မြန်မာအကြောင်းသိကောင်းစရာ

2020-05-11edit MingalaGO

မြန်မာနိုင်ငံလို့ပြောလိုက်တာနဲ့ ပထမဆုံးမှတ်မိကြမှာကတော့ စေတီပုထိုးတွေနဲ့ ဘုရားကျောင်းကန် တွေလို့ ပြောရမှာပါ။ လူဦးရေ ၈၅ ရာခိုင်နှုန်းက ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး စေတီပုထိုး ဘုရားကျောင်းကန် တွေနဲ့ ပြည့်နှက်နေတာကြောင့် ရွှေနိုင်ငံ လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ မြန်မာပြည် အနှံ့ ရွှေရောင် စေတီတွေ တွေ့မြင်နိုင်ပါတယ်။

မြန်မာပြည်မှာ ကျော်ကြားတဲ့အရာတွေ

ရွှေတိဂုံဘုရား

ရန်ကုန်မြို့မှာစတင်ခြေချလိုက်တာနဲ့ အရင်ဆုံးသွားသင့်တဲ့ နေရာကတော့ ခံ့ညားလှတဲ့ ရွှေတိဂုံဘုရားပါ။ မြန်မာနိုင်ငံရဲ့ အမှတ်အသားလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ အတွက် မဖြစ်မနေသွားသင့်တဲ့နေရာ ပါ။ အရေးပါလှတဲ့ အခမ်းအနားတွေဖြစ်တဲ့ ရှင်ပြုပွဲတွေဆိုရင် မြန်မာဝတ်စုံများ သပ်ရပ်စွာ ဝတ်ဆင်ပြီး ရွှေတိဂုံ ဘုရားကို လာရောက် ကြတာ တွေ့နိုင်ပါတယ်။

မကြာသေးမီကမှ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပုဂံ ဟာဆိုရင်လည်း နိုင်ငံခြား သားတွေရဲ့ စိတ်ဝင်စားမှုအများဆုံးခံရတဲ့ နေရာလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံကို လာချင်ရတဲ့ အဓိက အကြောင်းအရင်း တစ်ခုလို့ တောင် ပြောနိုင်တဲ့ ပုဂံ ဟာ မန္တလေးတိုင်းမှာ တည်ရှိပြီး ရာစုနှစ်ပေါင်းများစွာထဲက တည်ထားတဲ့ မြို့တော်ကြီး ပါ။ စေတီပုထိုး အဆောက်အုံတွေကို အုတ်တွေနဲ့ တည်ထားတာတွေ့ ရမှာပါ။ သစ်သား အဆောက်အုံတွေကတော့ ငလျင်ဒဏ်တွေ လေဒဏ် မိုးဒဏ်တွေကြောင့် ပြိုပျက်ကုန်ပါပြီ။ ဒါပေမဲ့  အုတ်တွေနဲ့ တည်ထားတဲ့ ဘုရားပေါင်း ၂၀၀၀ ကျော်ကို လေ့လာတွေ့ရှိနိုင်ပါသေးတယ်။

ပိသုကာလက်ရာ

တချို့မြန်မာ့ ဗိသုကာလက်ရာတွေက အိန္ဒိယက ဆင်းသက်လာတဲ့လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံက ဗြိတိသျှ လက်အောက်ခံ ဖြစ်ခဲ့တဲ့အတွက် ကိုလိုနီ အငွေ့အသက်တွေ တွေ့ရမှာပါ။ ရန်ကုန်က ကုန်သည်လမ်း တေလျောက်နဲ့ မြို့ထဲ နေရာတွေမှာ ကိုလိုနီ အဆောက်အဦးတွေ တွေ့နိုင်ပါတယ်။ မြန်မာ့ ပိသုကာ လက်ရာတွေကတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်း ပုဂံမှာ သွားရောက်လေ့လာနိုင်ပါတယ်။ ရှေးပိသုကာ ပညာရှင်တွေရဲ့ တီထွင် ဖန်းတီးမှုတွေကတော့ အံ့မခန်းပါပဲ။

မြန်မာ့ရိုးရာ

မြန်မာနိုင်ငံတွင်းမှာ လူမျိုးစုပေါင်း တစ်ရာကျော်နေထိုင်တာ ဖြစ်တဲ့ အတွက် ရိုးရာ ယဉ်ကျေးမှုပေါင်းစုံ ကိုးကွယ်ယုံကြည်မှု များစွာ ရှိပါတယ်။ အများစုကတော့ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ အတွက် ဗုဒ္ဓဘာသာ အစဉ်အလာတွေ ပိုလွှမ်းမိုးပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ပူဇော်ကြတာ ဆီမီး၊ပန်း၊ရေချမ်း ကပ်လှူကြတာတွေ အစရှိတဲ့ ရိုးရာ ဓလေ့တွေ တွေ့ရမှာပါ။ ကောင်းမှုကုသိုလ် လုပ်ခြင်းဟာ သံသရာ အတွက်လို့ ယုံကြည်ကြ တဲ့အတွက် အရွယ်ရောက်ပြီးသား အမျိူးသားတိုင်း ရှင်ပြု ရဟန်းခံ လုပ်ကြပါတယ်။ ဘာသာရေးအခမ်းအနားအဖြစ် တန်ဖိုးထားကျင်းပ ကြတဲ့ ရှင်ပြုပွဲမှာ သားယောကျ်ားလေးတွေကို မင်းညီ မင်းသား ဝတ်စုံများဝတ်ဆင်ထားတာ တွေ့ရမယ့်အပြင် ဗမာ့ဆိုင်းဝိုင်းနဲ့ တခမ်းတနားပြုလုပ်တာကိုပါ လေ့လာနိုင်မှာပါ။ ဗုဒ္ဓဘာသာအပြင် တခြားရိုးရာ အခမ်းအနားတွေ အများအပြား ရှိတာကြောင့် ကိုယ်ပိုင် ယဉ်ကျေးမှုကိုယ်ဆီက ဆင်းသက်လာတဲ့ ရိုးရာတွေ လေ့လာနိုင်ပါသေးတယ်။

လူမျိုးစု

မြန်မာနိုင်ငံတွင်းမှာ လူမျိုးစုပေါင်း တစ်ရာကျော်ရှိသည့်အနက်မှာမှ အထင်ရှားဆုံးလူမျိုး ၈မျိုးခွဲခြား ထားပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့ စုပေါင်းနေထိုင် ကြတာပါ။ လူမျိုးစု တစ်စုဆီတိုင်းမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိကြပါတယ်။ ဗမာလူမျိုးစုကတော့ အများဆုံးလို့ ပြောရမှာပါ။

လူနေမှု အဆင့်အတန်းနှင့် ယုံကြည်မှု      

တခြားအာရှနိုင်ငံတွေမှာလိုပဲ မြန်မာ့ယဉ်ကျေးမှုတွင် ကြီးသူကို ရိုသေ ဟူသော အယူအဆက လွှမ်းမိုးနေဆဲပါ။ အနောက်နိုင်ငံတွေထက် အာရှနိုင်ငံတွေနဲ့ အယူအဆပိုတူတဲ့အတွက် အနောက်နိုင်ငံသားတွေထက် အာရှသား တွေက ပိုပြီး နားလည်နိုင်ပါလိမ့်မယ်။

အရင်ခေတ်လူနေမှုစနစ်မှာတော့ ယောကျ်ားလေးတွေက ပိုပြီး လွှမ်းမိုးနိုင်တဲ့ အနေအထားရှိပါတယ်။ အမျိုးသားတွေက ပိုပြီး ကြီးလေးတဲ့ တာဝန်တွေထမ်းဆောင် ပြီး အမျိုးသမီးတွေက နောက်လိုက်အနေနဲ့ ပံ့ပိုးရတဲ့ အနေအထားမျိုးပါ။ အိမ်တအိမ်ရဲ့ အိမ်ထောင်ဦးစီးတာဝန်ကို အမျိုးသားတွေကပဲ ယူတာကြောင့် အမျိုးသမီးတွေက အိမ်မှုကိစ္စ ထိန်းသိမ်းခြင်းနဲ့ သားသမီးတွေကို စောင့်ရှောက်ပါတယ်။ လက်ရှိ လွတ်လပ်တဲ့ ဒီမိုကရေစီ ခေတ်မှာတော့ လူနေမှုဘဝတွေ ပြောင်းလဲလာတာနဲ့အညီ အမျိုးသမီးများလည်း  တန်းတူ အခွင့်အရေးတွေရရှိပြီး အမျိုးသားများနဲ့ ရင်ဘောင်တန်းလာနေကြပါပြီ။

 

မိသားစု အရေး

မြန်မာမိသားစုများ ကတော့ တရင်းနှီးနဲ့ စုပေါင်းနေထိုင်ကြတာများပါတယ်။ လက်မထပ်မီ အချိန်အထိ မိဘတွေနဲ့အတူ နေထိုင်ကြတဲ့ ပုံစံမျိုးပါ။ အဖေက သြဇာလွှမ်းမိုးပြီး အိမ်မှုကိစ္စတွေကို မိခင်ဖြစ်သူက တာဝန် ယူလေ့ရှိပါတယ်။ မိသားစု ညစာကို နေ့တိုင်း တူစုံညီစားတတ်ကြတဲ့ ချစ်စရာ ဓလေ့မျိုးကို တွေ့ရမှာပါ။

မြန်မာ့နေစဉ် အစားအစာ

Typical Myanmar main dishes

ထမင်းနဲ့ဟင်းကတော့ အခြေခံ အစားအစာပါ။ ပုံမှန်အားဖြင့်တော့ တနေ့ကို နှစ်နပ်စားကြပြီး မနက်စာကို လက်ဖက်ရည်ဆိုင်မှ ဝယ်စားကြတဲ့ အလေ့အထမျိုး ရှိပါတယ်။ စားစရာများကို သက်သာတဲ့ဈေးနဲ့ ရောင်းချ နေသော လက်ဖက်ရည်ဆိုင်တွေကို နေရာအနှံအပြားမှာ အလွယ်တကူ ရှာတွေနိုင်ပါတယ်။

အားလပ်ချိန်များ

မနက်ပိုင်းဆို အဖွဲ့လိုက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေတာကို အင်းယားကန်ဘောင်တလျောက်၊ ကန်တော်ကြီးနဲ့ ပြည်သူ့ရင်ပြင်တွေမှာတွေ့ နိုင်ပါတယ်။ မနက်ခင်းရဲ့ သန့်စင်တဲ့လေကို ရရှိနိုင်သလို အားကစားအဖွဲ့ တွေမှာ အခမဲ့ ဝင်ရောက် ကစားနိုင်ပါသေးတယ်။

ညနေခင်းတွေဆိုရင်တော့ အခုနောက်ပိုင်းခေတ်စားလာတဲ့ ညဈေးတန်းတွေရှိပါတယ်။ အဝတ်အထည်တွေ အပြင် အစားအစာ အဓိကရောင်းကြတဲ့ night market ပုံစံပါ။ လူငယ်တွေအများဆုံးလာကြပြီး Yangon nightlife ကို အပြည့်အ၀ ခံစားချင်ရင်တော့ ဘီယာဆိုင်တွေ ဘားတွေ အများအပြားရှိတဲ့ ၁၉ လမ်းက အကောင်းဆုံးပါဘဲ။

အခြေခံလိုက်နာရမည့် အချက်များ           

မြန်မာနိုင်ငံမှာလည်ပတ်တဲ့အခါ အခြေခံ အချက်လေးတွေ သိသင့်တာရှိပါတယ်။ ဗုဒ္ဓဘာသာ နိုင်ငံဖြစ် တာကြောင့် ဘာသာရေးအဆောက်အအုံတွေ ဘုရားစေတီတွေမှာ အတိုဝတ်တာတွေ ဖိနပ်စီးတာတွေကို ခွင့်မပြုထားပါဘူး။ ဘုန်းကြီးကျောင်းဝန်းကျင်နဲ့ ဘုရားစေတီ ပေါ်မှာရှိတဲ့ ဝတ်ပြုတဲ့သူတွေ အနီးအနား စကားပြောခြင်း၊ ဖြတ်သွား ဖြတ်လာ ပြုခြင်းတို့က ရိုင်းပြတဲ့ အမူအရာပါ။ ဘုန်းတော်ကြီးများရှေ့မှ ဖြတ်လျှင် လည်း ခေါင်းငုံသွားတာ ဒါမှမဟုတ် အရင်ပေးဖြတ်တာမျိုး လုပ်တာ သင့်တော်ပါတယ်။

အခုပြောပြသွားတာတွေကတော့ မြန်မာလူမျိုးနဲ့ နိုင်ငံအကြောင်းသိကောင်းစရာ အချို့ဖြစ်ပါတယ်။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာအကြောင်းသိကောင်းစရာ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း