အင်းလေးကန်ထဲက နေဝင်ချိန်ကိုဝယ်ယူခြင်း

2019-12-17edit MyoMinThu

အင်းလေးထဲကို ကျွန်တော်ခဏခဏရောက်ဖူးတယ်။ ၁ဝကြိမ်ထက်မနည်းဘူးပေါ့။ သွားတော့လည်း အလုပ်ကိစ္စနဲ့တစ်မျိုး နေပူထဲလှေစီးပြီးဘုရားဖူး၊ ခေါင်းကနေတွေပူနဲ့ အင်းလေးကန်ရဲ့ အလှအပ အစစ်ကို ခံစားခွင့်မရခဲ့ဘူး။ ဒီတစ်ခေါက်တော့ အပြည့်အဝခံစားလိုက်ဦးမယ်ဆိုပြီး ခါကာဘိုရာဇီ Tour အဖွဲ့ရဲ့ Package တစ်ခုဖြစ်တဲ့ အင်းလေးကန်ထဲကရွာတွေကို ကယပ်(Kayak) လှေ ပတ်စီးတဲ့ အစီအစဉ်လေးကို စီးမျှောခဲ့ပါတယ်။

သူက မနက်ခင်းစောစောစီးတာနဲ့ ညနေစောင်းစီးတာ။ မနက်ခင်းစောစောဆို ခြောက်နာရီလောက်ထ၊ လှေဆိပ်သွား၊ စီးပေါ့။ မနက်ခင်းကလည်း မြူတွေနဲ့တစ်မျိုးလှတယ်။ ကျွန်တော်ကတော့ ညနေခင်းဟာကိုပဲ ရွေးချယ်လိုက်တယ်။ နေဝင်တာကြည့်ချင်လို့။

ပထမဆုံးကတော့ အင်းလေး လှေဆိပ်ကစတယ်။ အဲ့လှေဆိပ်ကနေ စက်လှေနဲ့ Kayaking စမယ့်ရွာလေးဆီသွားကြတယ်။ ရွာလေးနာမည်က"ကြေးစားကုန်း" တဲ့။ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်မောင်းပြီးနောက် အဲ့ရွာလေးကိုရောက်တယ်။ ချစ်စရာလေး။ ရေပေါ်မှာတည်ထားတဲ့ ရွာကလေးပေါ့။ ရန်ကုန်မှာအိမ်ရှေ့ကားထားတဲ့ပုံစံလိုမျိုး လှေလေးတွေ ခြံခတ်ပြီး လှေ Parkingလေးတွေလုပ်ထားတယ်။ G&G မရှိဘူး။ City Markမရှိဘူး။ ကုန်စုံဆိုင်သေးသေးလေးတွေဘဲ နှစ်အိမ်၊သုံးအိမ်လောက်တွေ့တယ်။

ဒီမှာ Kayak လှော်ပုံလှော်နည်းကိုနည်းနည်းပြောပြချင်ပါတယ်။

သိပ်မခက်ဘူးဗျ။ Kayak ရဲ့ အလယ်ဗဟိုကိုခြေနဲ့ နင်းတက်ပြီး ထိုင်ချလိုက်ရုံပဲ။ခြေနဲ့နင်းထားတဲ့နေရာလေးက အဖုံးလေး။ ဖွင့်ပြီး အထဲမှာ ဖုန်းတို့လက်ကိုင်ပိုက်ဆံလေးတွေထည့်ထားလို့ရတယ်။ waterproof နဲ့အုပ်ထားတာ။ လှော်တာကတော့ လွယ်ပါတယ်။ ဘယ်ဘက်စောင်းချင် ဘယ်ဘက်လှော်၊ ညာဘက်စောင်းချင် ညာဘက်လှော်။ တည့်သွားချင်ရင် ဘယ်ညာ လှော်ပေါ့။ကားနဲ့မတူတာက ဘရိတ်မရှိဘူး။ ဒါကြောင့် အန္တရာယ်ဆို ကြိုရှောင်ပေတော့။ တစ်ယောက်စီးလှေလည်းရှိတယ်။ နှစ်ယောက်စီးလှေလည်းရှိတယ်။ စုံတွဲလေးတွေအတူလှော်ရင် အတော် Ro မှာ။ မိသားစုလိုက်၊ သူငယ်ချင်းတွေနဲ့သွားမယ်ဆို ၁၅ယောက်၊၁၆ယောက်ထိ စီစဉ်ပေးလို့ရတယ်။

 

လုံခြုံမှုရှိရဲ့လား

Life jacket ကိုမတက်ခင်သေချာဝတ်ပေးတယ်။ လှော်တဲ့အချိန်မှာလည်း တိုးဂိုက် အစ်ကို အပြင် ဘေးနားက တစ်ယောက်က အမြဲကပ်လှော်ပေးတယ်။ အဲ့ဒါကြောင့် အန္တရာယ်ရှိမှာမပူရတော့ဘူး။ အပိုလက်ဆောင်အနေနဲ့ စက်လှေတစ်စီးလိုက်ပေးပြီး အငြိမ်ဓာတ်ပုံတွေပါရိုက်ပေးဦးမှာ ခင်ဗျာ။

ခရီးစဉ်အစ

Kayaking ခရီးစဉ်က ကြေးစားကုန်းရွာရဲ့ ရွာဦးဘုန်းကြီးကျောင်းကစတင်တယ်။ မစီးဖူးတဲ့သူတွေကို လှေနဲ့ လိုက်လျောညီထွေရှိအောင် အနားပတ်ဝန်းကျင်ကို ခဏလောက်လှော်ခိုင်းတယ်။ မလှော်တတ်လည်း သင်ပေးတယ်။ စစထွက်ချင်းကတော့ ညနေသုံးနာရီကျော်ဆိုတော့ နေလည်းနည်းနည်းကျပြီ။ ကျွန်တော်စီးတဲ့နေ့ကတော့ တိမ်နည်းနည်းထူနေတော့ ရာသီဥတုကောင်းတယ်။ နေပူမခံချင်ရင်တော့ ဦးထုပ်လေးတွေဆောင်သွားဦး။

 

လမ်းတစ်လျှောက်မြင်ကွင်းများ

ရန်ကုန်မှာဆို ကျောင်းကား၊ မန္တလေးမှာဆိုရင် ဆိုင်ကယ်အသွယ်သွယ်နဲ့ ကျောင်းတက် ကျောင်းဆင်းချိန်ဆို ရှုပ်နေကြတာပဲ မဟုတ်လား။ ဒါပေမယ့် အင်းလေးမှာတော့ ကျောင်းကား ဘယ်ရှိနိုင်လိမ့်မလဲ။ စက်လှေတွေကို လခပုံစံနဲ့ပေးထားပြီး ကြိုပို့လုပ်ခိုင်းထားတယ်။ ကျောင်းဆင်းချိန်ဆို စက်လှေတွေပေါ်မှာ အဖြူအစိမ်းကျောင်းသားတွေ သုံးလေးယောက်တစ်စီးနဲ့။တော်တော်များများက နှုတ်ဆက်တဲ့အနေနဲ့ လက်ပြသွားကြတယ်။ အင်းလေးကို ကျွန်တော် နှစ်သက်ရခြင်းတွေထဲက တစ်ချက်က ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို အရွယ်သုံးပါးမရွေး၊ လှေချင်းဆုံမိသွားရင် အမျိုးအချင်းချင်းတွေသလို "ဟေးခနဲ" နှုတ်ဆက်ပြီးတာတာ့ပြကြတာပဲ။

 

သွားရင်းနဲ့ လမ်းမှာ ကျွန်းမျှောကြီးတွေ တွေ့တယ်။ အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုဘဲ အင်းလေးကို ခဏခဏ ရောက်ဖူးပါတယ်။ဒါပေမယ့်ကျွန်းမျှော ပေါ်တော့ တက်ပြီး မတ်တပ်ရပ်ဖို့ ဝေးစွ တွေးတောင်မတွေးဖူးဘူး။ ဒါပေမယ့် ကျွန်တော် ဒီတစ်ခေါက်မှာတော့ ကျွန်းမျှောကြီးပေါ် တက်ပြီး မတ်တပ်ရပ်ခဲ့ပါတယ်။ နင်းထားတာ ကြာပြီဆိုတာနဲ့ ခြေဖဝါးကနေ တဖြည်းဖြည်း ဒူးဆစ်လောက်ထိမြှုပ်သွားတယ်။ အဲ့ဒါဆို နောက်တစ်နေရာကို ရွှေ့ကြပေါ့။ တစ်ချို့နေရာတွေက မြေသားမာတယ်။ တစ်ချို့ကကျတော့ ခြေသလုံးလောက်ထိ နစ်နိုင်တယ်။ ဘာပဲပြောပြော အတွေ့အကြုံရဖို့ ကျွန်းမျှောပေါ်တက်ဖို့မမေ့နဲ့ဦး။

ဘေးနားက လှေတွေဖြတ်သွားရင် လှိုင်းတွေထသွားတတ်တယ်။ခပ်ငြိမ့်ငြိမ့်ပါပဲ။ဒါပေမယ့် လန့်ပြီး အရမ်းမစောင်းလိုက်နဲ့ဦး။ ဘေးနားမှာ Stand by တစ်ယောက်က အမြဲရှိနေတော့ အန္တရာယ်တော့လုံးဝမရှိပါဘူး။ နောက်တော့ လှော်ရင်းနဲ့ ရွာရူခင်းတွေကိုကျော်သွားတယ်။ ကန်ရေပြင်ကျယ်ကြီးထဲကိုရောက်သွားတယ်။ သုံးနာရီက စလှော်တာ ငါးနာရီလောက်ကျတော့ နေဝင်တာပဲ။ အင်းလေးကန်ရဲ့ အနောက်အရပ်မှာရှိတဲ့ တောင်တန်းတွေကြားထဲ နေလုံးဝင်သွားတာကို ကျွန်တော် အင်းလေးကန်ထဲက Kayak ပေါ်ကနေ ကြည့်ခဲ့ရတယ်။ ဘယ်လောက်မိုက်လဲဆိုတာ စကားလုံးတောင်စီလို့မရဘူးဗျာ တကယ်။

"ညီလေးရေ၊ နေဝင်ပြီ၊ မြင်နေရတဲ့ ရွာကို ခပ်သုတ်သုတ်သာလှော်ပေတော့" လို့ ကျွန်တော့် တိုးဂိုက်ဖြစ်တဲ့ ကိုတေဇက ပြောတယ်။

"အင်းထဲက နေဝင်တာနဲ့မှောင်တာလို့" ဆက်ပြောသေးတယ်။ ပါးစပ်ကလည်း ပြော၊ လက်ကလည်းလှော်ပေါ့။

လင်းကင်းရွာ ရဲ့ဘုန်းကြီးကျောင်းမှာ အဆုံးသတ်တယ်။ ဘုန်းကြီးကျောင်းကြီးက "ဟီး" နေတာပဲ။ အကြီးကြီးပဲ။

အဲ့ဒီမှာ ခဏနားပြီး သေချာထုတ်ပိုးလာတဲ့ သစ်သီးတွေ၊ အအေးတွေ၊ လက်ဖက်သုတ်တွေစားပြီး အမောဖြေပေါ့။ ခဏနေတော့ စက်လှေနဲ့ ညောင်ရွှေလှေဆိပ်ကိုပြန်ခဲ့တယ်။

အဲ့ဒီမှာ ခဏနားပြီး သေချာထုတ်ပိုးလာတဲ့ သစ်သီးတွေ၊ အအေးတွေ၊ လက်ဖက်သုတ်တွေစားပြီး အမောဖြေပေါ့။ ခဏနေတော့ စက်လှေနဲ့ ညောင်ရွှေလှေဆိပ်ကိုပြန်ခဲ့တယ်။

လမ်းတစ်လျှောက်မှာ ကျွန်တော်အတွေးတွေနဲ့ငြိမ်သက်နေတယ်။ နိုင်ငံခြားတွေမှာ လုပ်လို့ရတဲ့ adventure activity တွေဟာ မြန်မာပြည်ရဲ့ သက်ဆိုင်ရာ တိုင်းဒေသတွေ၊ ပြည်နယ်တွေ၊ မြို့ရွာတွေမှာ လုပ်လို့ရရဲ့သားနဲ့ Promotion အားနည်းတော့ Tourism လောကဟာ ခေါင်းမဖော်နိုင်သေးဘူးဖြစ်နေတယ်။ အင်း... ပြိုင်တူတွန်းရင်တော့ ရွေ့နိုင်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ ဒီအစီအစဉ်လေးကို စိတ်ဝင်စားရင်တော့ "Khakaborazi Adventure Touring" ကို ဆက်သွယ်နိုင်ပါတယ်။

Ph no ကတော့ 095194227 ပါဗျ။

ကျွန်တော်ကတော့ တော်တော်လေးပျော်ခဲ့ပါတယ်။ ခင်ဗျားတို့ကိုလည်း ကျွန်တော့်လို ပျော်စေချင်ပါတယ်၊ အဲ့တော့ ညောင်ရွှေ၊ အင်းလေးတို့နားရောက်ရင် Kayaking ကို စီး၊ အင်းလေးကန်ထဲကနေ ရှုခင်းတွေကို kayak လှော်ရင်းခံစားဖို့မမေ့နဲ့ဦးဗျ၊ အားလုံးပဲ၊ မင်္ဂလာရှိသော နေ့ရက်လေးတွေဖြစ်ကြပါစေဗျ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


အင်းလေးကန်ထဲက နေဝင်ချိန်ကိုဝယ်ယူခြင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း