မြန်မာနိုင်ငံရဲ့ ပင်လယ်ပျော်ဂျစ်ပစီများ
2020-04-01edit Ye Naungဓါတ်ပုံ - Lampi_MNP
မြန်မာနိုင်ငံရဲ့ မြိတ်ကျွန်းစုဆိုတာ မှတ်တမ်းကောင်းစွာမတင်ရသေးတဲ့ ကမ္ဘာ့အကြီးမားဆုံး ထူးခြားလှတဲ့ ဇီဝမျိုးကွဲအကြွယ်ဝဆုံးကျွန်းစု ကြီးပါ။ ဂေဟစနစ်အရ အင်မတန်အရေးကြီးလှပြီး ဇီဝမျိုးကွဲတွေမြင့်မားပေမယ့် အများစုကို မှတ်တမ်းမပြုရသေးပါဘူး။ ဒီလိုစိတ်ဝင်စား စရာကောင်းလှတဲ့ မြိတ်ကျွန်းစုမှာ နိုင်ငံရဲ့တခုတည်းသော အဏ္ဏဝါဥယျာဉ်ဖြစ်တဲ့ လန်ပိရှိပါတယ်။
ဓါတ်ပုံ - Lampi_MNP
အဲဒီလန်ပိကျွန်းက မြန်မာနိုင်ငံရဲ့ပင်လယ်ပျော်ဂျစ်ပစီတွေလို့ ပြောရမယ့် ဆလုံလူမျိုးတွေရဲ့အမိမြေလို့ တင်စားပြောနိုင်ပါတယ်။ ဒါပေမဲ့ ဆလုံလူမျိုးတွေကို ကုန်းမြေပြင်ပေါ်မှာ အတည်တကျနေရပ်ပြောရတာက ရေထဲကငါးကို ကုန်းပေါ်မှာ တည်နေရာသတ်မှတ်ပြဌာန်းပေး ရသလိုပါပဲ။ သိပ်တော့ အဆင်မပြေလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ပြင်မှာ လှိုင်းထန်ပြီး ကြမ်းတမ်းလွန်းတဲ့ရာသီဥတုဖြစ်ပေါ် ချိန်ကလွဲလို့ ဆလုံလူမျိုးတွေက ကဘန်(Kabang) လို့ ခေါ်တဲ့ ခနော်ခနဲ့လှေငယ်လေးတွေကို အိမ်လုပ်ပြီး ပင်လယ်မှာပဲ ပျော်နေတဲ့ သူတွေဖြစ်နေလို့ပါပဲ။
ဆလုံသမိုင်း
ဓါတ်ပုံ - Lampi_MNP
မြန်မာလူမျိုးတွေက ဆလုံတိုင်းရင်းသားတွေလို့ရည်ညွှန်းပြောဆိုသူတွေကို ဘာသာဗေဒ၊ လူမှုယဉ်ကျေးမှုနဲ့ မျိုးရိုးဗီဇရှုထောင့်တွေအရ စူးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အစဉ်အဆက် လှေနဲ့နေထိုင်ရှင်သန်နေကြတဲ့ ဂျစ်ပဆီဆန်တဲ့လူမျိုးတွေရဲ့အရင်းအမြစ်ကို တိတိပပ မပြောနိုင်သေးပါဘူး။ ခန့်မှန်းယူဆချက်တွေပဲ ရှိနေပါသေးတယ်။
ခန့်မှန်းချက်တွေ အမြောက်အမြားရှိပေမယ့် သူတို့ပြောဆိုတဲ့ အက်စထရိုနေစီးယန်းဘာသာစကားအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ကနေ ၆၀၀၀ ခန့်က တရုတ်နိုင်ငံတောင်ပိုင်းမှာ စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်ခဲ့တဲ့ လူမျိုးလို့ ယူဆချက်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသမှာ နော်မန်ဆန်ဆန်ရှင်သန်ကြတဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲခဲ့ရခြင်း ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁၆ရာစုခန့်က အင်ဒိုနီးရှားနိုင်ငံ၊ Riau-Lingga ကျွန်းစုကနေ ရွှေ့ပြောင်း ခဲ့ကြတယ်ဆိုတဲ့ ယူဆချက်လည်းရှိပါသေးတယ်။
ဆလုံဘာသာစကား
ဓါတ်ပုံ - Lampi_MNP
အဓိကအားဖြင့် Moken နဲ့ Moklen ဆိုပြီး ဆလုံဘာသာစကားနှစ်မျိုးရှိပါတယ်။ ဒီဘာသာစကားတွေဟာ ရှင်သန်နေဆဲလို့ ဆိုရပေမယ့် တကယ့်လက်တွေ့မှာ ပြောဆိုသုံးနူန်းသူ ၂၅၀၀ ကနေ ၃၀၀၀ ခန့်ပဲ ကျန်ပါတော့တယ်။ လက်တွေ့မှာ အရေအတွက်က ဒီထက်မက နည်းပါးနေနိုင်ပါသေးတယ်။ ဘာသာစကားအုပ်စုအရခွဲမယ်ဆိုရင် အက်စထရိုနေစီးယန်း-မာယာယို-ပိုလီနေစီးယန်း-ဆလုံစကား ရယ် လို့ အဆင့်ဆင့် အုပ်စုခွဲနိုင်ပါတယ်။ ဆလုံလူမျိုးလူငယ်တချို့နဲ့ လူကြီးအားလုံး သူတို့ဘာသာစကားကို အသုံးပြုကြသလို မြန်မာနဲ့ထိုင်း ဘာသာစကားကိုလည်း သုံးစွဲကြပါတယ်။ သေချာတာကတော့ ဆလုံဘာသာစကားဟာ လန်ပိကျွန်းပေါ်က မျိုးသုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေလိုပဲ ဆိတ်သုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဆိုတာပါပဲ။
ဆလုံနဲ့ ကဘန်(Kabang)
ဓါတ်ပုံ - Wiki (CC)
ပင်လယ်ပျော် ဆလုံတွေအကြောင်းပြောမယ်ဆိုရင် ကဘန်(Kabang)လို့ခေါ်တဲ့ သူတို့ရဲ့ရိုးရာလှေအကြောင်းက မပါရင် ပြည့်စုံမှာ မဟုတ် ပါဘူး။ ရှေးဓလေ့ထုံးစံတွေအရ ဆလုံအမျိုးသားတစ်ဦးက သူချစ်ခင်နှစ်သက်တဲ့အမျိုးသမီးကို ကဘန်ဆိုတဲ့ လှေနဲ့တင်တောင်း တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဘဝရဲ့အချိန်အများစုကို ရေထဲမှာပဲပျော်တဲ့ ပင်လယ်ပျော်ဆလုံလူမျိုးတွေအတွက် သဘာဝကျလှတဲ့အချက်ပါပဲ။ ထူးခြားတဲ့အချက်ကတော့ ဆလုံလူမျိုးတွေက သူတို့ရဲ့ရိုးရာလှေကဘန်ရဲ့အစိတ်အပိုင်းတွေကို သက်ရှိသတ္တဝါတစ်ဦးလို မျိုး အမည်ပေးသတ်မှတ်ထားခြင်းပါပဲ။
လန်ပိနဲ့ ဆလုံလူမျိုးများ
ဓါတ်ပုံ - Lampi_MNP
လန်ပိအမျိုးသားအဏ္ဏဝါဥယျာဉ်ကို လာရောက်လည်ပတ်တဲ့ ပြည်တွင်း၊ပြည်ပဧည့်သည်တွေအနေနဲ့ လုပ်ဆောင်နိုင်တဲ့လှုပ်ရှားမှုတွေ အတော်များများရှိပါတယ်။ ရေချိုမြစ်ချောင်းတွေနဲ့ အနီးဝန်းကျင်က ဒီရေတောတွေဆီ ကနူးလှေလေးနဲ့ သွားလို့ရပါတယ်။ ဆူညံတဲ့မြို့ပြ ရဲ့အဝေးမှာ သဘာဝတရားရဲ့တိတ်ဆိတ်ခြင်းဂီတသံကို ခံစားရမှာ မလွဲပါဘူး။
ဒါမှမဟုတ် သန္တာကျောက်တန်းတွေဆီ Snorkeling နဲ့ diving လုပ်ကြမလား။ လန်ပိကျွန်းက ပင်လယ်လိပ်လေးတွေ သားပေါက်တာကို သွားစပ်စုကြမလား၊ ရပါတယ်။ ဒါမှမဟုတ်ရင်တော့ ဒေသခံဆလုံကျေးရွာတွေဆီ သွားရောက်လည်ပတ်နိုင်ပါတယ်။ လန်ပိရဲ့အရှေ့ တောင်ဘက်မှာ ဘိုချိုကျွန်းပေါ်မှာ ညောင်ဝီးဆိုတဲ့ ဆလုံရွာတရွာ ရှိပါတယ်။ လန်ပိနဲ့ ဘိုချိုကျွန်းကြားမှာလည်း ကရုံဂလက်ဆိုတဲ့ ဆလုံ ရွာတစ်ရွာရှိပါတယ်။
သေချာတာကတော့ ကပ္ပလီပင်လယ်ရဲ့အဏ္ဏဝါဝန်းကျင်နဲ့ ပတ်သက်ပြီး မြန်မာပင်လယ်ပျော်ဂျစ်ပစီတွေက အံ့မခန်းအသိနဲ့ ကျွမ်းကျင်မှု တွေရှိနေကြပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဆလုံကလေးငယ်တွေဟာ ရေအောက်မှာ ထူးထူးခြားခြားမြင်နိုင် တဲ့စွမ်းရည်ရှိနေတယ်လို့ သိရှိရပါတယ်။
အမြင်အရ ဆလုံလူမျိုးတွေဟာ ပြင်ပလူမျိုးတွေနဲ့ ရောနှောလေ့မရှိသလို ခေတ်ကမ္ဘာရဲ့နည်းပညာတွေကိုလည်း မသုံးကြပါဘူး။ သူတို့ က တံငါသည်ဆိုတာထက် မုဆိုးတွေနဲ့ပိုတူပါတယ်။ ပင်လယ်ပြင်ထဲမှာ ဆလုံတွေငါးဖမ်းတဲ့အခါမှာ ပိုက်ကွန်ကိုမသုံးဘဲ လှံတံလိုဝါးချွန် တွေကို အသုံးပြုကြပါတယ်။ ရုပ်ဝတ္ထုအရလည်း ဆလုံလူမျိုးစုတွေက အလွန်ပဲ ဆင်းရဲနွမ်းပါးကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ဓလေ့ထုံးစံ၊ နေထိုင်ရှင်သန်မှုတွေက ရှားပါးပြီးအကန့်အသတ်နဲ့ရှိနေတဲ့ သဘာဝအရင်းအမြစ်တွေကို ဘယ်လိုအသုံးပြု ရမယ်ဆိုတာ ကမ္ဘာကြီးကို သင်ကြားပေးနေသလိုပါပဲ။ တကယ်လိုသာ ဆလုံလူမျိုးတွေပျောက်ကွယ်သွားမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ထောင် ပေါင်းများစွာက သဘာဝတရားနဲ့ လိုက်လျောညီထွေရှင်သန်ခဲ့ကြတဲ့လူသားတွေရဲ့ သက်ရှိသမိုင်းတွေကို ကမ္ဘာက ဆုံးရှုံးလိုက်ရမှာဖြစ် သလို သူတို့ရဲ့ဓလေ့ထုံးစံနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကလည်း သူတို့နဲ့အတူ ဒီကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့ပင်လယ်ပျော်ဂျစ်ပစီတွေဆီကို အားလပ်ရက်ခရီးဖြစ်ဖြစ် သွားရောက်လည်ပတ်လေ့လာကြပါ၊ တာဝန်ရှိသူတွေ အနေနဲ့ လည်း လိုအပ်တဲ့ကူညီမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်ကြပါလို့ တိုက်တွန်းရေးသားပြောဆိုလိုက်ရပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။