အိုးပုတ်
2019-02-25edit Shin Ku Ku
“အိုးပုတ်”ဟုဆိုလိုက်လျှင်မြန်မာလူမျိုးများအားလုံး၊မြန်မာကလေးငယ်များအားလုံးသိရှိပြီးဖြစ်ပေလိမ့်မည်။မြန်မာကလေးငယ်များအတွက်ဆော့ကစားစရာသဘာဝမှဖန်တီးပေးထားသောလက်ဆောင်ဟုပင်စာရေးသူကဆိုချင်ပါသည်။စာရေးသူတို့ငယ်စဉ်ကဘုရားပွဲစျေးတန်းလျှောက်လျှင်အခြားစားစရာမဝယ်လျှင်သာရှိမည်။အိုးပုတ်လေးများကိုဖြင့်မပါမရှိစေရဝယ်ဖြစ်အောင်ဝယ်သည်။မိခင်များကလည်းမိမိတို့ကလေးများအတွက်အိုးပုတ်ကလေးများကိုမငြိုမငြင်ဝယ်ပေးတတ်ကြသည်။ မြန်မာကလေးငယ်များ (အထူးအဖြင့် မိန်းကလေးများ) အတွက် အိုးပုတ်ကလေးများဖြင့် ချက်ပြုတ်တိုင်းဆော့ကစားရသည့်အချိန်သည် မည်သည့် အချိန်နှင့်မျှ မလဲနိုင်သည့် ပျော်စရာကောင်းလှသောအချိန်လေးပင်ဖြစ်ပါသည်။
အိုးပုတ် ဆိုသည်မှာ ရွှံဖြင့်ပြုလုပ်ထားသောကလေးကစားသည့် ထမင်းအိုး၊ ဟင်းအိုး၊ငရုတ်စုံ၊ရေအိုး၊ ရေနွေးခရား၊ ပန်းကန်ခွက်ယောက်ကလေးများပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ချက်ပြုတ်ခြင်းနှင့်ဆိုင်သောပစ္စည်းလေးများသာမကအခြားသောနွားရုပ်၊ ဂျိုးငှက်ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ရွှေဖရုံသီးပုံပိုက်ဆံစုသည့် စုဘူးလေးများ၊ ပစ်တိုင်းထောင်ပုံပိုက်ဆံစုဘူးလေးများကိုလည်းရံွှဖြင့်ပြုလုပ်၍ ကလေးများကစားစရာ အဖြစ် ရောင်းချလေ့ရှိကြသည်။ ရှေးယခင်မြန်မာမင်းများလက်ထက်ကမြန်မာလူမျိုးတို့သည် မြေအိုး၊ မြေစလောင်းဖုံး၊ မြေပန်းကန်၊မြေစလုံများကိုသုံး၍ချက်ပြုတ်စားသောက်မှုများပြုခဲ့ကြသည်။ထိုပစ္စည်းများပြုလုပ်ပုံအဆင့်ဆင့်မှာထုထောင်းပြီးသောမြေညက်များကိုနူးနပ်၍ သမစေရန် ရေဖြင့် ဆွတ်လောင်းပြီးလျှင်အကြိမ်ကြိမ်မွှေနှောက်ပေးရသည်။ထို့နောက်အိုးထိန်းစက်ကိုသုံးကာလိုသည့်ပုံစအထူ၊ အပါးညှိ၍ ပုံသွင်းကြသည်။ ပန်းဖော်ရန်ရှိပါကပန်းပလာကိုအသုံးပြု၍ အိုးပေါ်တွင် ပန်းအလှပုံဖော်ကြသည်။ ထိုအခါ မှန်ကူကွက်များ၊ ပန်းနွယ်ပန်းပွင့်ကလေးများ၊ အခြားအရုပ်ကလေးများစသည်ဖြင့် ပုံပေါ်လာလေသည်။ ထိုအခြေအနေကိုအချောကိုင် ပြီးသည့်အခြေအနေဟုခေါ်နိုင်ပါသည်။ အချောကိုင်ပြီးလျှင် နေပူရာတွင်ဖြစ်စေ၊ လေသလပ်ရာတွင်ဖြစ်စေဖြန့်ချထားရသည်။ ထို့နောက် ကောက်ရိုး၊ နွားချေးစသည့်လောင်စာများဖြင့် အိုးများကိုမီးဖုတ်ပေးကြရသည်။ နောက်ဆုံးမှာတော့ မိမိတို့လိုချင်သည့် အိုးပစ္စည်းများကိုရရှိနိုင်လေသည်။ သို့သော် အိုးပစ္စည်းဟုဆိုရာတွင် အိုးပုတ်၊ ဂျိုးရုပ်မှစ၍ အိမ်သုံးစားသောက်ခွက်ပစ္စည်းများ၊ အလှပန်းအိုးကြီးများအထိယနေ့အချိန်တွင် ထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။
မြန်မာဘုရင်များအုပ်စိုးစဉ်ကအိုးလုပ်ငန်းကိုအရေးတယူအသားပေးခဲ့ကြသဖြင့်အိုးတော်ဆက် အမှုထမ်းများနေထိုင်ရန် ရပ်ကွက်များကိုပင် သီးသန့်၍ ပေးခဲ့ကြလေသည်။ ထိုကြောင့် စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရွှေဘိုစသောထီးစိုက်နန်းတည် မြို့ကြီးများ၌ ယခုတိုင် အိုးတော်ရပ် အိုးဖိုရပ်ဟူသောအမည်များဖြင့်ရပ်ကွက်များတည်ရှိနေကြသည်ဟုလေ့လာတွေ့ရှိချက်များအရသိရှိရပါသည်။မြန်မာတို့၏(၁၂)လရာသီအနက်ဝါဆိုလပြီးနောက်ဝါခေါင်လရောက်သည်နှင့်တစ်ပြိုင်နက်မိုးလေကင်းလွတ်ချိန်ဖြစ်၍ အလှုပွဲများ၊ မင်္ဂလာပွဲများနှင့် ဘုရားပွဲ၊ နတ်ပွဲများစတင်ကာကျင်းပကြသည်။ ဘုရားပွဲ၊ နတ်ပွဲစျေးတန်းတွင် အိုးပုတ်ကလေးများကတော့ စျေးတန်းတွင် မပါမဖြစ်ပါဝင်လာကြပါသည်။ အိုးပုတ်အရောင်းရဆုံးပွဲမှာနှစ်စဉ်ဝါခေါင်လဆန်း(၈)ရက်နေ့တွင်ကျင်းပသည့်အိုးပုတ်ပွဲတော်ပင်ဖြစ်သည်။အိုးပုတ်ပွဲတော်ကိုမန္တလေးတိုင်းဒေသကြီး၊ မန္တလေးတောင်ခြေအနီးရှိအိုးဘိုအရပ်တွင် ကျင်းပလေ့ရှိသည်။
မင်းတုန်းမင်းလက်ထက်တွင်တောင်ပြုံးပွဲသို့သွားရောက်ပူဇော်ပသကြသောလှေများည် ရွှေတချောင်းမြောင်းအတိုင်းတောင်ပြုံးအရပ်သို့သွားရောက်ကြသည်။ တောင်ပြုံးပွဲတွင် ရောင်းချရန် ရေလမ်းအတိုင်းလာသောအိုးသည်များသည် မန္တလေးတောင်ခြေအိုးဘိုအရပ်တွင် လှေများကမ်းကပ်ကာခေတ္တနားရင်းဈေးခင်းရောင်းကြသည်။ ဤသို့ဖြင့် တောင်ပြုံးပွဲမတိုင်ခင်တစ်ရက်တွင် အိုးပုတ်ပွဲတော်ဖြစ်လာသည်ဟုသမိုင်းကြောင်းများအရသိရှိရပါသည်။ အိုးပုတ်ပွဲတော်တွင် အိုးပုတ်ခိုးသည့်ဓလေ့သည်လည်းချစ်စရာကောင်းသည့် မြန်မာ့ဓလေ့တစ်ခုပင်ဖြစ်သည်။ အိုးရောင်းသူများကအိုးပစ္စည်းများ၊ အိုးပုတ်ကလေးများအမြောက်အများခင်း၍ ရောင်းချနေရချိန်တွင် စျေးဝယ်လာသူများကအိုးပုတ်ကလေးများကိုခိုးယူတတ်ကြသည်။ စီးပွါးပျက်လောက်အောင်ခိုးယူခြင်းမျိုးမဟုတ်ဘဲအပျော်သဘောဖြင့် ခိုးယူခြင်းဖြစ်သည်။ စျေးသည်ကသိသော်လည်းမသိချင်ယောင်ဆောင်နေတတ်သည်။ တစ်ခါ တစ်ရံလည်းပြန်လည်တောင်းယူတတ်သည်။ သူခိုးဟုယိုးစွပ်၍ တောင်းဆိုခြင်းမျိုးလည်းမဟုတ်ပေ။ တစ်ချို့ကလည်းအပေါက်ဆိုးဆိုး၊ စိတ်ဆိုးတတ်သည့် စျေးသည်များကိုစချင် နောက်ချင်သည့် သဘောဖြင့် ခိုးယူလေ့ရှိသည်။ အခြားအိုးပစ္စည်းများဝယ်ရင်းဖြင့် အိုးပုတ်သုံး၊ လေး၊ ငါးခုလောက်ခိုးယူခြင်းဖြစ်သည်။ အိုးပုတ်ပွဲတော်ကိုယခင်ကတစ်ရက်တည်းကျင်းပရန် သတ်မှတ်ထားသော်လည်းယခုအခါ နှစ်ရက်၊သုံးရက်ဆက်တိုက်ကျင်းပကြသည်။အိုးပုတ်ပွဲတော်သို့လာရောက်သောအပျိုကလေးများသည် ခေါင်းတွင် ကျောက်ခတ်ပန်းခွေလေးများပန်ကာစျေးတန်းလည်လေ့ရှိကြပါသည်။ တောင်ပြုံးပွဲမစခင်အိုးပုတ်ပွဲကိုကျင်းပလေ့ရှိသကဲ့သို့တောင်ပြုံးပွဲပြီးသည့်နောက်တွင်လည်းဘုရားသုံးဆူအိုးပုတ်ပွဲဟူ၍ မန္တလေးမြို့တွင်ကျင်းပလေ့ ရှိကြသည်။ ယခုရန်ကုန်မြို့တွင်လည်းအိုးပုတ်ပွဲကျင်းပတော့မည်ဟုသတင်းများအရသိရှိရပါသည်။ ချစ်စရာကောင်းသည့် မြန်မာ့ဓလေ့လေးများတစ်မြို့နှင့်တစ်မြို့၊ တစ်နယ်နှင့်တစ်နယ် ပြန့်နှံလာသည်မှာဝမ်းသာစရာကောင်းလှပါသည်။အကောင်အထည်ဖော်ပေးရန်စိတ်ကူးရရှိသူများကိုကျေးဇူးတင်မိပါသည်။
စာရေးသူငယ်ငယ်ကတော့အိုးပုတ်ကလေးမျိုးစုံကိုဘုရားပွဲစျေးတစ်ခါရောက်ဖြစ်တိုင်းစာရေးသူမေမေကဝယ်ပေးလေ့ရှိသည်။ အိုးပုတ်ကလေးများနှင့် ချက်/ ပြုတ်/ ရောင်း/ဝယ်ရင်းတစ်ယောက်တည်းစကားတွေပြောကာဆော့ကစားရသည်။ တကယ် တော့ ထိုသို့ ဆော့ကစားခြင်းမျိုးသည် ကလေးငယ်၏ စိတ်ကူးစိတ်သန်းများကိုပိုမိုကောင်းမွန် လာနိုင်စေသည်ဟုစာရေးသူယုံကြည်ပါသည်။ ဆော့ပြီးသားအိုးပုတ်ကလေးများကိုစနစ် တကျပြန်လည်သိမ်းဆည်းတတ်စေရန်လူကြီးသူမများကစေခိုင်းခြင်းသည်လည်းကလေးငယ်များစည်းကမ်းရှိစေရန်အတွက်အခြေခံအုတ်မြစ်တစ်ခုပင်မဟုတ်ပါလော။မြန်မာကလေးငယ်လေးတစ်ယောက်အတွက်တော့သူ၏အိုးပုတ်ကလေးများသည် သူ၏ရတနာလေးများပင်ဖြစ်သည်။ ထို့ကြောင့်အရောင်စုံ၍လှပသော၊ချစ်စရာကောင်းလှသောထိုမြန်မာ့အိုးပုတ်ကလေးများ၏ဆွဲဆောင်မှုများကိုမြန်မာကလေးငယ်များသာမကကမ္ဘာပေါ်ရှိကလေးငယ်လေးများကပင် သိစေချင်လွန်းလှပါသည်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။