေ့ရှိ ရတဲ့ ဂူ မြန်မာပြည် မှာရှိတယ်လို့ ပြောရင် ယုံမလား။ ယုံတယ်ဆိုရင် အချက်အလက်အထောက်အထားခိုင်ခိုင်လုံလုံရှိပြီးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရာနယ်မြေတစ်ခုဖြစ်တဲ့ ရေမြေတောတောင် သဘာဝအလှပေါကြွယ်ဝတဲ့ရွာငံမြို့နယ်တွင်းကပြဒါးလင်းဂူကိုလေ့လာသွားလာနိုင်ဖို့ဖော်ပြလိုက်ပါတယ်။ခုချိန်မှာတော့နိုင်ငံတကာခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။

ပြဒါးလင်းဂူ


ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်ထောင်အမြင့်တွင် ရှိပြီးဂူပုံစံသည် ပုတတ်ခေါင်းထောင်နေသလိုလိုခပ်မြင့်မြင့် ခပ်မော့မော့ ရှိနေလို့ ပုတတ်လိုဏ်ဟုခေါ်ဆိုကြရာမှ ပြဒါးလင်းဂူဟုပြောင်းလဲခေါ်ဆိုလာကြပါတယ်။ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် ရှမ်းကုန်းမြေမြင့် အနောက်ဘက်ခြမ်းတောင်စွယ်အခြေပိုင်းပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှာပြဒါးလင်းဂူတည်ရှိပါတယ်။

ပြဒါးလင်းတွေ့ရှိခြင်းအစ


၁၉၆၁ ဘူမိဗေဒပညာရှင်တစ်ဦးကစတင်တွေ့ရှိပြီး ၁၉၆၉ မှာတစ်ကြိမ် ၂ဝဝ၉ခုနှစ် ဇန်နဝါရီလမှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တူးဖော်သုတေသန ပြုလုပ်ခဲ့ပါတယ်။ရှေးဟောင်းသုတေသနဝန် ဦးအောင်သော် ဦးဆောင်ပြီးရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၊ မနုဿဗေဒပညာရှင်များ၊ ရုက္ခဗေဒနှင့် သတ္တဗေဒပညာရှင် များပါဝင်သောအဖွဲ့ကဦးဆောင်တူးဖော်ကြစဉ်မှာတော့ ကျောက်ခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့နံရံပန်းချီတွေကိုတွေ့ရှိ ခဲ့ရုံသာမကကျောက်လက်နက်များ၊ တိရစ္ဆာန်တို့၏ အရိုးအကြွင်းအကျန် များ၊ ပြာများ၊ မီးသွေးခဲများ၊ ပန်းချီရေးဆွဲရာတွင် အသုံးပြုသောမြေနီခဲများကိုတွေ့ရှိခဲ့ပါတယ်။တချို့ကလည်း ၁၉၆၈ မှာရွာငံညောင်ချက်ရွာမှ နွားကျောင်းသားကလေးငယ် ၂ ယောက်ကစတင်တွေ့ ရှိသတင်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။

ကျောက်ခေတ်လူသားများရေးဆွဲခဲ့ခြင်း


၁၉၆၉ ခုနှစ်တွင်တူးဖော်မှုမှာတော့ ကျောက်လက်နက်ကောင်း၊ အကျိုးစုစုပေါင်း၁၆ဝဝကျော်၊ တိရစ္ဆာန်အရိုးအပိုင်းအစများ၊ မီးသွေးများ၊ မြေနီခဲများ၊ အရိုးများ၊ အိုးခြမ်းပဲ့များတူးဖော်တွေ့ရှိခဲ့ရပြီး၂ဝဝ၉ခုနှစ်တူးဖော်မှုမှာတော့ကျောက်ခေတ်လက်နက် ၄ဝဝကျော် ရရှိခဲ့သည်ဟုသိရှိရပါတယ်။၁၉၆၉ ခုနှစ် ဇန်နဝါရီလကတူးဖော်မှုမှာတွေ့ခဲ့ရတဲ့မြေနီခဲ(Red Ochre)ကြောင့် ကျောက်ခေတ်လူသားများရေးဆွဲခဲ့သည်မှာထင်ရှားကြောင်းလေ့လာသိရှိရပါတယ်။ဂူထဲမှာအစဉ်မပြတ်မီးဖိုပြီးနေခဲ့လို့သာ ပြာထုလေးပေကျန်ရစ်ခဲ့တာပါ။ ပြာထုအရခန့်မှန်းကြည့်ပြီးဂူအတွင်းမှလူများဟာအနှစ်တစ်သောင်းကျော်က နေခဲ့ကြတယ်လို့ လေ့လာခန့်မှန်းရပါတယ်။

ဂူအမှတ်(၁)နှင့် (၂)

ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၁ဝဝကျော်တွင် တည်ရှိပြီးတစ်ဂူနှင့်တစ်ဂူကိုက် ၂ဝဝသာကွာဝေးပါတယ်။ဂူအတွင်းမှာတော့ နံရံဆေးရေးပန်းချီများ၊ ကျောက်စက်ပန်းဆွဲများ၊ကျောက်စက်မိုးမျှော် တွေ့မြင်နိုင်ပါတယ်။ရှေးဟောင်းသုတေသနပညာရှင်များကတော့ ဂူအမှတ် ၁ ဟာကျောက်ခေတ်လူသားများနေထိုင်ရန် သင့်တော်သည့်အတွက် နေထိုင်ခဲ့ကြောင်းယူဆကြပါတယ်။

ဆရာကြီးချစ်စံဝင်းရေးသည့် ''ပျူ'' စာအုပ်မှာတော့ ကျောက်ခေတ်ဟောင်းခရိုမတ်ဂနွန်(ပြင်သစ်)နှင့် ကျောက်ခေတ်သစ် ကျောက်လက်နက်များတွေ့ရှိရလို့ ကျောက်ခေတ်လူသားများစဉ်ဆက်မပြတ် နေထိုင်ခဲ့တယ်လို့ အထောက်အထားတွေ့ရှိ ရပါတယ်လို့ ဆိုပါတယ်။ဂူအမှတ်(၂)ကတော့အမှတ်(၁)ထက် ကျယ်ဝန်းမှုရှိပြီးအတွင်းပိုင်းမှာကျောက်စက် ပန်းဆွဲ၊ အများအပြားတွေ့ရပြီးစိတ်ကြိုက် လေ့လာဓါတ်ပုံရိုက်နိုင်ပါတယ်။နံရံကကျလာတဲ့ ထုံးရေစက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ထုံးကျောက်အကွက်တွေ နဲ့ ရေအိုင်ငယ်လေးတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ဂူအတွင်းမှာတော့ အစား အသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်းမပြုပါဘူး။

ကျောက်ခေတ် နံရံပန်းချီ


ဂူ (၁) အတွင်းမှာရေးဆွဲခဲ့တဲ့ သားကောင်များရဲ့ ပုံတွေဟာလွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းဝန်းကျင်ကရှိခဲ့သောသားကောင်များဖြစ်ပြီးလက်ရှိအချိန်မှာတော့ တိမ်ကောပပျောက်သွားပြီဖြစ်ပါတယ်။ရှေးဟောင်းသုတေသနဦးစီးဌာန၏ လမ်းညွှန် ဆိုင်းဘုတ်မှာတော့ လက်ဝါးပုံများ၊ ငါး(ရှူးပျံ)ပုံ၊ သမင်နှင့် ဆင်များပုံ၊ ပြောင်ပုံ၊ နေပုံ၊ နွားသားအမိပုံ၊ တောဝက်ပုံတို့ ဖြစ်ကြောင်းဖော်ပြထားပါတယ်။

ဒါပေမဲ့လည်းဆေးရောင်သာ မြင်ရတော့ပြီးထုံးရည်များကျရောက်မှု ၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းမှု၊ သဘာဝဒဏ်တွေကြောင့် ထင်ထင်ရှားရှားမတွေ့ရတော့ပါဘူး။ဒေါက် တာသန်းထွန်းအဆိုအရဆွဲထားတဲ့ ပုံတွေရဲ့ ဆေးအရောင်စပ်ခြင်း ပညာအရောင်အနုအရင့်ခွဲကာရေးဆွဲ ထားခြင်းကို ကြည့်ခြင်းအားဖြင့် ကျောက်ခေတ် လူသားတွေရဲ့ ပုံဆွဲပညာဟာထူးချွန်နေပြီဖြစ်ကြောင်းသိရပါတယ်။သဘာဝကျောက်တုံးကြီးခုနစ်တုံးတစုတစည်းတည်းတည်ရှိနေသည့်နေရာ ဖြစ်ပြီးအလျားပေ၈ဝ၊ အနံပေ၄ဝခန့်ရှိအမိုးသဖွယ်ဖြစ်နေသောအကြီးဆုံးကျောက်တုံးကြီးရဲ့ မျက်နှာကြက်ကဲ့သို့ နေရာမှာတော့လက်ဝါးပုံ၊ တိရစ္ဆာန်ပုံများတွေ့မြင်နိုင်ပါတယ်။

ဒါပေမဲ့ စည်းနံရံတွေ နဲ့ ပန်းချီတွေကိုကာထားသလိုဂူအတွင်းကိုအမှတ် ၂ ဂူလိုစိတ်ကြိုက်ဝင်ရောက် လေ့လာလို့ မရနိုင်သလိုဓါတ်ပုံရိုက်ခွင့်လည်းမရှိပါဘူး။ဒါဟာလည်းစည်းကမ်းမရှိ တန်ဖိုးမသိတဲ့ သူတွေကြောင့် ကာကွယ်ရတာဖြစ်ပြီးနံရံတွေ မှာမှင်ဖျက်ဆေးတွေနဲ့ လျှောက်ခြစ် ရေးသားထားတာတွေကိုတွေ့မြင်နိုင်ပါတယ်။ဒီလိုတန်ဖိုးမသိသူတွေကြောင့် နိုင်ငံရဲ့အဖိုးထိုက်တန်တဲ့ နေရာတွေ ဟာယူနက်စကိုဝင်သင့် ရက်နဲ့ တန်ဖိုးမဲ့ နေရတာပါ။ဒါ့အပြင် ရှေးရိုးစွဲ အကျင့် ဂူတွေ့တိုင်းဘုရားတည်နေတဲ့ အယူအဆတွေလည်း ပြင်သင့်ပြီလို့ထင်ပါတယ်။

Cupules ကျောက်ခွက်ငယ်


အစောဆုံးသမိုင်းမတင်မီခေတ်အနုပညာ (Prehistoric Art)လို့တင်စားခေါ်ဝေါ်တဲ့ Cupules ကျောက်ခွက်ငယ်လေးများဟာအရှေ့တောင်အာရှကုန်းတွင်းပိုင်းနိုင်ငံတွေ ထဲမှာမှ မြန်မာပြည်မှာဘဲထူးခြားရှားပါးစွာတွေ့မြင်နိုင်တာမို့ အမှတ်(၁)ဂူအရှေ့ဘက်မှာလေ့လာနိုင်ပါတယ်။
၂ဝဝ၃ခုနှစ်မှာကမ္ဘာကျော်ရှေးဟောင်းသုတေသနပညာရှင် Robert G.Bednarik က Cupules ဆိုတဲ့ အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ထုံးကျောက်မျက်နှာပြင်ကိုလက်ဖြင့် ခွက်ငယ်ကလေးများပုံသဏ္ဌာန်ဖြစ်အောင် ရိုက်ခတ်ပြုလုပ်ထားသည့် ကျောက်ခွက်ငယ်လေးများဟာလူလုပ်တဲ့ ကျောက်ခေတ်အနုပညာ (Man-made Rock Art)ဖြစ်သည်မှာထင်ရှားလှပါတယ်။
မှတ်တမ်းများအရဂူအတွင်းမှ ကျောက်ခေတ်သုံးလက်နက်များ ၁၆၀၀ ကျော်နှင့် ကျောက်ခေတ်ဂူနံရံဆေးရေးပန်းချီ ၁၂ ပုံတို့ကိုမှတ်တမ်းတင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံနယူကလေရာသုတေသနဗိမ္မာန်မှ Carbon-solid စမ်းသပ်ချက်အရ ပြဒါးလင်းဂူဒေသအတွင်းတွေ့ရှိရတဲ့ မီးသွေးများမှာလွန်ခဲ့သောနှစ်ပေါင်း ၇၇၄၀ ခန့်၊ ကာဗွန်ပါအရိုးမှာလွန်ခဲ့သောနှစ်ပေါင်း ၆၅၀၀ ခန့် ကာဗွန်မဲ့ပစ္စည်းများမှာလွန်ခဲ့သောနှစ်ပေါင်း ၁၃၄၀၀ ခန့်မျှ သက်တမ်းများရှိသည်ကို၁၉၇၀ ခုနှစ်မှတ်တမ်းများမှာဖော်ပြထားပါတယ်။လမ်းလှမ်းမှီ သလောက်ကြိုးစားရှာဖွေ ရေးသားထားတာမို့ အချက်အလက် ကွဲလွဲ နေတာရှိပါကနားလည်စေချင်ပါတယ်။

ဘေးမဲ့သစ်တောရွက်ကြွေတော

ဘေးမဲ့သစ်တောအမျိုးအစားမှာရွက်ကြွေတောအမျိုးအစားဖြစ်ပါတယ်။ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီမှ ၂၀၀၃ ခုနှစ်မှာဖွတ်မျိုးစိတ်သစ် (Cyrtodactyluschrysopylos) (၁)မျိုးကိုရှာဖွေမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သစ်ခိုးထုတ်သူတွေကြောင့်သစ်ပင်ကြီးတွေမရှိသလောက် နည်းပါးသွားပြီးတောမီးရှို့ လေ့ ရှို့တာကြောင့်လည်း" ဂေဟစနစ် " ပျက်စီးကာအရင်လိုလမ်းတလျှောက် ကျေးဌက် တိရစ္ဆာန်လေးတွေကိုမတွေ့ရတော့ပါဘူး။

ဘယ်လိုသွားမလဲ

စိတ်ဝင်စားဖွယ်နေရာဖြစ်သလိုလက်တွေ့ခရီးမှာတော့ အနည်းငယ် ပင်ပန်းပါတယ်။ ပြဒါးလင်းဂူကိုသွားရောက်နိုင်တဲ့ လမ်းခရီးကိုရွာငံလမ်း၊ မန္တလေး -ကင်းတားဆည် လမ်း ၂ လမ်းရှိပြီးသက်သာတဲ့ မန္တလေးကင်းတားဆည် လမ်းကိုအကြံပြုပါရစေ။သိရသလောက် ရွာငံလမ်းကလမ်းခရီး ကြမ်းတမ်းပြီးမိုးတွင်းဆိုသွားဖို့ အန္တရာယ် များလှလို့ပါ။ မန္တလေး -ကျောက်ဆည် -ကင်းတားဆည်လမ်းကတော့ ကားတစ်တန်၊ လှေတစ်တန်ဖြင့်သွားရတယ်ဆိုပေမဲ့လည်းသက်သာလှပါတယ်။

တောလမ်းခရီးဖြစ်လို့ သောက်စရာရေလုံလုံလောက်လောက်နဲ့ နေအပူကာကွယ်ဖို့ ဦးထုပ် မဖြစ်မနေသယ်ခဲ့ဖိုလည်းလိုပါတယ်။နွေ ရာသီမှာဆိုအပူရှိန်ကြောင့် တောမီးလောင်တတ်သလိုအပေါ်ကနေကပူအောက် က တောမီးအပူနဲ့မို့ နွေရာသီနဲ့ အပူချိန် မြင့်တဲ့ အချိန်တွေ မှာမသွားဖို့လည်းအကြံပြုလိုက်ပါတယ်။ Google Map မြေပုံအသုံးပြုပြီးသွားလို့ရပါတယ်။ကားဌားခကတော့ အုပ်စုလိုက်သွားမယ်ဆိုအံစာတုံးကား က ၁ သိန်းဝန်းကျင်ရှိပြီးလိုက်ထရပ် ကားကတော့ ၈သောင်းဝန်းကျင် ရှိပါတယ်။မန္တလေးကနေကင်းတားဆည်ထိ၃နာရီလောက် မောင်းရပြီးလမ်းခရီးကသွားရတာအဆင်ပြေပါတယ်။

ကင်းတားလှေဆိပ်

လှေဆိပ်ဆင်းချိန် တွင်တော့ တလှပ်လှပ် အရောင်ထနေတဲ့ဆည်ရေပြင်ရယ် မှိုင်းညို့ညို့ တောင်တန်းနောက်ခံက ပန်းချီကားတစ်ချပ်လိုပါ။ လှေစီးချိန် နာရီဝက် ဆိုပေမဲ့ တိုက်ခတ်နေတဲ့ လေအေးအေးနဲ့ ပတ်ဝန်းကျင်အလှ ကြောင့် စက်လှေပေါ် မှာဓါတ်ပုံရိုက်ပြီးအချိန် ကုန်မှန်းမသိလိုက်ရပါဘူး။ဆည်အတွင်းအမှိုက် မပစ်ဖို့၊ မူးယစ် ရမ်းကားခြင်းမပြုဖို့လည်းတိုက်တွန်းပါရစေ။

မေတ္တာရပ်ခံချက်

ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းမှု နဲ့ တန်ဖိုးမသိသူတွေ ရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့ နိုင်ငံဟာကမ္ဘာ့ ခရီးသွားကဏ္ဍမှာနောက်ကောက်ကျ ကျန်ရစ်နေသလိုယူနက်စကိုဝင်သင့်ရက်နဲ့ မဝင်တဲ့ အဖိုးတန် နေရာတွေကိုလည်း စိတ်မကောင်းစွာနဲ့ ဆုံးရံှုး နေရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပညာရှင်များကထိန်းသိမ်းကာကွယ်နေပေမဲ့လည်းကျွန်တော်တို့တစ်ဦးချင်းကလည်းဒီနေရာရဲ့တန်ဖိုးကိုသိပြီးဂူအဝင်ဝမှာချိတ်ထားထားတဲ့ “စည်းကမ်းလိုက်နာပါ၊ကတိသစ္စာရှိပါ”ဆိုတဲ့စာသားအတိုင်းလိုက်နာစောင့်ရှောက်ဖို့လိုပါတယ်။လူသားမျိုးနွယ် သမိုင်းအစ ဖြစ်နိုင်တာမို့ သာမန်ဂူတစ်ခုလိုသဘောထားဖို့မသင့်ပါဘူး။ဒါကြောင့် မိမိရဲ့ အပြုအမူကနေတဖက်တလမ်းကခရီးသွားကဏ္ဍတိုးတက်လာအောင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တိုက်တွန်းပါရစေ။နိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားကဏ္ဍဟာ ကျွန်တော်တို့ စီးပွားရေးနဲ့ တိုက်ရိုက်မဟုတ်ပေမဲ့လည်းသွယ်ဝိုက်သက်ဆိုင်နေတာမို့ နိုင်ငံဝင်ငွေ တိုးတာဟာ ကျွန်တော်တို့ အတွက် အခွင့်အလမ်းနဲ့ ဝင်ငွေကို တိုးစေပါတယ်။ ဒါကြောင့် နိုင်ငံရောနိုင်ငံသားတွေရောနှစ်ဦးနှစ်ဖက် အကျိူးရှိပြီး win - win ဖြစ်အောင် အဖိုးတန်နေရာတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းပါရစေ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ပြဒါးလင်းဂူ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း