လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု
2019-01-18edit MyoMinThu(Zawgyi version) မနက်မိုးလင်းပြီဆိုတာနှင့် လက်ဖက်ရည် ဝမ်းတီး၊တူးတီးဟု မှာသံများနှင့်အတူ ရန်ကုန်မြို့၏မျက်နှာစာသည် လှပစွာ ဖွင့်လှစ်လေ့ရှိသည်။ မြို့နယ်တိုင်းတွင် လက်ဖက်ရည်ဆိုင် များမှိုလိုပေါက်နေသော်လည်း သူ့ဖောက်သည်နှင့်သူအခိုင်အမာရှိနေပြီးသားဖြစ်သည်။ မနက်စာစားချိန်၊နေ့လည်စာစားချိန်တို့ သာမက သန်းခေါင်ယံ အချိန်ထိတိုင်အောင် လက်ဖက်ရည်ဆိုင်များတွင်ထိုင်နေသေးသော လူများရှိနေသေးသည်။ ရုံးမသွားခင်လေးဖြစ်ဖြစ်၊ အလုပ်များတဲ့နေ့မှာ နေ့လည်ပိုင်းခဏနားချိန်လေးဖြစ်ဖြစ်၊ ညစာ စားပြီး အညောင်းပြေ အညာပြေဖြစ်ဖြစ် ဆင်ခြေမျိုးစုံ၊ အကြောင်းပြချက်မျိုးစုံဖြင့် ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ကြသည်။ (ဆက်၍လည်းထိုင်နေမည်ဖြစ်သည်) ထိုအတွက်ကြောင့်လည်း ရန်ကုန်မြို့၏ တစ်ရက်တာ လူနေမှုပုံစံနှင့် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကိုခွဲခြားမရခြင်းဖြစ်ပါသည်။ ကြီးကြီး ငယ်ယငယ်၊ အပျို အအို၊ အထီးအမ မခွဲခြားဘဲ လူမျိုးဘာသာ မရွေး၊ အဆင့်အတန်းမရွေး၊ နှစ်သက်ရာ လက်ဖက်ရည်ဆိုင်များတို့သွားရောက်ကြသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်သည် လူမှုဆက်သွယ်ရေး ဗဟိုချက်ဟုပြောဆိုရင်လည်း မမှားနိုင်ချေ။
လက်ဖက်ရည်ဆိုင်များ၏အခင်းအကျင်းနှင့် ဖွင့်ချိန်ပိတ်ချိန်
ယေဘုယျအားဖြင့် လက်ဖက်ရည်ဆိုင်များကို မနက်ပိုင်းဖွင့်သောဆိုင်များနှင့် ညပိုင်းဖွင့်သောဆိုင်၊ ၂၄ နာရီဖွင့်သောဆိုင်များဟူ၍ခွဲခြားနိုင်ပါသည်။ မနက်ပိုင်းဆိုင်များသည် စောစောစီးစီးလက်ဖက်ရည်သောက်လေ့ရှိသူများအတွက်အဆင်ပြေ သင့်လျော်ပြီး မနက် ငါးနာရီဖွင့်၍ညနေငါးနာရီတွင် ဆိုင်ပိတ်သိမ်းလေ့ရှိသည်။ ညပိုင်းဆိုင်များကတော့ ဘောလုံးပွဲကြည့်ချင်သူ ၊ ညည့်နက်သန်းခေါင်ထိလက်ဖက်ရည်ဆိုင်ထိုင်သူများအတွက် အထူးသင့်လျော် သည်။ ၂၄နာရီဖွင့်သောဆိုင်များလည်းရှိသော်လည်းရှားပါနေသေးသည်။ဆိုင်၏ဒီဇိုင်းကိုတော့ သေချာပေါက်ပြောဆို၍မရပဲ မြို့နယ်နဲ့ဆိုင်ရှင်၏ရင်းနှီးမြှပ်နှံမှုပေါ်မူတည်၍ အမျိုးမျိုးကွဲပြားနိုင်သည်။
လက်ဖက်ရည်အမျိုးအစားများ
လက်ဖက်ရည်ကို ပုံမှန်အားဖြင့် ပေါ့ကျ၊ ပေါ့စိမ့်၊ ကျစိမ့်၊ ပုံမှန်၊ ချိုစိမ့်ဟူ၍ခွဲခြားမှာယူနိုင်ပါသည်။ အမျိုးအစားအနေနှင့် ရိုးရိုး၊ ရှယ် ၊တိုင်ကီ ဆို၍ ပမာဏနှင့်အရသာကိုလိုက်၍ခေါ်ဝေါ်ကြပြီး "ရှယ် ဆိုဇွန်းတပ်" ဟူသော စကားသည် လက်ဖက်ရည်ဆိုင်များတွင်ရေပန်းအစားဆုံး စကားဖြစ်သည်။ တစ်ချို့သော ရှေးကျသော လက်ဖက်ရည်ဆိုင်များတွင် ဖန်ချို၊ ချိုကျ တို့ သာမက နို့ဆီများ အနှစ်လိုက်ထည့်ထား၍ ကြံသကာကိုရေနွေးဖျော်ထားသည့်အရသာရှိသော အညာဒေသမှလူများ ကြိုက်နှစ်သက်သည် ကျောက်ပန်းတောင်းဂိတ်ဆုံးကိုလည်းရရှိနိုင်ပါသည်။
လက်ဖက်ရည်အဆင့်အတန်းနှင့်ဝန်ဆောင်မှု
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အရေးကြီးဆုံးမှာ အဖျော်ဆရာနှင့် စားပွဲထိုးများ၏ဆက်ဆံရေးဖြစ်သည်။ ဆိုင်အောင်မြင်ရေးအတွက် လက်ဖက်ရည်အရသာနှင့် စားပွဲထိုးများသည် ရာခိုင်နှုန်းတော်တော်များများမှာ ပါဝင်ပတ်သက်နေသကဲ့သို့ ကျရှုံးရသည့်အကြောင်းအရာတွင်လည်း တိုက်ရိုက်ဆက်နွယ်နေသည်။ စားပွဲထိုး၏ညံ့ဖျင်းမှုကြောင့်ပြုတ်ခဲ့ရသော ဆိုင်များမနည်းသကဲ့သို့ လက်မမှန်သော အဖျော်စရာကြောင့် စီးပွားပျက်ခဲ့ရသော ဆိုင်ရှင်များလည်း လက်ညှိုးထိုးမလွဲရှိနေသည်။
မှာယူနိုင်သောအစားအသောက်များ
ယခင်က လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်နည်၊ ကော်ဖီ နှစ်မျိုးသာ ရရှိနိုင်သော်လည်း ခေတ်ကိုလိုက်၍ Menu များကို တိုးချဲ့ရမှ ယခုအခါ ရန်ကုန်မြို့ရှိလက်ဖက်ရည်ဆိုင်တော်တော်များများတွင် တရုတ်အစားအစာ၊ဗမာအစားအစာ၊အိန္ဒိယအစားအစာများအပြင် ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး အစရှိသည့်ရှမ်းအစားအစာများကိုပါ စုံလင်စွာရရှိနိုင်ပါသည်။ တရုတ်အစားအစာများဖြစ်သော ပေါက်စီ၊ကော်ပြန့်စိမ်း၊အီကြာကွေး နှင့် အိန္ဒိယအစားအစာများဖြစ်သော စမူဆာ၊ပလာတာတို့သည် မြန်မာလက်ဖက်ရည်ဆိုင်နှင့်တစ်သားထဲဖြစ်လာခဲ့သည်။ မြန်မာမနက်စာများဖြစ်သော ဆီထမင်း၊ကောက်ညှင်းပေါင်းတို့ကိုတော့ ဆိုင်တစ်ချို့တွင်သာ သုံးဆောင်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့ရှိလက်ဖက်ရည်ဆိုင်များသည် ဈေးနှုန်းအားဖြင့် နည်းပါးပြီး လက်ဖက်ရည်တစ်ခွက်တန်ဖိုးသည် ၂၅၀ကျပ်မှ၁၀၀၀ကျပ်ကြားသာကျသင့်သည်။ ထို့ပြင် ရန်ကုန်မြို့၏ လူနေမှုပုံစံအမှန်ကို လက်ဖက်ရည်ဆိုင်များတွင် ကွက်ကွက်ကွင်းကွင်းတွေ့မြင်နေသောကြောင့် သင့်သည် ရန်ကုန်တွင်နေထိုင်ပြီးလက်ဖက်ရည်ဆိုင်မထိုင်ဖူးပါက လူဖြစ်ရှုံးနေပြီဟုပင် ခေါ်ဆိုထိုက်နေပါပြီနော်။ ထို့အတွက်ကြောင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်သို့အမြန်ပြေးထိုင်ပြီး အတွေ့အကြုံတွေရယူလိုက်ပါတော့ ။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။