ဖားစည်သံတညံညံနဲ့ကရင်ပြည်နယ် တရက်တာခရီးစဉ်

2019-06-25edit Htoo

 

လတ်တလော နာမည်ကြီးနေတဲ့ တောင်ဝိုင်းတောင်ရှိရာမြေ ဒေါနတောင်တန်းကြီးနှင့် ထုံးကျောက်ဂူတွေ ရှိရာမြေ ဇွဲကပင်တောင်နှင့် သံလွင်မြစ်တို့နှင့် ပနံသင့်နေတဲ့မြေ ဖားစည်သံတစ်ညံညံနှင့် ကရင်တို့ရဲ့မြေ အဲဒီနေရာကို တစ်ရက်လောက်ဖြစ်ဖြစ် ခရီးထွက်ချင်ပါသလား။ စွန့်စားရတာကြိုက်တဲ့သူတွေအတွက် ဒေါနမြေ ကို သွားလည်ဖို့ တိုက်တွန်းချင်ပါတယ်။

တောင်ဝိုင်းတောင်ဟာ နာမည်ကြီးလာတာ နှင့် အလျောက် tours တွေကလည်း ခရီးစဉ်တွေဆွဲပြီးသွားနေကြသည်။လူများသည့် အား လျော်စွာ တောင်ဝိုင်းတောင်ဟာ အားလပ်ရက်တွေမှာ ကြိတ်ကြိတ်တိုးသည့်နေရာ တစ်ခုဖြစ်လာသည်။ သို့သော်လည်း ကျွန်တော်သွားခဲ့တာ ကတော့ weekday ဖြစ်သည့်အလျောက် လူလည်း ရှင်းပြီး အေးဆေး အနားယူမည့် သူတွေ လူရှုပ်တာကို မကြိုက်သော သူတွေအတွက်အဆင်ပြေပါသည်။ ပြီးတော့ နားနားနေနေ တက်ချင်တဲ့ လူတွေအတွက်လည်း ပိုအဆင်ပြေမည်ဟုထင်ရပါသည်။ တကယ်တော့ ကျွန်တော်သွားတော့ ဘားအံမှာ တောင်တွေရှိတယ်။ ဂူတွေရှိတယ်ကလွဲလို့ ဘာမှ မသိပါဘူူး သွားဖို့လည်း ကြိုမပြင်ဆင်ထားသလို ဖြစ်သလို သွားရတာကိုဘဲ ပျော်နေတတ်တဲ့ ကျွန်တော်ကတော့ လမ်းပျောက်နေရင်းနှင့်ကို ပျော်နေတာပါ။ တူတူလိုက်တဲ့ သူငယ်ချင်းသုံးယောက်ကလည်း နင့်ရှေ့ကသွား နင့်နောက်ဘဲလိုက်ခဲ့မယ်ဆိုတော့ ကိုယ်တွေက ပျော်တာပေါ့။ ဒါပေမဲ့ မဖြစ်ချေဘူးဆိုပြီး ဘားအံအကြောင်းဝင်ဖတ်ရပါတယ်။ ထုံးစံအတိုင်း Google-ing ပေါ့။ နည်းနည်းတော့ ရှက်မိတယ်။ အဲအချိန်မှာ ဘားအံအကြောင်းသေချာရေးထားတာဆိုလို့ foreigners တွေဘဲရှိတယ်။ ကိုယ်က ဒီကဆိုပေမဲ့ သူတို့ blogs တွေကို ပြန်ဖတ်ပြီး ခရီးသွားနေရတာတော့ တစ်မျိုးကြီးဘဲ။ အဲဒါကြောင့်လည်း စာတွေပြန်ရေးဖြစ်တာ။

 

အသွားခရီး

ကိုယ်တွေက အသွားခရီးကတော့ ကျွန်တော့်ထုံးစံအတိုင်း ရန်ကုန်ကနေ ဘားအံကို Express စီးပြီးသွားပါတယ်။ ရွှေမန္တလာ Express နှင့်ပါ ရန်ကုန်ကနေ ည ၈ နာရီထွက်ပြီး ဘားအံကို မနက်စောစော ၃ နာရီလောက်မှာ ရောက်ပါ တယ်။ ရောက်ရောက်ချင်းကတော့ အစောကြီးဖြစ်တာမို့ နည်းနည်းတော့ ကသိကအောက် နိုင်ပါတယ်။ ဆိုင်ကယ်ငှားတဲ့နေရာကလည်း မနက် ၇ နာရီလောက်မှ ဖွင့်တာမို့ နည်းနည်းတော့ ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့ကတော့ စောနေလည်း လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်မယ်ကွာဆိုပြီး သွားခဲ့တာပါ။ ဘားအံရောက်ရင် ဘားအံကားဂိတ်မှာ ဆင်းလည်းရသလို ကျွန်တော်တို့ကတော့ နာရီစင်ရှေ့မှာဆင်းခဲ့ပါတယ်။ နာရီစင်ရှေ့က ဆိုင်ကယ်ငှားတဲ့နေရာနှင့် ပိုနီးလို့ပါ။

 

ဘယ်နှင့်လည်မလဲ

ကျွန်တော်တို့က ကားနှင့်စာရင် ဆိုင်ကယ်နှင့် လည်ချင်တာမို့လို့ ဆိုင်ကယ်နှင့်ဘဲ ဘားအံမြို့ပတ်ခဲ့ပါတယ် ကားနှင့်လည်ချင်ရင်လည်း hotel တွေမှာ စုံစမ်းလို့ရတယ်လို့ ပြောပါ တယ်။ကျွန်တော်တို့ကတော့ နဂိုကတည်းက Motorbike Rental Service ကိုဘဲ လိုက်စုံစမ်းပြီးသွားတာ မို့ ကားနှင့်လည်တာကို မစုံစမ်းဖြစ်ခဲ့ပါဘူး။

Motorbikes Rental Service

(Ph: 05821622, 095660170, 09790152407)

သစ္စာလမ်း, ဘားအံ တကယ် ရောက်သွားတော့ တူတူသွားတဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းက အဲဒီမှာ အလုပ်သင်ဆရာဝန်မို့လို့ သူအိမ်မှာ ခဏဝင်နားရင်း သူဆိုင်ကယ်ဘဲ ယူသွားပါဆိုတော့ Motorbike Rental Service ကို စုံစမ်းခဲ့ပေမဲ့ အဲဒီ သူငယ်ချင်းအိမ်က ဆိုင်ကယ်နှစ်စီးနှင့်ဘဲ ကျွန်တော်တို့လေးယောက် လည်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း နေရာမသိတော့ ဘယ်လိုသွားလဲဆိုတော့ ဖုန်းထဲမှာ Map.me ဆိုတဲ့ application နှင့် သွားပါတယ်။ သွားရင်းနှင့် လမ်းပျောက်ရင် နီးတဲ့ လူကို မေးပြီး ဆက်သွားပါတယ်။ လမ်းပျောက်မှာ မကြောက်ပါနှင့်။ နိုင်ငံခြားက လူတွေတောင် ဒီအတိုင်း သွားနေသေးတာဘဲ Language problem မရှိတဲ့ ကျွန်တော်တို့ အတွက်ကတော့ လုံးဝ ပြဿနာမရှိပါဘူး။

 

တောင်ဝိုင်းတောင်

အဲဒီနေရာကတော့ လတ်တလော hot အဖြစ်ဆုံး နေရာပေါ့။ ကျွန်တော့် wanderlust plan ရဲ့ main point ပါ။ ဘားအံက သူငယ်ချင်းအိမ်မှာ မနက် ၅ နာရီလောက်ထိ ခဏနား ပြီးတော့ မနက် ၅ နာရီကျော်တော့ ဆိုင်ကယ် နှစ်စီးနှင့် လူလေးယောက် တောင်ဝိုင်းတောင် သို့ စချီတက်ပါတယ်။ မြို့ထဲကနေ တောင်ဝိုင်း တောင်ခြေအထိ တစ်နာရီကျော်ကျော် မောင်းရပါတယ်။

Maps.me ထဲမှာတော့ တောင်ဝိုင်း တောင်ကို ရှာလို့မရပါသေးပါဘူး။

ကျွန်တော်တောင်ထိပ်ရောက်တော့ အဲဒီ application ထဲမှာ save new destination လို့တော့ လုပ်ပြီး request form ပို့ခဲ့ပါတယ်။ ခုတော့ ရပြီလားမသိဘူူး။ ဒါပေမဲ့ လမ်းပေါ်မှာ တွေ့တဲ့လူတွေကို မေးလို့ရပါတယ်။ အားလုံးက သေချာ လမ်းညွှန်ပေးကြပါတယ်။ ဘားအံ နာရီစဉ်ဘက်ကနေလာရင် မီးပွိုင့် လေးခုမြောက်မှာ ဘယ်ဘက်ကို ချိုးရပါတယ်။အဲဒီလမ်းရဲ့ ထိပ် ညာဘက်မှာတော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိပါတယ်။ အဲဒီကနေတည့်တည့်ဝင်ရင် ဂေါက်ကွင်း ကားမောင်းသင်တန်းကွင်းတွေကို ကျော်ပြီးရင် လမ်းရဲ့ ညာဘက်မှာ ထုံးဖြူဖြူ စေတီတစ်ခုကို အဝေးကနေလှမ်းတွေ့ရင် သေချာကြည့်ပါ။ တောင်ဝိုင်းတောင်သို့ ဆိုတဲ့ ဆိုင်းဘုတ်လေး လမ်းနံဘေးမှာကပ်ထားတာကို တွေ့ပါလိမ့်မယ်။ အဲလမ်းအတိုင်း ၅ မိနစ်လောက်ဝင်ပြီးရင် မြေနီလမ်းစပါပြီ။ ကိုယ်ပိုင်ကားနှင့်သွားရင်တော့ ကားအမြင့်မှ ရပါမယ်။

 

ဆိုင်ကယ် ဒါမှမဟုတ် ဒိုင်နာကားကတော့ အဆင် အပြေဆုံးပါ တစ်နာရီကျော်ကျော်လောက်မောင်းပြီးရင် တောင်ခြေကို ရောက်ပါပြီ ။ ဆိုင်ကယ်ကို တောင်ခြေမှာ အပ်ထားခဲ့လို့ရပါတယ်။ တစ်စီးကို ငါးရာ ပေးရပါတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းလေးထဲ ဝင်သွားရင် တောင်ပေါ်စတက်ဖို့ ကျောက်လှေခါးလေးစတွေ့ပါမယ်။ တောင်ကတော့ တောလမ်းကိုဘဲ လှေကားလေးတွေ ဖောက်ထားတာပါ။ လူများတဲ့အချိန်ဘယ်လိုတက်ကြလဲမသိပေမဲ့ ကျောက်လှေကားလေးတွေက ခြေတဖဝါး စာသာသာဘဲ ရှိပါတယ်။ လမ်းကလည်း ကျဉ်းပါတယ်။ အတက်တစ်ယောက် အဆင်းတစ်ယောက် လောက်သာ အဆင်ပြေပါတယ်။ နားနေစခန်းသုံးခုရှိပြီးတော့ တောင်တက်လမ်းတစ်လျှောက် ဘာမှ မရှိတဲ့အတွက် ရေသန့်ဘူး ဘာညာ လိုအပ်သည်များကို ကိုယ်နှင့်တစ်ပါတည်း တောင်ခြေကတည်းက ယူဆောင်သွားဖို့လိုပါတယ်။ သံလှေကားကတော့ ကျောက်ဆောင်တွေပေါ်မှာ ဆောက်ထားတာပါ။ ခံခိုင်မှုရှိပေမဲ့ လူအများနှင့် ကြာလာရင် ခံနိုင်မည် မဟုတ်လို့ မြင်မိပါတယ်။ ရောက်သွားရင်တော့ ငါလုပ်နိုင်တာ် ဆိုတော့ feeling ကတော့ ခံစားဖူးသူတိုင်းသိမှာပါ။ ဓာတ်ပုံလှလှ ရိုက်ချင်ရင် အေးဆေးနားနေချင်ရင်တော့ weekdays သွားဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်တို့ဆို အစောကြီးတက်ခဲ့တော့ အပေါ်ရောက်တော့ မြူတွေဘဲ ရှိတယ်။ ဘာမှကို မမြင်ရတာပါ။ ခဏလေးနေတော့ မြူတွေတစ်ဖြည်းဖြည်းလွင့်ပြီး လယ်ကွင်းတွေပေါ်လာတာကတော့ ဘာနှင့်မှလဲလို့မရတဲ့ မြင်ကွင်းပါ။ အဆင်းကတော့ တော်တော် သတိထားရပါတယ် အဆင်းကပိုခက်ပါတယ် လမ်းတွေက ချော်နေတဲ့အတွက် ချော်လဲကျဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။ ကျွန်တော်တို့ကတော့ အတက် တစ်နာရီ အဆင်းတစ်နာရီနှင့် အပေါ်မှာ တစ်နာရီခွဲလောက်နီးနီးနေခဲ့ပါတယ်။

အကြံပေးချင်တာကတော့ ⁃ Tour တွေအနေနှင့် လူဦးရေကန့်သတ်သင့်ပါသည်။ ရေရှည်ကို စဉ်းစားစေချင်ပါသည်။ လှေကားက ကြာလာလျှင် weight မခံနိုင်တော့မှာ စိုးလို့ပါ ⁃ အမှိုက်သေချာပစ်စေချင်ပါတယ်။ လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ချပေးထားပါလျက် အမှိုက်တွေတော်တော် ပေပွနေတာကို မြင်ခဲ့ရလို့ပါ ⁃ ကျောက်နံရံတွေမှာ correction pen တွေနှင့် ရေးတာကိုလည်း ရှောင်ကြဉ်စေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အလှတွေကို ကိုယ့်ဘာသာ ဖျက်စီး နေကြတယ်လို့ဘဲ မြင်မိတယ်။ အားလုံးဝိုင်းဝန်းပြီးထိန်းသိမ်းစေချင်ပါတယ်။ အမြင့်ကြောက်တဲ့သူ တွေအတွက်တော့ အဆင်မပြေပါ။ တောင်ကတော့ လှေကားထစ်တွေဖြစ်နေလို့သာ တက်ရခက်တာပါ။ သာမန်လူတစ်ယောက် တက်နိုင်တဲ့ အနေအထားပါ။ အဆင်းကတော့ သတိထားစေချင်ပါတယ်။ တောင်ခြေပြန်ရောက်တော့ တောင်ခြေက အအေးဆိုင်မှာ ကြံရည်လေးသောက်ပြီး အေးဆေးနား ပြီးတော့ မြို့ထဲပြန်ထွက်ခဲ့ပါတယ်။ ဂူတွေလည်း ကြည့်ချင်သေးတယ်။ သို့သော် အချိန်ကလည်း တစ်ရက်ဘဲရတယ် ဆိုရင် တောင်ဝိုင်းတောင် တက်လိုက်တာနှင့် မနက်ပိုင်း ကုန်သွားတာမို့ ကိုယ်ကြည့်ချင်တဲ့ဂူကို သေချာလေး မှတ်ထားဖို့ အရေးကြီးပါတယ်။ ကျွန်တော်က ကြည့်လို့ရတဲ့ ဂူတွေကို ရှာမှတ်တယ်။ ပြီးတော့ maps.me မှာရှာပြီး mark လေးတွေပြ ထားလိုက်ပါတယ်။ ပြီးတာနှင့် အချိန်နှင့် ကိုက်ပြီး ကိုယ်သွားချင်တဲ့ ဂူတွေကို priorities ချပြီး စဉ်းစားပါတယ်။ ကျွန်တော်ကတော့ ကော့ကသောင်ဂူ၊ ဆန္ဒန်ဂူ နှင့် ကော့ဂွန်းဂူကို သွားကို သွားရမယ်လို့ အကြမ်းဖျင်းချထား လိုက်ပါတယ်။ အချိန်ရရင် ကြားထဲကဟာတွေဝင်မယ်။ မရရင်တော့ ကျော်သွားမယ်ဆိုပြီး လုပ်ထားလိုက်ပါတယ်။

 

 

ကော့ကသောင်ဂူ

 တောင်ဝိုင်းတောင်ကနေ ပြန်ထွက်လာပြီး main လမ်းမကြီးပေါ်ပြန် ရောက်ရင် မြို့ထဲ ပြန်မဝင်သေးဘဲ မြို့ပြင်ဘက်ကို ဆက်ထွက်ခဲ့ပါ မိနစ်၂၀ လောက်မောင်းပြီးရင် လမ်းရဲ့ ဘယ်ဘက်မှာ ကော့ကသောင်ဂူလို့တွေ့ရပါလိမ့်မယ်။ အဲဒီ မုဒ်ဦးအတိုင်း ဝင်လိုက်ရုံပါဘဲ။ အထဲမှာ ရေတံခွန် နှင့် ရေကန်လေးတစ်ခုလည်း ရှိပါတယ်။ ရေကူးလို့ရတယ်လို့ပြောပါတယ်။ အချိန်မရတော့ ဂူကိုဘဲ လေ့လာပြီး ပြန်ထွက်ခဲ့ပါတယ်။

 

ဆန္ဒန်ဂူ

အဲဒီကနေပြန်ထွက်တော့ တည့်တည့်ကြီးမြို့ပြင်ကို ထွက်ခဲ့ပါ သူတို့အခေါ်ကတော့ အင်ဒူရွာဘက်ပေါ့။ အဲဒီနားမှာ ပထမ လမ်း နှစ်ခွကိုတွေ့ရင် မကွေ့ဘဲ ဒုတိယ လမ်းနှစ်ခွကျမှ ဈေးလိုလို နေရာလေးတွေ့ရင် ညာဘက်လမ်းကို ချိုးလိုက်ပါ။ အဲဒီမှာ လမ်းရဲ့ ညာဖက် ဝင်ဝင်ချင်းလေးမှာ ဆန္ဒန်ဂူသို့ 7km ဆိုပြီးတွေ့ပါလိမ့်မယ်။ အဲဒီလမ်းအတိုင်းသာ တည့်တည့်ဝင်ခဲ့ပါ။ ဆန္ဒန်ဂူဆီ ရောက်သွားပါလိမ့်မယ်။ ဆန္ဒန်ဂူကတော့ ဆန္ဒန်ဆင်မင်းနေခဲ့တဲ့ ဂူဆိုပြီး နာမည်ကြီးပါတယ်။ ဂူအနေအထား ဂူအကျယ်ကတော့ အံသြ မင်သက်ဖွယ်တွေ့ရပါလိမ့်မယ်။ဂူလမ်းဆုံးကိုရောက်အောင်သွားပါ။ အဲဒါကတော့ must do ပါ။ ကျွန်တော့်ရဲ့ highlights ထဲမှာ အဲဒါကလည်းတစ်ခုအပါအဝင်ပါ ဂူအလယ်လောက်မှာ လင်းနို့တွေတွေ့ပါလိမ့်မယ်။ လူတွေကို အန္တရာယ်မပေးတာမို့ စိတ်ချလက်ချသာဆက်သွားပါ။ မီးတွေထွန်းထားပေမဲ့ ကျွန်တော်တို့ ဂူအလယ်လောက်အရောက်မှာ မီးပျက်သွားတော့ ဖုန်းမီးလေးတွေဖွင့်ပြီး ဂူကြီးမျက်မဲထဲ ဒီအတိုင်း သွားခဲ့ရ တာတော့ မမေ့နိုင်တဲ့ အရာတစ်ခုပါ။ ဂူအဆုံးမှာ ဂူအပေါ်ကနေ အလင်းရောင် လေးတွေဖျာကြနေတဲ့ နေရာက တော့ photographer တွေအတွက် စိတ်ကြိုက်နေရာတစ်ခုပါ ပြီးတော့ ဂူရဲ့ အရှေ့ဘက်ကို လှေစီးပြီး ပြန်ခဲ့ပါ အဲဒီကလည်း လုပ်ကို လုပ်သင့်တဲ့ အရာတစ်ခုပါ။ လှေစီးပြီး ဂူအောက်ထဲ ဖြတ်သွားရတာ ပြီးတော့ ပတ်ဝန်းကျင်ရှုခင်း အရမ်းကို မိုက်တဲ့ ခံစားချက်တစ်ခုပါ။

 

 

ကော့ကွန်းဂူ

သူကတော့ သံလွင်မြစ်ရဲ့တစ်ဖက်ကမ်းမှာပါ။ ဆန္ဒန်ဂူက ပြန်ထွက်ရင် ညာဖက်ကို ချိုးပြီး ၃၀ မိနစ်ခန့်မောင်းရင် လမ်းမကြီးပေါ်ပြန်ရောက်ပါတယ်။ အဲဒီလမ်းမကြီးပေါ်ကနေ ညာဘက်ကို ယူပြီး သံလွင်တံတားဆီ ရောက် အောင်သွားပါ။ လမ်းမှာ ကျောက်ကလပ်ကိုလည်း ဝင်လေ့လာလို့ရပါတယ်။ သံလွင်တံတားဖြတ်ပြီး ဟိုဘက်ကမ်းရောက်ရောက်ချင်း ဘယ်ဘက်မှာ ကော့ကွန်းဂူသို့ ဆိုတဲ့ ဆိုင်းဘုတ်တွေ့ပါလိမ့်မယ်။ အဲဒီအတိုင်းဝင်သွားပါ။ အဲဒှီာ ရသေ့ပျံဂူသို့ ဆိုတာနှင့် ကော့ကွန်းဂူသို့ဆိုပြီး လမ်းညွှန်ထားတာ တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အချိန်မရလို့ ကော့ကွန်းကိုဘဲ တိုက်ရိုက်သွားလိုက်ပါတယ် ကော့ဂွန်းက ဂူထဲမှာ တော်တော်လှတဲ့ဂူပါ။ အုတ်ခွက် ဘုရားများနှင့် ဂူနံရံတွေရာ ၇ -၁၇ ရာစုက လက်ရာတွေကို ထင်ဟပ်စေပါတယ်။ မျောက်တွေလည်းရှိပေမဲ့ မုန့်ပါတဲ့လူကိုဘဲ ကပ်ပြီး ကျန်တဲ့သူတွေကို လှည့်တောင် မကြည့်သော ခပ်ချေချေ မျောက်တွေပါ။ ကော့ကွန်းရောက်ရင် လုပ်ကို လုပ်ရမှာက ဂူအပေါ်ကို တက်တာပါ။ လှေကားရှိပါတယ်။ အပေါ်ထိရောက်အောင်တက်ပါ။ တော်တော်ကြီးကို လှတဲ့ရှုခင်းကြီးက စောင့်ကြိုနေမှာပါ။ ကျွန်တော်တို့ကတော့ အဲဒီကဘဲ sunset ကြည့်ခဲ့ပါတယ်။ ကျန်တဲ့ဂူတွေဆက်ကြည့်ချင်ပေမဲ့လည်း အချိန်မပေးနိုင်တာကြောင့် ဒီလောက်နှင့်ဘဲ ကျေနပ်ခဲ့ရပါတယ်

 

ညလည်း မှောင်လာတော့ သံလွင်တံတားကို ပြန်ဖြတ်ပြီး မြို့ထဲ ပြန်ဝင်ခဲ့ပါတယ်။ မထင်မှတ်ထားတာက မိုးရွာတာပါဘဲ မိုးလည်းရွာရော ဆိုင်ကယ်နှင့်ဆိုတော့ လူတွေက ကြွက်စုတ်ကို ဖြစ်သွားတာ။ မြို့ထဲ ပြန်ရောက်တော့ သူငယ်ချင်းအိမ်မှာ ရေဝင်ချိုးပြီး ည ၉နာရီကားကို ရန်ကုန်က တစ်ခါတည်း လက်မှတ်ဖြတ်ခဲ့တော့ ရွှေမန္တလာ Express နှင့်ဘဲ ရန်ကုန်ကို ပြန်ခဲ့ပါတယ်။ ရန်ကုန်ကို မနက် သုံးနာရီလောက် ပြန်ရောက်ပြီး ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ နောက်တစ်ခေါက်တော့ တစ်ရက်သွားပြီး ဂူတွေချည်း သွားကြည့်မည်ဟု စိတ်ကူးရင်းနှင့်ပေါ့။ ကျွန်တော် ခရီးတစ်ခုထွက်တိုင်း ကြုံရာမှာဘဲ စားတတ်ပြီး ဘယ်ဆိုင်တွေ ကောင်းလည်း ဆိုတာ မသိလို့ စားသောက်ဆိုင်တွေရယ် ညအိပ်ရုံလောက်ဘဲ hotel မှာတည်းတဲ့အတွက် hotel အကြောင်းတွေရယ် ထည့်မရေးထားနိုင်တာတော့ တောင်းပန်ပါတယ်။ လူတော်တော်များများက hotel & restaurant information ဘဲ လာလာမေးကြလို့ပါ။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဖားစည်သံတညံညံနဲ့ကရင်ပြည်နယ် တရက်တာခရီးစဉ်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း