သမိုင်းတို့ရှိရာ ဓနုဖြူမြို့ဆီသို့ တစ်နေ့တာ ခရီး

2020-04-24edit Htoo

ဒီတစ်ခေါက်အတွက်ကတော့ ရန်ကုန်နှင့် နီးနီးနားနား သွားလို့ရမယ့် နေရာလေးတစ်ခုကို ရေးပေးချင်ပါတယ်။ တနင်္ဂနွေတစ်ရက်ဘဲ ရုံးပိတ်ရက်ရတဲ့ လူတွေအတွက်ကတော့ အဲဒီ တစ်ရက်က အဖိုးတန်လွန်းပါတယ်။ အဲဒီလူတွေ အတွက်ကတော့ တနင်္ဂနွေ တစ်ရက်လေးကိုဘဲ မျှော်ကိုးပြီးနေရတာ .... ပြီးတော့ တစ်ရက်တည်းဆိုတော့ ဘယ်မှတောင် သွားလို့ မရဘူးရယ်။ အဲဒီတစ်ရက်မှာ နားချင်ရင်နား ဒါမှမဟုတ် နီးနီးနားနား road trip လေး သွားပေါ့။

ကျွန်တော် အခုတလော နီးနီးနားနား သွားလို့ရတဲ့ road trip လေးတွေ စိတ်ဝင်စားနေတာနှင့် ငါ ဘယ်သွားရင် ကောင်းမလဲ ဆိုပြီး ကိုယ့် Page မှာ ကိုယ် ပြန်မွှေရတယ်။ အရင်တုန်းက သွားခဲ့တာလေးတွေပေါ့။ ကိုယ်က နှစ်တိုင်း ဇလွန်ပြည်တော်ပြန် ဘုရားကို အိမ်နှင့် သွားဖူးနေကျ ... ဒီနှစ် မရောက်သေးဘူးဆိုတော့ ကိုယ့် Page မှာ ပြန်တွေ့တဲ့ ဇလွန် ပြည်တော်ပြန် ဘုရားဖူး နှင့် ဓနုဖြူ ကို သွားတဲ့ ခရီးလေး ပြန်သွားတွေ့မိတယ်။
Road Trip သွားပြီး ဘုရားသွားဖူးရအောင် လို့ သူငယ်ချင်းတွေကို ခေါ်ပြီး ကိုယ်တွေ ခရီး ပြန်စ ခဲ့တာပေါ့။ အရင်တစ်ခေါက်သွားတုန်းက ဥမ္မာဒန္တီ ကမ်းခြေ အကြောင်း ရေးထားဖူးပေမယ့် ဓနုဖြူ မှာရှိတဲ့ တစ်ခြား သမိုင်းဝင်နေရာတွေက ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥမ္မာဒန္တီ ကမ်းခြေကတော့ ကျွန်တော့်အမြင်တော့ သိပ် မက်လောက် စရာ ကမ်းခြေ မဟုတ်ပါဘူး။ ညနေဘက် ခဏ သွားထိုင်လို့တော့ ကောင်းပါတယ်။

ကဲ ..... Road Trip လေး စလိုက်ရအောင်။

အသွားခရီး



အမှန်အတိုင်း ပြောရရင် သူငယ်ချင်းတွေနှင့် တိုင်ပင်ပြီးမှ သတိရလိုက်တာက အဲနေ့မှာ မာရသွန် ပြေးပွဲ တစ်ပွဲ ဝင်နွဲမယ် ပြောထားမိတာပါဘဲ။ ဟိုဘက်ကိုလည်း ကတိပေးပြီးသား ဒီဘက်ကိုလည်း ကတိပေးပြီးသား ဆိုတော့ Day Trip တူတူ သွားမယ့် သူငယ်ချင်းတွေကို နည်းနည်း နောက်ကျမှ သွားရအောင် ဆိုပြီး ချော့ရတာပေါ့။

မာရသွန်ပြေးပြီးတော့မှ ခရီးစထွက်တော့ ရန်ကုန်ကနေ စထွက်တဲ့ အချိန်မှာ နေတောင် တော်တော်မြင့်နေပါပြီ။ သူငယ်ချင်းကားနှင့် အတူတူ ထွက်လာတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ high way လမ်းပေါ်မတက်ခင် ဆီအပြည့်ထည့် ... ပြီးတာနှင့် လှိုင်သာယာ ဘက်ကနေ ဒဂုံဧရာအဝေးပြေး ... အဲဒီကနေပြီးတော့ ဧရာဝတီတိုင်းဘက်ကို ရန်ကုန် - ပုသိမ် အဝေးပြေးလမ်းမကြီးအတိုင်း ထွက်ခဲ့ပါတယ်။ အဲဒီကနေ ညောင်တုန်းက ဗိုလ်မြတ်ထွန်း တံတားမရောက်ခင် ပုသိမ်မြို့ဘက်နှင့် ဟင်္သာတမြို့ဘက်လမ်းခွဲရှိပါတယ်။ ဒီမှာ ညာဘက်မှာ ရှိတဲ့ ဟသာၤတမြို့ဘက်ကို ကွေ့ပြီး ဓနုဖြူမြို့ဖက်ကို ဆက်မောင်းလို့ရပါတယ်။

ဒါပေမယ့် မာရသွန် ပြေးထားတော့ အဲဒီနား ရောက်တဲ့ အချိန် ကိုယ်က ဗိုက်တော်တော် ဆာနေပြီ။ တစ်ခုခု စားချင်တာနှင့် အဲနားမှာ စားဖို့ သောက်ဖို့ ရှာရတော့တာပေါ့။ အဲဒီ လမ်းဆုံနားမှာဘဲ KFC Myanmar က အခု ဆိုင်ဖွင့်လိုက်ပြီ ဆိုတော့ သူငယ်ချင်းတွေကို KFC ဘဲ စားရအောင် ဆိုပြီး ကြက်ကြော် ဝင်ဆွဲကြတာပေါ့။

ရန်ကုန် - ပုသိမ် အဝေးပြေးလမ်းမှာ သာမက အဲလို အဝေးပြေးလမ်းတွေ မှာ အဲလို ဆိုင်တွေ ဖွင့်လာတာ ကိုယ်တော့ ပျော်မိတယ်။ တစ်ခါတစ်လေ ခရီးထွက်လာပေမယ့် အမြန် ဝင်စားရတဲ့ အချိန်တွေ ရှိတယ်။ ပါဆယ် ဝင်ဝယ်ရတဲ့ အချိန်တွေ ရှိတယ်။ အဲလိုအချိန်တွေဆို #KFCMyanmar လို ဆိုင်က ကိုယ့်အတွက် အဆင်အပြေဆုံးဘဲ။ နိုင်ငံတကာ brand လည်း ဖြစ်တာမို့ အရသာ ကတော့ ပြောစရာမလို။

အဲမှာ စားပြီးတာနှင့် အဝေးပြေးလမ်းမကြီးအတိုင်း တည့်တည့်ကြီး ဓနုဖြူမြို့ဆီ ဆက်မောင်းတာပေါ။ ကျွန်တော်တို့ကတော့ ဓနုဖြူရောက်တော့ မရပ်ဘဲ ဇလွန်ပြည်တော်ပြန်ဘုရားဖူးချင်လို့ ဇလွန်ကို နောက် မိနစ် သုံးဆယ်ခန့် ဆက်မောင်းခဲ့ပါတယ်။

ဇလွန်ပြည်တော်ပြန်ဘုရား

ဇလွန်ပြည်တော်ပြန်ဘုရားကတော့ တော်တော်များများဖူး ဖူးမယ် ထင်ပါတယ်။ ဓနုဖြူနှင့်လည်း ၄၅ မိနစ်လောက်ဘဲ သွားရတာမို့ ရောက်တုန်းရောက်ခိုက် သွားရောက်ဖူးမျှော်သင့်ပါတယ်။ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားဟာ သမိုင်းကြောင်းစုံလင်လှသကဲ့သို့ ဖူးမျှော်ကြည်ညိုသင့်သည့် ဘုရားတစ်ဆူပါ။ ဒါ့အပြင် ဇွန်မြို့ ရောက်တုန်း ရွှေသာလျောင်း ခြေတော်ရှင်ဘုရား နှင့် ရဟန္တာ ဦးသီလရဲ့ ဓာတ်တော် စေတီ တို့ကိုပါ သွားရောက် ဖူးမျှော်သင့်ပါတယ်။

ကျွန်တော် တို့ အဖွဲ့ကတော့ ဇလွန်မြို့မှာ ဘုရားဖူးပြီးတော့ အဲဒီကနေ ဓနုဖြူမြို့ကိုပြန်လာပါတယ်။ဓနုဖြူ မြို့မှာ ရှိတဲ့ သမိုင်းဝင် နေရာတွေကို လေ့လာချင်လို့ပေါ့။

ဓနုဖြူမြို့ ဆိုသည်မှာ

ဓနုဖြူ မြို့ကို ရှေးအခါက ဒေါင်းဖြူမြို့လို့ ခေါ်တွင်တယ်လို့ သမိုင်းစာအုပ်တွေကနေ မှတ်သားခဲ့ဖူးပါတယ်။ ဓနုဖြူမြို့ဟာ သမိုင်းမှတ်တမ်းများအရ ဆိုရင် ပုဂံခေတ် နရပတိစည်သူမင်းလက်ထက်က ကောက်ခံခဲ့သော ပုသိမ် ၃၂ မြို့ ပါဝင်တယ်လို့ သမိုင်းစာအုပ်တွေမှာ ဖတ်ရှုခဲ့ရပါတယ်။ ရှေးယခင်က မွန်၊ ကရင် နှင့် ဗမာတိုင်းရင်းသားတို့ နေထိုင်ခဲ့ပြီး မွန်ဘုရင်တို့၏ နန်းစံရာမြို့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေ ကြည့်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးဂဲ့ ၂၆ မြို့မှာ ဓနုဖြူမြို့ဟာ ရှေးဦးအကျဆုံး မြို့ထဲက တစ်မြို့ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဓနုဖြူရဲ့ ကဗျာ တဘောင်အရ နယ်နမိတ်လေးရပ် နှင့် တည်ဆောက်ထားသလို ဓနုဖြူမြို့ကို လေ့လာမယ် ဆိုရင် ဒီလေးခုကို အဓိက လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့

⁃ အရှေ့မှာ နဂါး

⁃ အနောက်မှာ တရား

⁃ တောင်မှာ ဘုရား

⁃ မြောက်မှာ ဓား ဆိုတဲ့နေရာတွေပါ။

ဘယ်နေရာတွေက ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ကြတာပေါ့ ...
.

(၁) ပိဋ္ဋကတ်သုံးပုံကျောက်စာတိုက်ကြီး


အဲဒီနေရာကတော့ လူတွေ သိပ်မသိသေးတဲ့သမိုင်းထဲကအမွေအနှစ်တစ်ခုပေါ့။ ပိဋ္ဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်ထားပြီး ကျောင်းဆောင် (၄) ဆောင်နှင့်ထားထားတဲ့ နေရာပါ။ ကျောက်စာချပ်ပေါင်း ၃၉၉ ချပ်ရှိပြီး ဓနုဖြူမြို့ရဲ့ ဆောင်ပုဒ်ထဲက "အနောက်မှာ တရား" ဆိုတဲ့ နေရာပါ။ အလယ်မှာ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးကိုလည်း တည်ထားပါတယ်။ ကျောင်းဆောင်တွေရဲ့အနောက်ဖက်မှာတော့ သံတန်ဆောင်း ဆိုတာ ရှိပါတယ်။ သမိုင်းထဲက နေရာတစ်ခုဘဲ လို့ ပြောပါတယ်။

ရန်ကုန်ဘက်က လာရင် လမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းမှာရှိပါတယ်။ "သမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနှင့် ပိဋ္ဋကတ်သုံးပုံ ကျောက်စာတိုက်ကြီး"ဆိုပြီး ဆိုင်းဘုတ်ရှိပေမယ့် မထင်မရှားလေးပါ။

(၂) မဟာဗန္ဓုလ အုတ်ဂူ


"မြောက်မှာ ဓား" ဆိုတဲ့ နေရာပါ မဟာဗန္ဓုလကို လူတိုင်းက ရာဇဝင်ထဲက စစ်သူကြီးလို့ သိကြပေမယ့် သူရဲ့ အုတ်ဂူ တည်နေရာကို သိသူကတော့ ရှားပါးလှပါတယ်။ မြို့ထဲကနေ ပတ်ဝင်ပြီး သွားရတာပါ။ မြို့ရိုးလမ်း နိုင်ငံတော်အစိုးရ ပါဠိ တက္ကသိုလ် ကျောင်းဝင်းထဲမှာ ရှိပြီး မြို့ရိုးလို့ ယူဆရတဲ့ နေရာမှာပါ။ ပါဠိတက္ကသိုလ် ဘုန်းကြီးကျောင်းဟာလည်း ရှေးကျလှတဲ့ အဆောင်အယောင်နှင့်မို့ လေ့လာသင့်ပါတယ်။

နံဘေးမှာတော့ မဟာဗန္ဓုလ ပန်းခြံ ဆိုပြီး မဟာဗန္ဓုလ ကြေးရုပ်နှင့် ပန်းခြံ တစ်ခုရှိပါတယ်။

(၃) ကျိုက္ကလွန်ပွန်း ဘုရား

"တောင်မှာ ဘုရား" ဆိုတဲ့ အတိုင်း ဓနုဖြူမြို့ရဲ့ သမိုင်းဝင် စေတီတော်တစ်ဆူပါ။ ရန်ကုန်ဘက်ကလာရင် လမ်းရဲ့ ညာဘက်မှာ ကျိုက္ကလွန်ပွန်းဘုရားသို့ ဆိုတဲ့ ဆိုင်းဘုတ်အတိုင်းဝင်ခဲ့ပါ။ ကျောင်းဆောင်တွေ ဘုရားတည်ထားပုံတွေက ရှေးဟောင်းဘုရားဆိုတာ သိသာလှပါတယ်။

ထို ဘုရားကို ပြုပြင် တည်ဆောက် လှူဒါန်းသူများ အဆက်ဆက် ရှိပေမယ့်လည်း တတိယမြောက် ဒါယိကမ ဖြစ်သော ပုသိမ် သမုဒ္ဒဃောသမင်း၏ မိဖုရား ဥမ္မာဒန္တီ သည် အထင်ရှားဆုံးလို့ ဆိုကြပါတယ်။ ဘုရားရဲ့ ရွှေထီးတော်မှ ပေါင်းလောင်းနှင့် ညောင်ရွက်များတွင် ရေးထိုးထားသော စာများအရ သာသနာသက္ကရာဇ် ၉၂၇ ခုနှစ်ကတည်းက ဓနုဖြူ ဟူသော အမည်တွင်ခဲ့တာက်ု သိရှိခဲ့ရပါတယ်တဲ့။
.

(၄) ဥမ္မာဒန္တီ ကမ်းခြေ

ကျွန်တော်တို့ ဘုရားတွေဖူးပြီးတော့ ညနေဖက် အေးဆေး သွားထိုင်တဲ့နေရာလေးပေါ့။ သူက ကျိုက္ကလွန်ပွန်း ဘုရား အရှေ့ဖက်ကို ဆင်းလိုက်တာနှင့် ဧရာဝတီမြစ်ကမ်းက သောင်ခုံပေါ်မှာရှိတာပါ။ မြစ်ကမ်းဘေးမို့ ကမ်းခြေအစစ်ကြီး မဟုတ်ပေမယ့် day trip လောက်လေး အနားယူဖို့တော့ အာသာပြေလောက်မှာပါ။

မြစ်လယ်ကသောင်ခုံပေါ်ကို သွားသင့်ပါတယ်။ အသွားအပြန် လှေခ တစ်ယောက် ငါးရာပါ။ ဈေးက သတ်မှတ်ထားပြီးသားမို့ ကြိုက်တဲ့လှေစီးပြီးသွား ကြိုက်တဲ့လှေစီးပြီးပြန်ပါ။ ရေကတော့ တိမ်တိမ်လေးဘဲ ရှိတာပါ။ သောင်ခုံပေါ်မှာ ဓာတ်ပုံရိုက်လို့ ကောင်းတာက ကျူပင်တွေ ရှိတဲ့ နေရာလေးပါ။

ခဏအေးဆေးနားပြီး ရေလေးဆော့ ပြီးတော့ ကမ်းကို ပြန်လာ ပြီးတော့ ရန်ကုန်ပြန်ပေါ့။ ကမ်းခြေအစစ်ကြီး မဟုတ်တာမို့ ကမ်းခြေလိုမျိုးကြီးတော့ အရမ်းမမျှော်လင့်ထားစေချင်ဘူး။ ကြိုပြောထားတာ ... မင်းဟာက ဘာမှလည်းမဟုတ်ဘူးဆိုပြီး လာပြောကြမှာကြောက်လို့ ... သူ့နေရာနှင့် သူ့အလှပေါ့ဗျာ။ Road trip အနေနှင့် စိတ်ကျေနပ်မှုတော့ ရမှာပါ။ ကမ်းခြေလို့ ခေါ်ကြပေမယ့် ကမ်းခြေလို့ မမှတ်စေချင်ဘူး။ ဧရာဝတီ မြစ်ကမ်းဘေးမှာ အုန်းရေးသွားသောက်တယ်ပေါ့။

အဲပြီးတော့ ဓနုဖြူမြို့ရဲ့ ဆောင်ပုဒ်ထဲက "အရှေ့မှာ နဂါး" ဆိုတာ ဧရာဝတီမြစ်ကို ပြောတာတဲ့။
Day trip အနေနှင့် သွားနိုင်တော့ တတ်နိုင်သမျှ စောစောထသွားပါ ။ ဇလွန်ပြည်တော်ပြန်ဘုရားကို အရင်ဝင်ဖူးပါ။
ဥမ္မာဒန္တီ ကမ်းခြေကို နေအေးမှ သွားပါ။ ရန်ကုန်စောစော ပြန်ရောက်ချင်ရင်တော့ ငါးနာရီလောက် ပြန်ထွက်ခဲ့ပေါ့။ ရန်ကုန်နှင့် ဓနုဖြူက နှစ်နာရီကျော် သုံးနာရီလောက်တော့ မောင်းရပါ တယ်။

ထုံးစံအတိုင်း ပြောရရင် နေရာလေးတွေကို သေချာထိန်းသိမ်းပေးစေချင်ပါတယ်။ သွားတဲ့သူတွေကိုလည်း responsible traveler တွေ ဖြစ်စေချင်ပါတယ်။ အမှိုက်မပစ်ပါနှင့်။ တတ်နိုင်သမျှ ထိန်းသိမ်းပေးကြပါလို့ ...

သမိုင်းကြောင်း ဒီထက်ပိုသိသောသူများကလည်း ဖြည့်စွက်ပေးစေချင်ပါတယ်။ information အနေနှင့် ထပ်ထည့်ပေးချင်လို့ပါ။ ဓနုဖြူ နှင့် ပတ်သက်လို့ အမှားများရှိရင် ပြင်ဆင်ပေးစေချင်ပါတယ်။ သမိုင်းကြောင်းက ကျွန်တော် ရှာဖတ်လို့ ရသလောက်လေး ထည့်ပေးထားပါတယ်။

နောက်ဆုံးမှာချင်တာကတော့ အဲလို လူသိပ်မသိသေးတဲ့ သမိုင်းဝင် နေရာတွေ များများ ပေါ်ထွက်လာစေချင်သလို အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့လည်း တိုက်တွန်းချင်ပါတယ်။
.

အားလုံး ပျော်ရွှင်တဲ့ ခရီးလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

Best From Htoo

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


သမိုင်းတို့ရှိရာ ဓနုဖြူမြို့ဆီသို့ တစ်နေ့တာ ခရီး
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း