အင်းဝလို့ခေါ်တဲ့ တခါက အဝရွှေပြည်
2019-10-24edit Htooအင်းဝ

အသွားခရီး
အသွားခရီးကတော့ ထုံးစံအတိုင်း ရန်ကုန်ကနေဆို ရန်ကုန်-မန္တလေး ပေါ့နော်။ ကားလက်မှတ်ကတော့ အမရပူရ ခရီးနှင့်တစ်နေ့တည်းသွားခဲ့တာဆိုတော့ အဲဒီကားနှင့်ပေါ့ ။ လက်မှတ်ကိုတော့ Star Ticket - Myanmar Bus Ticket က ဖြတ်ခဲ့ပါတယ်။ မန္တလေးစရောက်တော့ ကိုယ်စသွားတာ ဦးပိန်တံတားရှိရာ အမရပူရ ဦးပိမ်ရဲ့ နေထွက်ချိန်ကို ကြည့်ချင်တာပေါ့။ အဲမှတစ်ဆင့် မနက် ၈ နာရီလောက်ကျတော့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ် အင်းဝကို လာလိုက်ပေးဖို့ ပြောထားတဲ့ သူငယ်ချင်းနှင့် ဆိုင်ကယ်ဖြင့်ထွက်ခဲ့တယ်။ အင်းဝကို သွားမယ်ဆို မန္တလေးကနေ ရန်ကုန် - မန္တလေး လမ်းမကြီးဆီကို ပြန်ထွက်ခဲ့ရမှာပါ။ ရန်ကုန် - မန္တလေး လမ်းမကြီးရဲ့ဘေး မိုင်တိုင် ၃၆၀ ကျော်လောက် ညာဘက်မှာ အင်းဝသို့လို့ ဆိုင်းဘုတ်လေးတွေ့ရင် ဝင်သာဝင်လိုက်ပါ။ အဲကနေတစ်ဆင့် အင်းဝမြို့ဟောင်းထဲကို သွားလို့ရပါတယ် မန္တလေးကနေ လှေနှင့် ကူးရင်တော့ မန္တလေး အိုးတုတ်တန်းဘက်ကနေ လှေနှင့် ကူးလို့လည်း ရပါတယ်တဲ့ ။ ဆိုင်ကယ်ပါရင် လှေပေါ် ဆိုင်ကယ်တင်လို့ရပြီး အင်းဝရောက်ရင် ကိုယ့် ဆိုင်ကယ်နှင့် ကိုယ်လည်ပေါ့။ လည်မယ်ဆိုရင်တော့ လိုက်ပို့ပေးတဲ့သူမပါရင် google map or map.me လေး သုံးစေချင်ပါတယ်။ လမ်းဘေး မှာလည်း လမ်းညွှန် ဆိုင်းဘုတ်တွေရှိသလို မသိရင်လည်း လမ်းသွားလမ်းလာတွေကို မေးလို့ရပါတယ်။ Foreigners တွေကိုတော့ ဆိုင်ကယ် Taxi အနေနှင့် အင်းဝမြို့ကို တစ်နေ့လုံးပတ် 15 USD ပါတဲ့ (လမ်းမှာ တွေ့တဲ့ foreigners တွေကို လိုက်ပို့ပေးနေတဲ့ taxi သမားတစ်ယောက်ကို စပ်စုခဲ့တာ ဟီး) မြင်းလှည်းလေးနှင့်လည်း ပတ်လို့ရပါတယ်။ မြင်းလှည်းခကတော့ စပ်စုချိန် မရလိုက်ဘူး။ ကျွန်တော်သွားရောက်လေလာခဲ့တဲ့နေရာတွေကတော့ -
(၁) မဟာဇေယပထအုတ်လမ်း (ဦးအို - အုတ်လမ်း)
အင်းဝမြို့ကို ဝင်ဝင်ချင်း ကျွန်တော့်စိတ်ကို ဖမ်းစားလိုက်တာက လမ်းဘေး တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ အုတ်ရိုးတန်းလေးတွေပါ ။ လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ ရှေးမြို့ဟောင်းက လက်ရာတွေပေါ့။ ဝင်လိုက်တာနှင့် ငါဟာ မြို့ဟောင်း တစ်နေရာကို ရောက်နေပါလားလို့ ခံစားချက်ပေးနိုင်တဲ့ လမ်းလေးပါ ပထမ မင်းခေါင်က တည်ဆောက်ခဲ့ပြီး နန်းမတော်မယ်နု ရဲ့ မောင်ဖြစ်သူ စလင်းမြို့စား ဦးအိုက ပြန်လည် ပြုပြင် တည်ဆောက်ခဲ့တာမို့ ဦးအို - အုတ်လမ်းလို့ ခေါ်ကြတာပါတဲ့။
(၂) နန်းမတော် မယ်နု အုတ်ကျောင်း
အင်းဝလို့ ပြောလိုက်တာနှင့် လူတိုင်း ပြေးမြင်ကြတဲ့ ရှေးဟောင်း အဆောက်အအုံ တစ်ခုပေါ့ အုတ်ကျောင်းကြီးကို ဘကြီးတော်ရဲ့ မိဖုရားခေါင်ကြီး မယ်နု က ၁၈၂၈ ခုနှစ်မှာ ညောင်ကန်ဆရာတော် ဦးပိုကို ဆောက်လုပ် လှူဒါန်းခဲ့တာပါ။ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးလို့လည်း ခေါ်တွင်ပါတယ်တဲ့။ ညောင်ကန် ဆရာတော် ဦးပို ပျံလွန်တော်မူတော့ ဆရာတော် ဦးဗုဓ်ကို လှူဒါန်းခဲ့ပါတယ်။ ၁၈၃၈ ခုနှစ်မှာ ငလျင်ဒဏ်ခံရတော့ နန်းမတော် မယ်နုရဲ့ သမီး မင်းတုန်းမင်းကြီးရဲ့ မိဖုရား ဆင်ဖြူမရှင် မိဖုရားက ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ မယ်နု အုတ်ကျောင်းနှင့် တစ်ဆက်တည်း စိတ်ဝင်စားဖို့ ကောင်းတာက မယ်နု ရဲ့ရာဇဝင်ပါ မယ်နုဟာ ရှင်ဘုရင် စစ်ကိုင်းမင်းရဲ့ အချစ်တော် မိဖုရားဖြစ်ခဲ့ပါတယ်။ သာယာဝတီမင်းက စစ်ကိုင်းမင်းကို ပုန်ကန် ထီးနန်းရတော့ နဂိုက ပြိုင်ဖက်လို ဖြစ်နေတဲ့ သြဇာ ကြီးမားခဲ့တဲ့ မိဖုရား မယ်နုကို ကွပ်မျက်ခဲ့တာပါ။ မယ်နု ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီး ဦးဗုဓ်က မယ်နု အတွက် နောက်ဆုံး မိန့်ကြားတာက ' မယ်နု ဝဋ္ဋ်ကြွေးရှိက ဆပ်ရလိမ့်မယ် ' ပါ။ အဲဒီစကားကတော့ မြန်မာစာပေလေ့လာသူတိုင်း ကြားဖူးကြမယ့် စကား တစ်ခုပါ။ အုတ်ကျောင်းတွင် ကုန်းဘောင်ခေတ်လက်ရာများကို လေ့လာနိုင်ပါတယ်။
(၃) ထီးလှိုင်ရှင်ဘုရား
မယ်နုအုတ်ကျောင်းဘေးမှာ တည်ရှိပြီး ဝင်လေ့လာသင့်တဲ့ ဘုရားတစ်ဆူပါ ရာဇဝင်ကတော့ ကျွန်တော် မတွေ့ရှိခဲ့ရပါဘူး။
(၄) အင်းဝနန်းမြင့်မျှော်စင်
အင်းဝ နန်းမြင့်မျှော်စင်ကို အင်းဝ မြို့ရိုးဟောင်းကနေ ဝင်ရောက်နိုင်သလို မယ်နု အုတ်ကျောင်းကလည်း ဆက်သွားလို့ရပါတယ်။ အမြင့် ၉၀ ပေ ၃၀ မီတာလန့်ရှိပြီး ၁၈၂၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဘကြီးတော် မင်း၏ နန်းတော်မှ ကြွင်းကျန်ခဲ့သော တစ်ခုတည်းသော လက်ရာဖြစ်ပါတယ်။ အပေါ်ကိုတက်ဖို့တော့ ပိတ်ပင်ထားပါတယ်။ အဲဒီကနေ ပြန်ထွက်တော့ အင်းဝမြို့ဟောင်းရဲ့ ညာဖက်က ကြည့်စရာတွေ တော်တော် ကုန်ပါပြီ မြို့ရိုးရဲ့ ဘယ်ဘက်က အရာ တွေကို ဆက်ကြည့်ကြတာပေါ့။
(၅) ဆင်ကျုံးခံတပ်
ကျွန်တော်က အဝေးဆုံးမှာ ရှိတဲ့နေရာဖြစ်တဲ့ ဆင်ကျုံးခံတပ်ကို အရင် ဝင်ခဲ့ပါတယ်။ အင်းဝမြို့ အနောက်ဖက် ဆင်ကျုံးရွာနားမှာ ရှိပြီး ဧရာဝတီ မြစ်တောင်ဘက်ဘေးမှာပါ ညနေဖက် သွားရင်တော့ နေဝင်ချိန်လေးက အဲဒီကနေ ကြည့်လို့ကောင်းမယ် ထင်ပါတယ်။ ဆင်ရိုင်းများကို ကျော့ရာကျုံးကို ပြုပြင် ဆောက်လုပ်ထားတာမို့ ဆင်ကျုံးခံတပ်လို့ ခေါ်တွင်ကာ မင်းတုန်းမင်းတရားကြီးက ၁၈၇၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။
(၆) လောကသရဖူဘုရားကြီး
ညောင်ရမ်းမင်းဆက်မှ ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက စတင်၍ တည်ထားကာ သားတော် မဟာဓမ္မ ရာဇာဓိပတိက မြန်မာ သက္ကရာဇ် ၁၀၉၅ ခုနှစ်မှာ အပြီးတည်ထားခဲ့တာပါတဲ့။ စေတီတော်အတွင်းရှိ ဂန္ဓကုဋ္ဋိ တိုက်တော်ကြီး အတွင်းမှ ရုပ်ပွားတော်ကြီးဟာလည်း တစ်တုံးတည်းသော စကျင်ကျောက်သားဖြင့် မြေကြီးအောက် တစ်ဝက် မြေကြီးပေါ်တစ်ဝက် စိုက်ထူုပီး ပူဇော်ထားတာပါတဲ့။
(၇) ဗားကရာကျောင်း
ရှေးဟောင်းမြန်မာ့ဗိသုကာနှင့် ပန်းပုလက်ရာအနုပညာအမွေအနှစ်အများအပြားတွေ့ရှိနိုင်တဲ့ကျောင်းပါ။ မြန်မာသက္ကရာဇ် ၁၁၉၆ ခုနစ် ဘကြီးတော်မင်းလက်ထက်မှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျွန်းတိုင်ပေါင်း ၂၆၇ လုံးရှိတဲ့ သစ်သားကျောင်းတော်ကြီးပါ။
(၈) ကြောင်လိန်း ဝင်္ကပါ ဘုရား
ဗားကရာကျောင်းကနေ ညာဘက်ချိုးလိုက်ပြီး လှည်းလမ်းလေးအတိုင်း ဝင်သွားရတာပါ။ အုတ်ကျောင်းကြီးတွေနှင့် ဘုရားတွေ တွေ့ရတဲ့ ဘုရားအစုဖြစ်ပြီး သမိုင်းကြောင်းနှင့် ဘုရားအမည်တွေကိုတောင် သေချာမသိခဲ့ရတဲ့ ဘုရားအစုပါ။ ဘုရားနာမည်တွေက လမ်းညွှန်ဆိုက်းဘုတ်မှာ တွေ့ခဲ့ရလို့ သိပေမယ့် အဲနားရောက်သွားတော့ ဘယ်အဆောက်အအုံက ဘယ်ဘုရားလို့ မသိခဲ့ရလို့ပါ ကပ်ရက်မှာတော့ မြင်းမိုရ်တောင်ဘုရား ဆိုတာလည်း ရှိပါတယ်။
(၉) ရတနာဆီမီး ဘုရားစု
ဗားကရာကျောင်းက ပြန်ထွက်လာရင် လမ်းထိပ်မှယ တွေ့ရတဲ့ ဘုရားအစု ဖြစ်ပြီး ကျွန်တော် အကြိုက်ဆုံး ဘုရားအစုထဲက တစ်ခုပါ။ သမိုင်းကြောင်းတွေ သေချာမသိပေမယ့် စေတီတည်ထားပုံနှင့် ဘုရားအပျက် တွေကတော့ ဓာတ်ပုံဆရာတွေ လက်စွမ်းပြကြတဲ့ အမွေအနှစ်တွေထဲက တစ်ခုပါ။
(၁၀) ဒေါ်ဂျမ်းဘုရားစု
အင်းဝမြို့အုတ်ရိုးရဲ့ ဘယ်ဘက်မှာရှိပြီး အဲဒီနေရာကလည်း သမိုင်းမသိခဲ့ရတဲ့ နောက်တစ်နေရာပါ။
(၁၁) လေးထပ်ကြီးဘုရား
ညောင်ရမ်းမင်းတည်ခဲ့တဲ့ အင်္ဝမြို့ မဟာမြတ်မုနိ ဘုရားရှေ့မှာ တည်ရှိပြီး အင်းဝမြို့ထဲ ဝင်လိုက်တာနှင့် လမ်းရဲ့ ဘယ်ဘက်မှာ သိသာ ထင်ရှားလှတဲ့ ကျောင်းတော်ကြီးပါ မန္တလေး သကျသီဟ ဘုရား မူလက ကိန်းဝပ်စံပယ်ခဲ့တဲ့ ဂန္ဓကုဋ္ဋီတိုက်ကြီးပါ။ ထုထည်ကြီးမားလှတာ ထင်ရှားပြီး အနုစိတ်လက်ရာတွေက တစ်မူ ထူးခြားလှပါတယ်။ နှမြောစရာကောင်းတာက ထိန်းသိမ်းထားခြင်းမရှိတာပါ။ ဗကျာင်းတော်အတွင်း၌ အုတ်ပုံကြီးကလည်း ဒီအတိုင်းရှိနေသလို ကျောင်းတော်ကြီးရဲ့ လက်ရာတွေကိုလည်း ထိန်းသိမ်းထားပုံမရပါဘူး။ ထပ်ပြီးကြည့်သင့်တဲ့နေရာလေးတွေတော့ရှိပါသေးတယ်။ကျွန်တော်ကတော့ အဲလောက်ဘဲ ကြည့်ခဲ့ပြီး အမရပူရကို ပြန်သွားပြီး အမရပူရရဲ့ အနောက်ဖက် ခြမ်းကို ဆက်လေ့လာခဲ့တာပါ။
အပြန်ခရီးကတော့
ရန်ကုန် - မန္တလေး express ဖြစ်တဲ့ မန္တလာမင်း ည ၉ နာရီ ကားနှင့်ပါ star ticket ကဘဲ လက်မှတ်ဖြတ်ခဲ့တာပါ ဒီတစ်ခေါက်က အချိန်မမီမှာ ကြောက်လို့ မြန်မြန် နှင့် လောလော သွားခဲ့ရတာမို့ တစ်ချို့ နေရာတွေကို ဓာတ်ပုံနှင့် ဖော်ပြနိုင်ခြင်း မရှိတာကို တောင်းပန်ပါတယ်။ လောလောနှင့်သွားပြီး ပြီးမှအချိန်တွေပိုနေတာ ပိုက်ဆံကတော့ ကျွန်တော့် အနေနှင့် ကားလက်မှတ်ရော စားတာ သောက်တာပါအပြီး အင်းဝရော အမရပူရပါ ၄၀၀၀၀ လောက်တော့ ကုန်ခဲ့ပါတယ်။အစားကို တစ်ဖြဲနှစ်ဖြဲ ရောက်ရာအရောက်မှာ စားတာကိုး ဟီး အင်းဝနှင့် ပတ်သက်လို့ အမှားများရှိရင် ပြင်ဆင်ပေးစေချင်ပါတယ်။နောက်ဆုံးမှာချင်တာကတော့ အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။