မြန်မာ့ရိုးရာ ကွမ်းတောင်ကိုင်ဓလေ့
2020-04-02edit Ye Naungအခုစာရေးတဲ့အချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ( Pandemic) အချိန်ဖြစ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ရောဂါထိန်းချုပ်တားဆီးရေးအတွက် ဧပြီလအတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သင်္ကြန်ပွဲတော်အပါအဝင်၊ မြန်မာ တနိုင်ငံလုံးက ဘုရားပွဲတော်တွေနဲ့ အခြားဘာသာရေးဆိုင်ရာပွဲတွေကိုပါ မလွှဲမရှောင်သာ ကန့်သတ်ပိတ်ပင် ထားရချိန်ဖြစ်လို့ ပြီးခဲ့တဲ့တပေါင်းလအတွင်းမှာ တွေ့မြင်ရတတ်တဲ့ ရှင်ပြုပွဲတွေ၊ သဲပုံစေတီပွဲတွေကို မမြင်ကြ ရပါဘူး။
ပုံမှန်အခြေအနေမှာသာဆိုရင် မြန်မာနိုင်ငံဆိုတာ ပွင့်လင်းရာသီမှာ ကမ္ဘာပေါ်မှာ ရက်ရောမှုအညွှန်းကိန်း ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံပြီးရင် ဒုတိယလိုက်တဲ့မြန်မာလူမျိုးတွေရဲ့ အလှူပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ ခြိမ့်ခြိမ့်သဲသဲ မြင်တွေ့နေကျပါပဲ။
ရှင်ပြုပွဲတွေဆိုတာတော့ တနိုင်ငံလုံးအနှံ့အပြားမြင်တွေ့နိုင်ပါတယ်။ အခုပြောချင်တာက အဲဒီရှင်ပြုပွဲတွေမှာ မပါမဖြစ်တဲ့ ကွမ်းတောင်ကိုင်ဓလေ့အကြောင်းပါပဲ။ ယနေ့ခေတ်မှာတော့ ယွန်းရွှေချအခက်အလက်တွေနဲ့ မှန်စီရွှေချကလပ်တွေနဲ့ ကွမ်းတောင်ကို တန်ဆာဆင်လာကြပါပြီ။
Photo credited to - Education and General Knowledge
ရှေးကလုပ်ခဲ့ကြတဲ့ ငှက်ပျောဖက်ကွမ်းတောင်ဆိုတာကတော့ အခုခေတ်မှာ ပြုလုပ်တတ်ဖို့အသာထားတော့ မြင်တွေ့ဖူးတဲ့သူတောင် ရှားနေလောက်ပါပြီ။ ဒါပေမဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အပါအဝင် အထက်အညာဒေသကမြို့တွေမှာ ဖက်စိမ်းကွမ်းတောင်၊ မြဖက်ကွမ်းတောင်၊ တွေကို သုံးစွဲနေဆဲပါပဲ။
ရိုးရာဖက်ကွမ်းတောင်မှာ ဘာတွေပါလဲ၊ ဘယ်လိုလုပ်လဲ
ကွမ်းရွက်သုံးရွက်ကနေ ခုနှစ်ရွက်အထိကို ထောင်ပြီးထည့်တားလို့ ကတော့ပုံသဏ္ဍာန်ဖြစ်ပါတယ်။ အဲဒီကွမ်း ကတော့ကို သစ်သားကလပ်ပေါ်တင်ပြီး လှလှပပမွမ်းမံလိုက်တဲ့အခါမှာ ထူးခြားတဲ့ကွမ်းတော်တိုတဲ့ အဆင် တန်ဆာဖြစ်လာပါတယ်။ ဒါကြောင့် ကွမ်းရွက်၊ လက်ကိုင်စရာပါတဲ့သစ်သားကလပ်၊ ဝါးခြမ်းပြားတစ်ချောင်း၊ ရောင်စုံချည်မျှင်အနည်းငယ်နဲ့ ငှက်ပျောလက်လေးလက်ပါပါတယ်။ ငှက်ပျော်လက်က အစိမ်းနှစ်လက်၊ အဝါ နှစ်လက်ဖြစ်ရပါမယ်။
ငှက်ပျော်လက်က အရွက်တွေကို အရိုးချည်းကျန်ဆောင် ဆုတ်ယူပြီး ဗြက်လေးလက်မအရွယ်အ စားရအောင် ဖြတ်တောက်ရပါတယ်။ အဲဒီငှက်ပျောရွက်လေးတွေကို ကြက်တူရွေးရုပ်၊ ကြာဖက်၊ ကတော့၊ စိန်တောင်၊ ကြာသီးနဲ့ ကြာပန်းသဏ္ဍာန်တွေရအောင် ချိုးယူရပါတယ်။ ဒီလိုချိုးတဲ့နေရာမှာ အပ်ချည်နဲ့ချည်ဖို့လိုရင်ချည်၊ နှီးနဲ့ တုပ်တန်တုပ်ရပါတယ်။ ကလပ်ကြာ၊ ကြာသီးနဲ့ စိန်တောင်တို့ကို အမြင်လှစေဖို့ ငှက်ပျောရွက်ကို အဝါ တလှည့်အစိမ်းတလှည့်သုံးပြီး ချိုးရပါတယ်။ ကွမ်းရွက်တွေကို လိပ်ပြီး ကန်တောထဲမှာ ထည့်ထောင်ရပါတယ်။ ကွမ်းသီးကိုတော့ ပဒေသာပင်သီးပြီး ထည့်ပါတယ်။ အဲဒီနောက်မှာတော့ အပ်ချည်မျှင်နဲ့ မျက်လုံးပသာဒဖြစ် စေဖို့နဲ့ ခိုင်ခံစေဖို့ရည်ရွယ်ပြီး ကလပ်ကြာကနေ ပိန္ဒဲတိုင်ထိအောင် မွှမ်းမံချည်နှောင်ပါတယ်။
ကွမ်းတောင်တစ်ခုမှာ ပုံမှန်အားဖြင့် ပါဝင်တဲ့ပစ္စည်းတွေကတော့ -
• ကလပ်
• ကလပ်ကြာ
• ကွေးထောက်ကုံး
• ဆိုင်းကြိုး
• စိန်တောင်ကြမ်း
• ကြာသီး (ကြာဖူး)
• စိန်တောင်နု
• ကတော့
• ပိန္နဲတိုင်
• ပန်းလည်တိုင်
• ကြာပတ်
• ထီး
• ကြက်တူရွေးတို့ပဲ ဖြစ်ပါတယ်။
ကွမ်းတောင်ပြုလုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့အမျိုးသမီးကြီးတစ်ဦးက ဦးဆောင်ပြီး အကူ၊အသင်အမျိုးသမီး ငယ်လေးတွေ ဆယ်ယောက်လောက် ပါတတ်ပါတယ်။ ရှင်ပြုလှည့်လည်ပြီဆိုရင် ဘယ်သူကွမ်းတောင်ကိုင် ရမလဲဆိုတာကိုတော့ မိန်းမချောလေးတွေစုစည်းထားတဲ့ ကွမ်းတောင်ကိုင်အဖွဲ့က ရွေးချယ်ဆုံးဖြတ်တာပဲ ဖြစ်ပါတယ်။ အစဉ်အလာအရ ကွမ်းတောင်ကိုင်ကို မိစုံဖစုံရှိတဲ့ အပျိုမိန်းကလေးတွေထဲကပဲ ရွေးချယ်ရ တာဖြစ်ပါတယ်။ စာရေးဆရာမ ခင်ခင်ထူးက ဖက်စိမ်းကွမ်းတောင်အကြောင်းကို မအိမ်ကံဝတ္တုမှာ ထည့်သွင်း ဖော်ပြဖူးပါတယ်။ ဒါကတော့ မြန်မာ့ရိုးရာကွမ်းတောင်ကိုင်ဓလေ့ပဲ ဖြစ်ပါတော့တယ်။
Photo credited to - Education and General Knowledge
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။