ရေခဲတတ်တဲ့ မိုးကုတ်မြို့က ဘားနတ်ဒ်ရွာ

2020-01-06edit Htoo

လူတွေရဲ့ နေ့စဉ်ဘဝ နှင့် ပြောင်းလဲလာတဲ့ ရာသီဥတုက ပူလောင်လွန်းတဲ့အခါ ကိုယ်ပိုင် အနားယူ ခရီးထွက်ချိန်အတွက် အေးချမ်းတဲ့နေရာကိုဘဲ ရှာဖွေလာတတ်တယ်။ အားလပ်ရက် ခရီးတွေရွေးတဲ့အခါ အားတဲ့ နေရာတွေ သွားချင်တတ်ကြတယ်။ ဒါကြောင့်လည်း ဒီနှစ်ပိုင်းအတွင်း ကြည့်မယ်ဆို မြန်မာနိုင်ငံတွင်းက အေးတဲ့ရာသီဥတုဘက် အားသာတဲ့ မြို့တွေဟာ ခရီးသွားတွေရဲ့ အသွားအများဆုံး နေရာတွေ ဖြစ်လာတာကို တွေ့ရမှာပါ။

အခုလည်း မြန်မာနိုင်ငံရဲ့ တောတောင်တွေကြားက ပတ္တမြားမြေ မိုးကုတ်မှာ ဆောင်းရာသီရဲ့ မနက် မနက်ဆို ရေခဲတတ်တဲ့ ရွာလေး တွေ့ရပြန်ပြီတဲ့။ ဒီရွာလေးဟာ အခုဆို ဆောင်းရာသီတွင်းဆို ခရီးသွားတွေနှင့် စည်ကားတတ်လာပြီ။ ရေခဲကွင်းပြင်ကြီးက အလုအယက် ဓာတ်ပုံရိုက်နေတဲ့ လူတွေနှင့် မနက် မနက်ဆို သာယာနေလေပြီ။ ရေခဲ မခဲတဲ့ မနက်ဆို တောက်ခေါက်ပြီး မိုးကုတ် ပြန်လာကြသူတွေနှင့်လည်း ရွာလေးဟာ ခရီးသွားတွေ တသဲသဲ နှင့် ဖြစ်လာနေလေပြီ။


ဒါကတော့ မိုးကုတ်မြို့ ပြောင်ခေါင်းအရပ်က ဘားနတ်ဒ် (သို့မဟုတ်) ရွာသာယာဆိုတဲ့ အေးချမ်းတဲ့ ရွာလေးပါ။ ကိုယ်ဟာ ဒီရွာလေးကို နှစ်ခါမြောက် ရောက်ပြီး သကာလ ရေခဲတာရော ရေမခဲတာရော ကြုံခဲ့ရသူမို့ ဒီတစ်ခေါက် ကိုယ်သွားခဲ့တဲ့ မိုးကုတ်မြို့လေး အကြောင်း    မရေးခင် ဒီရွာလေးအကြောင်း ပြောပြချင်မိတယ်။

ကဲ .... ကိုယ်နှင့်အတူ ရေခဲတတ်တဲ့ ရွာလေးကို သွားကြည့်ကြရအောင်။

ဘားနတ်ဒ်ရွာ ဆိုတာ


အခု လူတွေ ပြောပြောနေတဲ့ ဘားနတ်ဒ်ရွာ ဆိုတာ တကယ်တော့ အင်္ဂလိပ်ခေတ် အငွေ့အသက်တွေနှင့် အမှတ်ရစရာ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေး တစ်ခု ဖြစ်ပါတယ်။ မန္တလေးတိုင်း ထဲမှာ ရှိတဲ့ မိုးကုတ် မြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၀ ခန့် အကွာ ပြောင်ခေါင်းတောင်ကြားမှာ ရှိပြီး ဘားနတ်ဒ် (သို့မဟုတ်) ရွာသာယာမြို့ လို့ ခေါ်ပါတယ်တဲ့။ ၁၈၈၀ လောက်က တပ်စခန်းမြို့အဖြစ် တည်ရှိခဲ့ပြီး တည်ထောင်ပေးခဲ့တဲ့ အထက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဆာချားလ်အက်ဒွတ် ဘားနတ်ဒ် ရဲ့ အမည်ကို အစွဲပြု မှည့်ခဲ့တာလို့ ပြောပါတယ်။

 

ဘယ်လိုသွားရမလဲ

ဘားနတ်ဒ်ရွာက မိုးကုတ်မြို့ကနေ ကိုးမိုင်ကျော်လောက် ဝေးပါတယ်။ ကားနှင့် သွားရင်တော့ တစ်နာရီ နီးပါးလောက် ကြာတယ်။ ကားမြင့်မှ သွားလို့ အဆင်ပြေမှာပါ။ ပြီးတော့ ကားမောင်းတဲ့ လူကလည်း တောင်တက်လမ်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ ကားကို ကိုယ်တိုင် မောင်းသွားခဲ့တာပါ။


တကယ်လို့ အဲဒီကို ကားငှားချင်တယ် ဆိုလည်း ကျွန်တော့်ကို နှစ်ခေါက်လုံး ကိုယ်တိုင် မောင်းပို့ပေးခဲ့တဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက ယမင်း အဆင်မြင့် ဧည့်ရိပ်မွန် နှင့် စားသောက်ဆိုင် ( ☎️ - 08620440, 08620627, 09257071701, 09257071702) မှာ စုံစမ်း မေးမြန်းနိုင်ပါတယ်လို့။

မိုးကုတ်ကနေ ဘားနတ်ဒ် အသွားအပြန် ကားငှားမယ်ဆိုရင် ကားခကတော့ သုံးသောင်းလောက် ပေးရပါတယ်။



ဘယ်အချိန်သွားရမလဲ

ဘားနတ်ဒ်ရွာမှာ ရေခဲတတ်တဲ့ အချိန်ကတော့ ဒီဇင်ဘာလ လကုန်ပိုင်းလောက်နေ ဇန်နဝါရီလ ဒုတိယ အပတ်လောက်အထိ ဘဲ ပုံမှန် ခဲတာတဲ့။ တစ်ခါတစ်လေ ကံကောင်းရင်တော့ ဖေဖော်ဝါရီ လလယ်လောက်အထိ တွေ့ရတယ်တဲ့။ နေ့တိုင်းခဲနေတာမျိုးလာ်း မဟုတ်ပြန်ဘူးတဲ့။ ခဲပြန်တော့လည်း ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ရေခဲပြင်ကြီးကနေ ရေခဲသေးသေးလေးတွေဘဲ တွေ့ရတာလည်း ဖြစ်နေပြန်ရောတဲ့။

ရေခဲတဲ့ အချိန်ကတော့ နေမထွက်ခင် မနက်ခင်း အချိန် ဆိုတော့ မနက်အစောကြီးပေါ့။ ရေခဲတွေနှင့် ဓာတ်ပုံရိုက်ချင်ရင်တော့ အလင်းရောင်ပျပျလေး မြင်ရပြီး နေလုံးကြီး တောင်ကြားထဲကနေ မထွက်လာသေးတဲ့ အချိန် ကို ရောက်အောင်သွားပါ။ မနက် ၆ နာရီကနေ ၇ နာရီ ခွဲလောက်ကြားပေါ့။ မိုးကုတ်ကနေဆို မနက် ၅ နာရီ လောက် ထသွားပါ။


ရေက အမြဲ ခဲတတ်တာလား 

ရေက အမြဲ ခဲတတ်တာလား မေးခွန်းကို ဖြေရမယ် ဆိုရင် ကျွန်တော်က NO လို့ဘဲ ဖြေပါရစေ။ ဘားနတ်ဒ်မှာ ရေခဲတာ တစ်နှစ်မှ ဒီဇင်ဘာလကုန် ပိုင်းလောက်ကနေ ဇန်နဝါရီလ လယ်ပိုင်းလောက် အထိပေါ့။ ဒါပေမယ့် အဲ အတောအတွင်း မှာတောင် နေ့တိုင်း မခဲပါ။ တစ်ခါတစ်လေ တစ်ချို့အပတ်တွေမှာ လုံးဝ မခဲတာလည်း ဖြစ်နိုင်ပါတယ်။

သိပ်အေးတဲ့ နေ့တွေ မိုးမအုံတဲ့ နေ့တွေဆို ခဲဖို့ အခွင့်အရေး ပိုများပါတယ်တဲ့။ မသွားခင် ရာသီဥတုကို ကိုယ်တည်းတဲ့ ဟိုတယ် နှင့် တစ်ချက် check ပါ။ ကျွန်တော်ကိုယ်တိုင်လည်း မနှစ်က သွားတုန်းက ဘာမှ မမြင်ရဘဲ ဒီတစ်ခေါက်သွားမှ ကံကောင်းထောက်မစွာ မြင်ခဲ့ရတာပါ။ ဒါကြောင့် ရေခဲတာက ကံ နှင့်လည်း ဆိုင်ပါတယ်လို့။


ဘာတွေ ထပ်လေ့လာလို့ရလဲ

ဘားနတ်ဒ် သွားရင် ရေခဲတာဘဲ ကြည့်ရမှာလား ဆိုတော့ .... NO ပါလို့ ... အဲဒါလေးတွေပါ တစ်ခါတည်း လေ့လာလို့ ရပါတယ်။ အပြန်ကျ မိုးကုတ် မြို့ရဲ့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို တွဲမြင်ရတဲ့ လေပေါက်ကိုတောင် ဝင်လို့ရသေး။

ဘားနတ်ဒ်ရွာ ရဲ့ ငါးရက် တစ်ဈေး

အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် ဒီတစ်ခေါက် ဒီဈေးကို လေ့လာချင်လို့ သွားခဲ့တာပါ။ ငါးရက် တစ်ဈေး ဆိုတော့ ဈေးနေ့ကျရင် အနီးအနားက တိုင်းရင်းသားတွေ မနက်အစောကြီး ဈေးခင်းတာတွေ၊ မီးလေး လှုံပြီး ဈေးရောင်းနေတာတွေကို လေ့လာလို့ ရမှာပါ။ ဒေသထွက် အရာတွေက လွှဲပြီး ကျန်တဲ့ အရာတွေတော့ မဝယ်ကြဖို့ ပြောချင်ပါတယ်။ ကိုယ့်မှာ ဖိနပ်က ရွှံနှစ်ပြီး လုံးဝ စီးလို့မရတော့တာမို့ ဖိနပ်ဝင်ဝယ်တာ ဆေးပုလင်းကြီး ချိတ်ခံလိုက်ရတယ်။

ဘားနတ်ဒ် စစ်သင်္ချိုင်း

ဘားနတ်ဒ်ရွာဆိုတာ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်တွေရဲ့ အငွေ့အသက်တွေနှင့် တည်ရှိခဲ့တဲ့ ရွာမို့ စစ်သင်္ချိုင်းတွေကိုလည်း ဝင်လေ့လာလို့လည်း ရပါတယ်။ မှာချင်တာ တစ်ခုကတော့ ကိုယ်က လေ့လာပေမယ့် စစ်သင်္ချိုင်း ဆိုတာလည်း သူတို့ရဲ့ ကြေကွဲစရာ အတိတ်မို့ ဓာတ်ပုံရိုက်တဲ့အခါ ဖြစ်ဖြစ် လေးစားသမှုလေးတော့ ထားပေးပါလို့။

ဘားနတ်ဒ် လက်နက်တိုက်ခြံ

There is also a building remained from the period of British in Bernard village. It was used for storing weapons from the war. Now, this yard is renewed and opened as a noodle shop. If you have any interest in trying local food there, I recommend to go eat that noodle shop. I really love the marinated mustard from there. They also have homemade sour fruit wine which is pretty good to try.

ဘားနတ်ဒ်မှာ အင်္ဂလိပ်ခေတ်က လက်နက်တွေ သိုလှောင်ရာ တိုက် အကြွင်းအကျန် တစ်ခုလည်း ရှိပါသေးတယ်။ သူကတော့ လူနေတဲ့ ခြံတစ်ခုထဲမှာ ရှိတာပါ။ အခုဆို အဲခြံလေးက ခေါက်ဆွဲဆိုင်လေးတောင် ဖွင့်ထားသေး။ ကိုယ် အဲဒီဆိုင်က မုန်ညင်းချဉ်လေးကို သိပ်ကြိုက်တာ။ အိမ်လုပ် ချဉ်စော်ကားသီးဝိုင်လေးပါ ဝယ်သောက်လို့ရတယ်။

ဒီနေရာမှာ ပြောချင်တာက အဲဒီ အိမ်ပိုင်ရှင်ရဲ့ စီးပွားရေး အမြင်ရှိတာပါ။ သူ့အိမ်ကို လူတွေ လာလည်တတ်မှန်း သိတယ်။ သူ ဝင်ကြေး ဆိုပြီး ကောက်လို့ ရတာပေါ့။ ဒါပေမယ့် သူကကျ ခေါက်ဆွဲဆိုင်လေး ဖွင့ိလိုက်တယ်။ အဲဒီမှာ ကွာတာဘဲ ... လူဆိုတာ။ ဘယ်အရာမှ အလကား မလိုတဲ့ စိတ်လေး နှင့် စီးပွားရေး အမြင်ရှိတာကို တွဲမြင်ရတယ်။ ကိုယ်ကတော့ တော်တော် သဘောကျမိတယ်။

အဲဒီတော့ ဘားနတ်ဒ်ရွာလေးကို ရောက်ဖြစ်ခဲ့လို့ ရှိရင် ကိုယ် အခု ထည့်ရေးပေးထားတဲ့ အရာတွေပါ ထည့်လေ့လာခဲ့ပါလို့။

ဘားနတ်ဒ် သွားလည်ရင် ဆောင်ရန် ရှောင်ရန်

📌 ရေခဲလောက်အောင်တောင် အေးတဲ့နေရာလေးမို့ နွေးနွေးထွေးထွေး ဝတ်သွားပါ။ ခေါင်းစွပ်၊ လက်အိတ် နှင့် အပေါ်က ထပ်ဝတ်ထားတဲ့ ကုတ် အစုံအလင်ပါပါစေ။

📌 နေထွက်ပြီး ခဏလေး ကြာတာနှင့် ဘာမှ မရှိတော့ဘဲ ရိုးရိုး ညိုးနေတဲ့ မြက်ခင်းပြင်ကြီး ဖြစ်သွားတတ်တာမို့ နေမထွက်ခင် အရောက်သွားပါ။ ၇ နာရီခွဲလောက်ဆို ရေခဲတွေက အရည်ပျော်ပါပြီ။

📌 တစ်ချို့နေရာတွေက မြေသားပျော့ပြီး ရွှံတွေမို့ ရွှံထဲ နှစ်တတ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ အပြေးအလွှားသွားရင်လည်း မြေပျော့ မြေမာလား သေချာကြည့်ပြီးမှ ပြေးကြပါလို့။ ကိုယ့်မှာ ရွှံထဲ ဒူးနားအထိ ရွှံထဲ နှစ်နေတာ အရှင်လတ်လတ် မြေမျိုနေသလားတောင် မှတ်ရတယ်။

📌 သွားရတဲ့ လမ်းက အရမ်းကောင်းမနေသလို တစ်ခါတစ်လေ မိုးရွာရင် ရွှံတွေလည်း ရှိတတ်တာမို့ တောင်တက်လမ်းကို ကျွမ်းကျင်စွာ မောင်းနေသူမှ မောင်းရဲမှာပါ။ ကိုယ် ဆို မမောင်းရဲ ။

📌 သွားခဲ့လို့ ရှိရင် မနက်အစောကြီး သွားရတာ ဖြစ်သည့် အားလျော်စွာ ဘားနတ်ဒ်ရွာမှာ ရှိတဲ့ လူတွေကို သနားသမှုဖြင့် ဆူညံပွတ်လောရိုက်ခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

📌 နောက်ဆုံးတစ်ခုကတော့ ပြောနေကျအတိုင်း အမှိုက်ကိစ္စ ပါဘဲ။ အမှိုက်မပစ်ချဘဲ နှင့် ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းပေးဖို့ တောင်းဆိုချင်ပါတယ်။

ကဲ .... မှာချင်တာက အဲဒါလေးတွေ သတိပြုကြပါလို့ ...
.

ဒီလောက်ဆို ဘားနတ်ဒ် ဆိုတဲ့ ရွာလေးအကြောင်း တော်တော်များများ သိလောက်ပြီ ဖြစ်မယ် ထင်ပါတယ်။ ရေခဲ မခဲကတော့ ကြုံဖို့ကံ ပါ မပါ နှင့် ဆိုင်သလို ရာသီဥတု နှင့်လည်း ဆိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နှစ်ခေါက်သွားပြီးမှ ရေခဲတာကို ကြုံခဲ့ရတဲ့ သူပါ။ ဒါကြောင့် အရမ်းကြီး မျှော်လင့်ချက် မကြီး စေချင်ပါဘူး။

ကျွန်တော် ကိုယ်တိုင်လည်း ဈေးနေ့ကို လေ့လာချင်တဲ့ စိတ်တစ်ခုတည်း ထားပြီး ဒီတစ်ခေါက် သွားခဲ့တာပါ။ မခဲတော့လည်း နောက်ခေါက်ပေါ့ ဆိုပြီး အဲမှာ ရေခဲတာ ကြုံတော့ ဒီတစ်ခေါက်တော့ ငါ ကံကောင်းသားဘဲ လို့တောင် တွေးမိသေး။

ကိုယ် နောက်တစ်ပို့စ်ကျရင်တော့ မိုးကုတ် မြို့အကြောင်း အပြည့်အစုံ / အစုံအလင် ရေးပေးပါ့မယ်။ ဘားနတ်ဒ်ရွာလေးကတော့ အခုအချိန် တစ်ဝိုက်ဘဲ သွားလေ့လာလို့ ရတာမို့ အရင် ရေးပေးလိုက်ရခြင်း ဖြစ်ပါတယ်။
.

အားလုံး ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေလို့။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရေခဲတတ်တဲ့ မိုးကုတ်မြို့က ဘားနတ်ဒ်ရွာ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း