BAGAN: WANDERING SOLO
2019-05-05edit MyoMinThu
ကျွန်တော် ငယ်စဉ်က လူစိမ်းတွေကို စကားစပြောရမှာ ကြောက်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှယုံကြည်ချက်မရှိပြန်ဘူး။ ဘတ်စ်ကားကလည်း မြို့တွင်းတောင် လည်လည်ပတ်ပတ်မစီးတတ်၊ မစီးရဲ။ တစ်ယောက်ထဲ ခရီးထွက်ဖို့ဆိုတာ ဝေလာဝေးပေါ့ဗျာ။ ဒါပေမယ့်လည်း ကိုယ်တိုင်က ပြောင်းလဲဖို့ သတ္တိမရှိဘူးဆိုရင် အဲ့လူဟာ ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး လို့ ကျွန်တော်ယုံကြည်တယ်။ အဲ့တော့ ကျွန်တော် ကိုယ့်ကိုယ်ကို စိန်ခေါ်ဖို့ ကြိုးစားတယ်။ Backpack လေး ထုတ်ပိုးပြီး တစ်ယောက်ထဲ ခရီးထွက်ဖို့ စပြင်တော့တာပဲ။ ပုဂံကို သွားဖို့ လက်မှတ်ဖြတ်ထားရုံမှအပ ခရီးအတွက် ဘာမှမစီစဉ်ထားဘူး။ အဲ့ဒီတော့ ခရီးမထွက်ခင်နည်းနည်းတော့ စိုးရိမ်တာပေါ့ဗျာ။ခင်ဗျားတို့လည်း တစ်ယောက်ထဲ ခရီးသွားဖို့ ပထမဆုံးကြိုးစားကြည့်ပါ။ ကျွန်တော်လို စိုးထိတ်နေမယ်ဆိုတာ အာမခံတယ်ဗျာ။
Photo by Tiger Soe
အားသာချက်များ
(၁) လွတ်လပ်မှု
🕺🏻
လူအမျိုး စိတ်အထွေထွေဆိုတော့ အဖွဲ့လိုက် ခရီးသွားမယ်ဆိုရင် ကျွန်တော်တို့လို ကပ်စီးနည်းတွေပါမယ်၊ လက်ဖွာတဲ့ လူပါမယ်၊ ငပျင်းတွေပါမယ်၊ တက်ကြွလှုပ်ရှားသူတွေပါမယ်၊ အမျိုးမျိုးပေါ့ဗျာ။
အဲ့တော့ ညှိနှိုင်းရတယ်၊ တိုင်ပင်ဆွေးနွေးရတယ်။ တစ်ယောက်ထဲ ခရီးသွားရင် အဲ့ဒါတွေမလိုဘူးဗျ၊ နေဝင်ချိန် Sunset ကိုကြည့်ဖို့ တစ်နာရီလောက် အချိန်ဖြုန်းမလား၊ လမ်းဘေးက အဝစား ၁၀၀၀၊ ၁၅၀၀ကျပ်လို ဆိုင်မျိုးမှာ ဝင်စားမလား၊ ဘယ်သူမှအားနာစရာမလိုဘူး။ ဟဲဟဲ။
အဲ့တော့ ကိုယ်က ချွေတာတတ်တဲ့လူဆို ချွေတာလို့ရတယ်၊ ကြုံတဲ့ Hostel မှာနေ၊ အဆင်ပြေတဲ့ဆီမှာ စား၊ သင့်လျှော်တဲ့ Transportation fees ကို သုံး၊ အေးဆေးပဲ။ ဒီတော့ လူမစုံလို့ ဘယ်သောအခါမှ ခရီးမထွက်ဖြစ်လိုက်ရတဲ့ သူတွေ တစ်ယောက်ထဲ ခရီးထွက်ဖို့ စတင်ကြိုးစားသင့်တယ်နော။
သူငယ်ချင်းအသစ်များနဲ့တွေ့ဆုံခြင်း
ပုဂံဟာ မြန်မာပြည်ရဲ့ ပြည်တွင်းပြည်ပ ခရီးသည်တွေ ပေါင်းဆုံရာ ရှေးဟောင်းမြို့ဆိုလည်းမမှားဘူး။ တော်တော်များများကလည်း တစ်ကိုယ်တော်ခရီးသွားတွေများတယ်၊ ဆိုတော့ကာ သူငယ်ချင်းအသစ်ရဖို့ မခက်ဘူး။ စကားပြောဖော်မရှားဘူး၊ တွေ့သမျှ လူတိုင်းက လည်း ကြီးကြီးငယ်ငယ် ပျိုပျိုရွယ်ရွယ်မရွေး ဖော်ရွေကြတယ်။ ငယ်ပေါင်းတွေလို ပြောဆိုဆက်ဆံကြတယ်။
ဈေးသက်သာတဲ့ Hostel တွေကို ရှာတွေ့နိုင်ခြင်း
တစ်ကိုယ်တော် ခရီးသွားမယ်ဆို Hotelတွေကိုရှောင်ကွင်းဖို့အကြံပေးချင်တယ်ဗျ။ (အကုန်အကျများတာ တစ်ကြောင်း၊ ပျင်းစရာကောင်းတာ တစ်ကြောင်းပေါ့လေ)တစ်ကယ်လို့ ကိုယ်က လူတွေနဲ့ရောရောနှောနှောမနေတတ်ဘူး၊ သီးသန့်ဆန်ဆန်နေတတ်တယ်ဆိုရင်တောင် Hostel တွေမှာ Private Room တွေရှိသေးတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း လူငယ်ဖြစ်နေတော့ Hostelတွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ပုဂံမှာ ဆိုရင်တော့ ကျွန်တော်တည်းခိုခဲ့တဲ့ နာမည်ကျော် Ostello Bello Bagan ကိုပဲ Recommendation ပေးချင်ပါတယ်ခင်ဗျ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်
အဲ့ဒါအရေးကြီးဆုံးပဲဗျ၊ "လုပ်ရင် ဖြစ်တယ်" ဆိုတဲ့စကားလိုမျိုးပဲ။ ဖြစ်ဖို့အတွက် ကျွန်တော်တို့ တကယ်လုပ်ဖို့လိုတယ်။ ကျွန်တော်တို့ မြန်မာပြည်က လူငယ်တွေက ရိုးရာဓလေ့အနေအထားနဲ့ တစ်ယောက်ထဲ သွားဖို့လာဖို့ တွန့်ဆုတ်နေတာ၊ နိုင်ငံတကာက ၁၈၊ ၁၉ အရွယ် ချာတိတ်တွေက ပက်စပို့စ် ကိုင်ပြီး ကမ္ဘာလှည့်နေကြပြီ။ ခရီးမှာ ခင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်က မေးတယ်။ "မင်း အတွေ့အကြုံကို ဘယ်မှာရှာလဲ" တဲ့ ကျွန်တော်က " လုပ်ငန်းခွင်မှာရှာတယ်လေ" လို့ပြန်ဖြေလိုက်တယ်။ သူက ဆက်ပြီး " ငါတို့ကျတော့ အတွေ့အကြုံကို ခရီးထွက်ရင်းရှာတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် တည်ဆောက်တယ်။ အဲ့အတွေ့အကြုံတွေကို လုပ်ငန်းခွင်မှာ ပြန်သုံးတယ်"တဲ့။
အဲ့ဒါပါပဲ။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိဖို့ တစ်ယောက်ထဲ ခရီးသွားပြီး အခက်အခဲ သေးသေးမွှားမွှားက စပြီး ကိုင်တွယ်တတ်ဖို့လိုတယ်။
ကိုယ့်အတွက်ကို အချိန်ပေးဖြစ်သွားတယ်
သေချာတာပေါ့ဗျာ။ ကျွန်တော်တို့ သူများအတွက်အချိန်ပေးရတာများတယ်။ မိသားစုအတွက် သူငယ်ချင်းတွေအတွက်၊ ရည်းစားရှိရင် ရည်းစားအတွက် ကိုယ်ပိုင်အချိန်တွေပေးဆပ်ရတာပဲ။ ဆိုတော့ တစ်ယောက်ထဲ ခရီးထွက်မယ်ဆိုရင် အချိန်တိုင်းဟာ ကိုယ့်အတွက်ပဲလေ။ အဲ့တော့ အိမ်ထောင်မကျခင်ဖြစ်ဖြစ် solo travel ကို စတင်ပါ။ မိမိကိုယ်မိမိ အချိန်ပေးပါ။
မိန်းကလေးတွေရော တစ်ယောက်ထဲ ခရီးသွားဖို့ စိတ်ချရလား
စိတ်ချရတာပေါ့၊ ဒါပေမယ့် အခြေအနေနဲ့ အချိန်ပေါ်မူတည်တာပေါ့ဗျာ။ တစ်နယ်တစ်ကျေးမှာ ဆိုတော့ တစ်ယောက်ထဲ ညကြီးအချိန်မတော် အပြင်ထွက်တာကိုတော့ အထူး ရှောင်ကြဉ်သင့်တာပေါ။(အဲ့ဒါကတော့မိန်းကလေးမှမဟုတ်ပါဘူး၊ ယောကျာ်းလေးတွေလည်း ဒီခေတ်မှာရှောင်ကြဉ်ရတာပါပဲ) hostelထဲမှာတော့ အေးဆေးပဲ၊ အကုန်လုံးက မောင်နှမလို ပဲ ရိုင်းပင်းကူညီကြတယ်။
ဆိုးကျိုးများ
တစ်နယ်တစ်ကျေးကို တစ်ကိုယ်တော် ခရီးထွက်ပြီဆိုထဲက ကိုယ့်အန္တရာယ်ကို ကိုယ့်ဘာသာ ကြည့်ရှောင်ရတာပဲပေါ့။ အလွန်အကြူး အရက်သေစာ သောက်စားခြင်းတွေ၊ မူးယစ်ရမ်းကားခြင်းတွေအပြင် သွားရင်းလာရင်း ဟိုပစ္စည်းကျန် ဒီပစ္စည်းကျန်တာမျိုးတွေကို အထူး သတိချပ်သင့်တယ်ဗျ။(ကျွန်တော်ကတော့ ဒီခရီးမှာ နေကာမျက်မှန် တစ်ခုပျောက်သွားတယ်)
ခရီးထွက်နေတုန်း နာမကျန်းဖြစ်တာက အတော်ကို စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် ခရီးမှာဖြစ်ရင်တော့ ပိုဆိုးပေါ့ဗျာ။ အဲ့တော့ ဟိုတယ် အခန်းတွေထဲ တစ်ယောက်ထဲ အဖျားတက်ပြီး ကူရာကယ်ရာ မဲ့မနေချင်ရင်တော့ခရီးသွားတုန်းကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါ။
ဆောင်ရန် ပစ္စည်းများ
အခြေခံ ဆေးပစ္စည်းများ
-ဖိနပ် နှစ်ရံ
( Slipper တစ်ရံ၊ Walking Shoes တစ်ရံ)
-ဦးထုပ်
-Suncream
-Notebook
-နေကာမျက်မှန်
-သွားတဲ့ဒေသနဲ့လိုက်ဖက်တဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားများ
-နားကြပ်
-PowerBank
-ခရီးသွားရင် ဖတ်မယ့် စာအုပ် အနည်းဆုံးတစ်အုပ်
ဟုတ်ကဲ့ပါ။ ဒါကတော့ တစ်ယောက်ထဲခရီးသွားခြင်းရဲ့ အကျိုးရယ်၊ အပြစ်တွေပါ။ ၂၀၁၉မှာ ကျွန်တော်ကတော့ ပထမဆုံး အတွေ့အကြုံ အဖြစ် ပုဂံကို တစ်ကိုယ်တော် ထွက်လိုက်ပြီဗျာ။ ဈေးသက်သက်သာသာနဲ့ ပုဂံမှာ ဘယ်လို နှံ့အောင်သွားမလဲဆိုတာကို တော့ နောက် Article မှာ ဖော်ပြပေးသွားမှာပါ။ ကျေးဇူးပါ။ ခရီးသွားဒိုင်ယာရီလေးတွေ ဖတ်ရဖို့ MingalaGo page ကို like လုပ်ထားပါဦး။ Original website ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
Original website link ကတော့ “MingalaGo.com”!
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။