ဆဒုံးရေတံခွန်ရောက် အမှတ်တရ

2019-12-02edit Hay Mar Lwin

ဆမ်းမားရေ...

တောတောင်ရေမြေပေါများတဲ့ မြန်မာနိုင်ငံကြီးမှာလေ၊ အရမ်းကို ရင်သပ်ရှုမောဖြစ်ရလောက်တဲ့ ရေတံခွန်တွေအများကြီးရှိတယ် သိလား။ တောင်မြင့်မြင့်ရှိတဲ့ဒေသတွေက ရေတံခွန်တွေက ပိုကြီး ပိုလှလေ့ရှိတယ်။ တချို့ရေတံခွန်တွေကတော့ နိမ့်ပေမယ့်၊ ပတ်ဝန်းကျင်ကစိမ်းစိုပြီး သာယာအေးချမ်းလွန်းတော့ သွားရောက်လည်ပတ်ဖို့ကောင်းနေတာပါပဲ။ ရေတံခွန်ဆိုတာကလေ ရေတွေအများကြီးကျနေမှ လှတဲ့အမျိုးဆိုတော့၊ မိုးအကုန် ဆောင်းအကူးရာသီတွေမှာ သွားနော်။ နွေဆို ရေနည်းတော့ သိပ်မလှ တော့ဘူးလေ။

နာမည်ကြီးရေတံခွန်တွေကတော့ အများကြီးပဲပေါ့ ဆမ်းမားရယ်။ ပြင်ဦးလွင် အနီးတဝိုက်ဆိုလည်း အများကြီးပဲ။ ဓါတ်တော်ချိုင့်ဆို တော်တော်လှတယ်လေ။ ဟိုဘက် နည်းနည်းဆက်ထွက်လိုက်ရင် နောင်ချိုက ဘန့်ဘွေးကျင်းရေတံခွန်ဆို အမြင့်ကြီး၊ အကြီးကြီးပဲ။ နေပြည်တော်နဲ့ မနီးမဝေးမှာ နမ့်မွန်ကြီး ရေတံခွန်ရှိနေတယ်။ ရှမ်းပြည်မှာဆို ဟိုက်ပါရေတံခွန်၊ သွားရတာ အလှမ်းဝေးပေမယ့် တော်တော်လှတာတဲ့။ ကိုယ်မရောက်ဖူးသေးဘူး။ မင်းနဲ့တူတူသွားချင်မိတယ်။ လိုက်ခဲ့နော်။ သွားရလာရအဆင်ပြေပြီး၊ လှတာက ရွာငံရေပြာအိုင်နားက တောကျယ်ရေတံခွန်ပဲ။ အောက်ဘက်ဆက်ဆင်းရင် ကယားပြည်နယ်က ထီးစဲ့ခါးရေတံခွန်၊ သူကတော့ မြစ်ချောင်းထဲကထက် စိမ့်ရေစီးလာတာလို့ပြောကြတယ်။ ပြီးတော့ နာမည်ကြီး ရေအားလျှပ်စစ် ထုတ်တဲ့ လောပိတပေါ့ကွယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်ထဲမှာဆိုလည်း အများကြီးပဲ။ ရန်ကုန်နဲ့နီးနီးနားနားဆို ကျိုက်ထိုက ဆောင်နိုင်ကြီး ရေတံခွန် ရှိတယ်။ ဆက်ဆင်းသွားရင် ကျုံထော်။ မြိတ်ဘက်မှာလည်း ရေတံခွန်တွေရှိနေသေးတာ။ အနောက်ဘက်မှာဆိုရင် နာမည်အကြီးဆုံးက ချင်းပြည်နယ်က ဘုံတလာပေါ့။ အရမ်းလှတယ်ပြောတယ်။ မင်းနဲ့မှ တူတူသွားကြမယ်လေ။ နော်။ ကချင်ပြည်နယ်မှာလည်း ရေတံခွန်တွေရှိတာ။ မြစ်ကြီးနားကနေ တစ်နာရီလောက် ထပ်သွားရင် ဆဒုံးရေတံခွန်ဆိုတာရှိတယ်။

တကူးတကသွားရလည်း သွားရတာတန်ပါတယ်။ အရမ်းလှတယ်လေ။ တောင်စောင်းပေါ်ကနေ အရှိန်အဟုန်နဲ့ တဝုန်းဝုန်းစီးကျလာတဲ့ ရေစီးသံတဝေါဝေါကို နားထောင်ရင်း၊ ရေမှုန်ရေမွှားတွေ မျက်နှာပေါ်ကို လွင့်စင်လာတာကိုခံစားရင်း၊ ရေထဲခြေထောက်စိမ်ထားရင်း၊ ရေတံခွန်ကြီးရဲ့အလှကိုတစိမ့်စိမ့်ခံစားရတဲ့ အရသာကလေ ပြန်ပြောပြဖို့တော်တော်ခက်တယ် ဆမ်းမားရယ်။ မင်းကို လိုက်ခဲ့စေချင်တယ်။

ရေတံခွန်တွေဆီသွားမယ်ဆိုရင်လည်း တစ်ခုသတိထားစေချင်တယ်။ ကျောက်တုံးကျောက်ဆောင်တွေကို ရေကအမြဲဖြတ်စီးနေတာဆိုတော့လေ၊ ကျောက်တုံးတွေက ရေတိုက်စားပါများတော့ ချောနေတာတွေရှိတယ်။ ချွန်ထက်နေတာတွေရှိတယ်။ အဲ့အပေါ်နင်းဖြတ်ရင် သတိထားစေချင်တယ်။ ရေထဲဖြတ်လျှောက်ရင်လည်း အောက်ကကျောက်ရဲ့ အနိမ့်အမြင့်က မှန်းရခက်တယ်လေ။ နိမ့်တယ်ထင်ပေမယ့် ခြေချလိုက်မှ အနက်ကြီးမှန်း သိတာမျိုးတွေလဲ ရှိနေတတ်တာ။ ရေကူးတတ်လဲ ရေစီးကြမ်းတဲ့နေရာတွေဆို ကူးဖို့မလွယ်ဘူးလေ။ ရေစီးနဲ့မြောပါသွားတတ်တာ။ ရေတံခွန်က အဆင့်ဆင့်ဆိုရင်လဲ ရေထဲပါသွားရင် ပိုအန္တရာယ်များတယ်လေ။ အာ့ကြောင့် သတိထားနော် ဆမ်းမား။

ရှမ်းပြည်ဘက်ကရေတံခွန်တွေက ထုံးကျောက်တွေဆိုတော့၊ နင်းဖြတ်ရင် သိပ်မချောဘူး။ရေညှိလည်း မတက်တော့ သွားရတာ တော်တော်အဆင်ပြေတယ်။ ဖိနပ်မပါပဲ ခြေဗလာနဲ့၊ ရေထဲကိုဖြည်းဖြည်းခြင်း စမ်းစမ်းစမ်းစမ်းနဲ့ ကျောက်တုံးတွေကိုဖြတ်ပြီးလျှောက်ကြည့်ပါ။ မင်းဆို ပျော်နေမှာလို့ ကိုယ်အာမခံရဲတယ်။

အခုတော့ ကိုယ် မင်းကို ရေတံခွန်တစ်ခုအကြောင်းပြောပြချင်တာ။ ကိုယ်တစ်ခုပြောပြရဦးမယ်။ ကျောက်ဆောင်တွေ ပေါ်ကနေ ခြေချော်ကျတတ်တဲ့အကြောင်းပေါ့။ ကိုယ်ကိုယ်တိုင်ဖြစ်ခဲ့တာ။ မင်းစိတ်ပူမှာစိုးလို့ မပြောပြခဲ့တာ။

ကိုယ့်သူငယ်ချင်းတွေနဲ့ မြစ်ကြီးနား၊ ပူတာအိုကို ခရီးစဉ်ကို သွားတုန်းကပေါ့။ မြစ်ကြီးနားကနေ ကန်ပိုက်တီနယ်စပ်မြို့ကိုဆို သုံးနာရီလောက် ကားမောင်းရတယ်။ အဲ့လမ်းပေါ် တစ်နာရီလောက်မောင်းလိုက်ရင် ဆဒုံးခံတပ်ဟောင်းရှိရာ ဆဒုံးမြို့လေးကိုရောက်တယ်။ ဆဒုံးမြို့နားမှာရှိပြီး၊ ဆဒုံချောင်းထဲကို ရေတွေစီးဝင်နေတာမို့ ဆဒုံးရေတံခွန်လို့ခေါ်ကြတာတဲ့။ ရေတံခွန်အဆင့်တွေက ၁၁ခုရှိလို့ ၁၁ထပ်ရေတံခွန်လို့လဲ ခေါ်ကြတယ်တဲ့။ ၁၂ရာသီလုံး ရေနည်းမသွားဘူးဆိုပဲ။ ဒါပေမဲ့  ဆောင်းတွင်းမှာတော့ အလှဆုံးပဲ။

အစားအသောက်အတွက်က အဲ့ရေတံခွန်နားမှာစားသောက်ဆိုင်လေးတွေရှိတယ်။ ကချင်ရိုးရာ ကချင်ချက်လေးတွေက တော်တော်စားလို့ကောင်းတာ။ ကိုယ်သွားတဲ့အချိန်က ဆောင်းတွင်းကြီး၊ ဇန်နဝါရီဝန်းကျင်လောက်။ အရမ်းအေးနေတဲ့အချိန်ပေါ့လေ။ အဲ့အချိန်တုန်းက လမ်းကသိပ်မကောင်းသေးဘူး။ အဆင်ပြေပြေသွားလို့ရတဲ့အဆင့်ပဲရှိသေးတာ။ လမ်းကလဲ ဖုန်ထူသေး။ ဒါပေမဲ့လည်း ဘော်ဒါတွေနဲ့ဆိုတော့ ပျော်နေတာပါပဲ။ ရေတံခွန်ရောက်တော့ လှမ်းမြင်ရတာ အနီးကပ်မဟုတ်တော့၊ သိပ်ရင်မခုန်မိသေးဘူး။ စားသောက်ဆိုင်ထိုင်၊ နေ့လည်စာစား၊ အေးဆေးနားပြီးမှ၊ အောက်ဆင်းခဲ့တာ။ အဲ့တုန်းက ချောင်းကိုဖြတ်ဖို့ ဝါးတံတားလေးပဲရှိတာ။ အသဲတယားယားဖြတ်ခဲ့ရတာ။ အောက်က ရေတဝေါဝေါနဲ့လေ။ အာနဲ့ ဝါးတံတားလေးဖြတ်ပြီး ရေတံခွန်ဘက်ရောက်ရော။ မော့ကြည့်လိုက်မှပဲ။ အိုး...။ လန်ထွက်နေတာဟေ့။ အဆင့်တွေ အဆင့်တွေ အများကြီးနဲ့၊ ရေတွေက တဝေါဝေါ၊ ရေပွားတွေ ဖွာကျနေတာ။ လှလိုက်တာဆိုတာ။ ကျောက်ဆောင်တွေက မြင့်တယ်။ ဒီတိုင်းကုပ်ကပ်တွယ်တက်လို့လည်း မရဘူး။ ဝါးလှေကားလေးတွေ လုပ်ပေးထားတယ်။ အဲဒီကနေ တက်ရတာ။ တတိယအဆင့်လောက်ထိပဲ တက်ခဲ့တယ်။ လူကြီးတွေလည်းပါတော့လေ။ သူတို့ကလဲ ဆက်မတက်ခိုင်းတာနဲ့ပဲ၊ မတက်ခဲ့ရဘူး။

အဲ့ဒါနဲ့ တယောက်တလှည့် ဓါတ်ပုံရိုက်ကြ၊ စကြ နောက်ကြနဲ့ပေါ့။ ရေက ရေခဲရေလိုပဲ။ တအားအေးတာ။ ရေမဆော့နိုင်ဘူး။ အကုန်လုံး ရေစပ်မှာတန်းစီထိုင်၊ ဘောင်းဘီလေးတွေခေါက်၊ ခြေထောက်ရေစိမ်ရုံလောက်ပဲ တတ်နိုင်တယ်။ အဲ့တာတောင် ကိုယ်ကအကြာကြီးမစိမ်နိုင်ဘူး။

ကိုယ်ကအအေးသာကြိုက်တာ၊ တိုက်ရိုက်အေးနေတာကြီးက မခံစားနိုင်ဘူး။ ကိုယ့်ခြေထောက်တွေ ထုံကျင်အေးစက်လာတာနဲ့၊ တော်ပြီ မစိမ်တော့ဘူးဆိုပြီး၊ ထလိုက်တာ။ ကိုယ်နင်းထားတဲ့ကျောက်က ရေညှိနဲနဲရှိတယ်။ ဒါတောင် သတိထပြီး ခပ်ဖြည်းဖြည်းပဲထတာနော်။ ဆတ်ခနဲထလိုက်တာ မဟုတ်ဘူး။ နင်းထားတဲ့ခြေကချော်ထွက်သွားပြီး၊ ရေထဲ စွပ်ခနဲမြုပ်သွားတာ။ ကိုယ့်တစ်ကိုယ်လုံးကလေ ရုတ်တရက်ရေခဲရေထဲအနှစ်ခံလိုက်ရသလို အေးစက်ထုံကျင်သွားပြီး၊ မျက်စိက ဖွင့်ထားရက်နဲ့ ချက်ခြင်းကြီးမှောင်ကျသွားတာ။ စိတ်ထဲပေါ်လာတာက ငါတော့သွားပြီလို့။

ကိုယ်တို့ထိုင်ပြီးရေစိမ်နေတာက တတိယဆင့်လေ။ ရေစီးက ရှယ်ကြမ်း၊ အဆင့်က မြင့်တယ်။ ရေစီးထဲပါသွားပြီး အောက်ကကျောက်ဆောင်နဲ့ဆိုတော့၊ ရှင်ဖို့လမ်းမမြင်ဘူးလေ။ ဒါပေမယ့် ကိုယ်ကံကောင်းခဲ့ပါတယ်။ ကိုယ်ပြုတ်ကျတာနဲ့ ဘေးမှာထိုင်နေတဲ့သူငယ်ချင်းတွေက လက်မြန်ခြေမြန်နဲ့ ဝိုင်းဆွဲတင်ကြတာ။ အင်္ကျီဆွဲတဲ့သူကဆွဲ။ ဆံပင်ဆွဲတဲ့သူကဆွဲ။ ကုတ်ကနေဆွဲတဲ့သူတောင် ရှိသေး။ အဟေး။ အင်္ကျီတွေလဲပြဲ၊ လူလဲ ရေခဲရေနစ်ထားတာဆိုတော့ အေးစက်ပြီး ခိုက်ခိုက်တုန်နေတဲ့ ကြွက်စုတ်။ တစ်မိနစ်မကြာတဲ့အချိန်ပိုင်းလေးတစ်ခုမှာ သေရေးရှင်ရေးကိုအဆုံးအဖြတ်ပေးသွားတာဆိုတော့၊ အတော်လဲလန့်နေတာ။ ငြိမ်ကုပ်နေတာပဲ။ နောက်မှ နဲနဲနေသာသွားမှ၊ လမ်းထလျှောက်နိုင်တော့တာ။ အတူပါတဲ့လူကြီးတွေကလဲ စိတ်ပူကြနဲ့ပေါ့။ သေကံမပါသေးတော့လည်း အဲ့လိုပဲပေါ့။

ဆမ်းမားကိုလည်း ရေတံခွန်တွေရောက်ရင် သတိထားစေချင်တယ်။ ကိုယ်တွေလို အရမ်းသတိထားတဲ့သူတောင် မတော်တဆဆိုတာဖြစ်ခဲ့တယ်လေ။ လူကလဲ ပျော့၊ အပျော်လွန်နေရင် ဘာမှသတိမရတတ်တဲ့ မင်းကိုစိုးရိမ်လို့ ပြောနေရတာ။ ဆမ်းမားရေ။ အစစ အရာရာ သတိထားနော်။ နေရာတကာမှာ မင်းကို ကိုယ့်လို စောင့်ရှောက်ပေး နေမယ့်သူဆိုတာ ရှိမနေနိုင်ဘူးမဟုတ်လား။

(ဟေမာလွင်)

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဆဒုံးရေတံခွန်ရောက် အမှတ်တရ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း