မြန်မာ့ရိုးရာသိုင်းပညာ
2020-05-21edit Ye NaungPhoto credited to - Myanmar Thaing Federation (MTF)
တောမြို့လေးရဲ့အလှူမှာ ဒိုးပတ်သံ၊ပလွေသံတွေနဲ့အတူ ဦးရွှေရိုး၊ဒေါ်မိုးအကတွေမြင်ဖူးကြမှာပါ။ ဒါ့အပြင် ရှမ်း အိုးစည်သံကိုလည်း နွှဲပျောင်းလှပပေမယ့် ဟန်တွေမာန်တွေအပြည့်ပါတဲ့ ဓါးသိုင်းအကနဲ့ တွဲဖက်မြင်ဖူးကြလိမ့် မယ်လို့ ကြားဖူးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Photo credited to - Myanmar Thaing Federation (MTF)
ရှမ်းအိုးစည်သံရဲ့မြူးကြွမှုက လူတယောက်ရဲ့စိတ်ဓါတ်ကိုတက်ကြွစေသလို ဓါးနဲ့လူ တသားတည်းကျနေအောင် ကနေတဲ့ ဓါးသိုင်းကလည်း တိုက်ခိုက်ရေးပညာနဲ့အကပညာကို ပြီးပြည့်စုံတဲ့အချိုးတစ်ခုနဲ့ပေါင်းစပ်ထားမှန်း သိသာလှပါတယ်။ ဒါဟာနှစ်ရာပေါင်းများစွာတိုင်အောင် ထိတွေ့ဆုပ်ကိုင်ပြလို့မရနိုင်တဲ့အမွေအနေနဲ့ ရှေးမြန်မာ တွေက လက်ဆင့်ကမ်းခဲ့တဲ့အရာပါပဲ။
Photo credited to - Myanmar Thaing Federation (MTF)
တိတိကျကျပြောရရင် မြန်မာ့ရိုးရာသိုင်းပညာပါ။ ဓါးသိုင်းအကတွေ၊လှံသိုင်းအလှတွေ၊ ယနေ့ခေတ်မှာ ထင်ရှား လူသိများတဲ့ တိုက်ခိုက်ရေးအားကစားရိုးရာလက်ဝှေ့တွေ အကုန်လုံးရဲ့ပင်မရေသောက်မြစ်က မြန်မာတို့ရဲ့ရိုးရာ သိုင်းပညာပါပဲ။
ကမ္ဘာပေါ်က လူမျိုးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးပညာတွေ ရှိကြစမြဲပါပဲ။ ဂျပန်လူမျိုး တွေမှာ အာကီဒို၊ ဂျုဒို၊ ကရာတေး၊ တရုတ်နိုင်ငံရဲ့ ဝင်ချန်ကွန်ဖူး၊ ကိုရီးယားနိုင်ငံရဲ့ တိုက်ကွမ်ဒို၊ ထိုင်းလူမျိုး တို့ရဲ့မွေထိုင်းလက်ဝှေ့ စသဖြင့် အများအပြားရှိကြပါတယ်။ မြန်မာလူမျိုးတွေမှာလည်း မြန်မာ့ရိုးရာသိုင်းပညာ ကို သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ်။
မြန်မာ့ရိုးရာသိုင်းပညာမိတ်ဆက်
Photo credited to - Myanmar Thaing Federation (MTF)
မြန်မာ့ရိုးရာသိုင်းပညာမှာ ဗန်တို၊ ဗန်ရှည်ဆိုပြီး ခွဲခြားမှုရှိပါတယ်။ ဒါပေမဲ့ တသီးတခြားဖြစ်နေတဲ့ အရာနှစ်မျိုးမ ဟုတ်ပါဘူး။ ဗန်တိုက လက်နက်မဲ့ဖြစ်ပြီး လက်နက်မဲ့လှုပ်ရှားတိုက်ခိုက်မှုတွေမှာ လက်နက်တပ်ဆင်လိုက်ရင် ဗန်ရှည်ဖြစ်လာပါပြီ။ သမိုင်းအထောက်အထားတွေအရ ၈ ရာစုကတည်းက မြန်မာနိုင်ငံမှာ ဗန်တို၊ဗန်ရှည် ကစားနေပြီလို့ သိရှိရပါတယ်။
ဗန်တိုကို အပျော့နဲ့အမာဗန်တိုဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ မိမိကိုယ်ကို အထိမခံဘဲ ရှောင်တိမ်းပြီး တန်ပြန် တိုက်ခိုက်တဲ့ဗန်တိုပညာကို အပျော့ဗန်တိုလို့ ခေါ်ပြီး မဆုတ်၊မတိမ်းဘဲမာဂုဏ်ချင်းယှဉ်၊ ပညာချင်းယှဉ်တဲ့နည်း စနစ်ကိုတော့ အမာဗန်တိုလို့ ခေါ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ အားကစားပြိုင်ပွဲအဖြစ် ကစားနေတဲ့ ရိုးရာလက်ဝှေ့ဟာ အမာဗန်တိုပါ ပဲ။
မြန်မာ့ရိုးရာသိုင်းပညာရှင်တွေဟာ ဆရာစဉ်ဆက် နူတ်အားဖြင့် သင်ကြားပို့ချပေးခဲ့ကြတာဖြစ်ပြီး တပည့်ရွေး ချယ်ရာမှာလည်း အင်မတန်သတိကြီးစွာ ထားကြပါတယ်။ အစွမ်းထက်မြက်တဲ့ မြန်မာ့ရိုးရာသိုင်းပညာကို ကိုယ် ကျင့်တရားပျက်ယွင်းသူတွေလက်ထဲ ရောက်မှာကို အင်မတန်စိုးရိမ်ကြပြီး သေတဲ့အထိ သူတို့ရဲ့ပညာကို သိုသို သိပ်သိပ်ထားလေ့ရှိကြတာကြောင့် တဖြည်းဖြည်းနဲ့ ပညာရပ်တွေပျောက်ပျက်ကုန်ကြတဲ့သဘောလည်း ရှိပါ တယ်။ ဒါ့အပြင် စာနဲ့ရေးသားမှတ်တမ်းတင်ခြင်းလည်း မရှိခဲ့ကြတာကြောင့် မှတ်တမ်းမှတ်ရာတွေ တိုက်ဆိုင်စစ် ဆေးကြည့်ဖို့လည်း ခက်ခဲပါတယ်။ အခုဆောင်းပါးမှာ လက်လှမ်းမီသမျှ ဖော်ပြပေးသွားမှာဖြစ်လို့ မပြည့်မစုံဖြစ် ခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
နောက်ခံသမိုင်း
Photo credited to - Myanmar Thaing Federation (MTF)
မြန်မာ့သိုင်းပညာမှာ ဆရာတဆူဖြစ်တဲ့ ဆရာဦးချစ်သန်းကတော့ ဘယ်ကနေဘယ်လိုရောက်ရှိလာတယ်လို့ မဖော် ပြပေမယ့် ၈ ရာစု မြန်မာနိုင်ငံမှာ သိုင်းပညာစတင်သင်ယူကစားနေကြပြီလို့ ဆိုပါတယ်။ တိုက်ခိုက်ရေး ပညာသမိုင်းကြောင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ Donn Draeger ကတော့ မြန်မာနိုင်ငံရဲ့ ရိုးရာသိုင်းပညာအပေါ် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လွှမ်းမိုးမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။
၈ရာစုနှစ်မတိုင်မီကတည်းက မြန်မာနိုင်ငံက အရည်းကြီးဘုန်းကြီးတွေ သိုင်းကစားခဲ့ကြတယ်လို့လည်း အဆိုရှိ ပါတယ်။ ဒါပေမဲ့ အဲဒီအရည်းကြီးဘုန်းကြီးတွေ ဘယ်ကနေ ကိုယ်ခံပညာတွေ စတင်သင်ယူခဲ့သလဲဆိုတာကို တော့ မသိနိုင်ပါဘူး။ အမေရိကန်ဗန်တိုအဖွဲ့ရဲ့နည်းပြချုပ် ဦးမောင်ကြီးကတော့ ရိုးရာသိုင်းပညာအပေါ် အတွေး အခေါ်အရ ဗုဒ္ဓဘာသာ၊ ဗြဟ္မဏနဲ့ ဒေသတွင်းနတ်ကိုးကွယ်ယုံကြည်မှုတွေက သက်ရောက်မှုရှိခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်ခဲ့ချိန်မှာတော့ မြန်မာ့ရိုးရာသိုင်းပညာလေ့ကျင့်မှုဟာ ဥပဒေအရ နှိပ် ကွပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်၊ ဟံသာဝတီခရိုင်နဲ့ သထုံဘက်မှာ သိုင်းဂိုဏ်းအဖွဲ့ငယ်လေးတွေဟာ လျို့ဝှက်ပြီး လေ့ကျင့်သင်ယူနေခဲ့ ကြပါတယ်။
ဒါပေမဲ့ ဂျပန်ခေတ် (၁၉၄၂-၁၉၄၅)ခုနှစ်တွေမှာ မြန်မာ့ရိုးရာသိုင်းပညာကို ပြန်လည်ဖော်ထုတ်ဖို့ အားပေးခံရပါ တယ်။ ဒီလိုပဲ ဂျပန်တိုက်ခိုက်ရေးပညာရပ်တွေကိုလည်း မြန်မာနိုင်ငံနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဂျပန်ခေတ်မှာ မြန်မာ့သိုင်းပညာဟာ လေးလေးစားစားဆက်ဆံခံခဲ့ရပြီး အဲဒီကာလအတောအတွင်းမှာပဲ ဦးဖေသိန်း၊ ဦးချစ် သန်း စတဲ့ ထင်ရှားတဲ့ ရိုးရာသိုင်းပညာရှင်တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း မှာလည်း ရိုးရာသိုင်းအဖွဲ့အစည်းတွေထူထောင်တာတွေ၊ ပညာအမွေပေးဖို့ သိုင်းပညာစာအုပ်တွေ ရေးသား ထုတ်ဝေခဲ့တာလည်း အဲဒီဦးဖေသိန်းနဲ့ ဦးချစ်သန်းတို့ နှစ်ဦးပါပဲ။
လက်ရှိအခြေအနေ
Photo credited to - Myanmar Thaing Federation (MTF)
လက်ရှိအချိန်မှာတော့ ရိုးရာအမွေကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်အစိုးရက မြန်မာ့ရိုးရာသိုင်းအဖွဲ့ချုပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသလို အဖွဲ့ချုပ်ရဲ့ပြင်ပမှာ အခြားသိုင်းပညာလက်ခွဲဂိုဏ်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေတွေကြောင့် သိုင်းပညာသင်ကြားတဲ့ကျောင်းပေါင်းများစွာ ဆက်မရပ်တည်နိုင်တော့ဘဲ အပြီးတိုင် ပိတ်ခဲ့ ကြရပါတယ်။အခြားတဖက်မှာလည်း မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့ ကိုရီးယားနဲ့ ဂျပန်စီးပွား ရေးလုပ်ငန်းခွဲတွေရဲ့ငွေကြေးအရ ထောက်ပံ့ကူညီမှုနဲ့အတူ တိုက်ကွမ်ဒိုနဲ့ ကရာတေးအားကစားတွေ ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်မဲ့ဆိုရင် ဗန်တို၊ လက်နက်နဲ့ဆိုရင် ဗန်ရှည်။ နှစ်မျိုးစလုံးကိုပေါင်းပြီး သိုင်းပညာအဖြစ် သတ်မှတ်ချက်က ဆက်ပြီးတည်မြဲနေဆဲပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ပြင်ပဖြစ်တဲ့ အမေရိကန်ဗန်တိုအဖွဲ့နဲ့ ပါကစ္စတန်အခြေစိုက် ကမ္ဘာ့ဗန်တိုအဖွဲ့တို့ကတော့ သူတို့သင်ကြားပေးနေတဲ့သိုင်းပညာကို ဗန်တိုလို့ပဲ သုံးနူန်း ကြပါတယ်။ သိုင်းဆိုတဲ့ အသုံးအနူန်းနဲ့ယှဉ်ရင် ဗန်တိုဆိုတဲ့စကားလုံးက နိုင်ငံခြားသားတွေအတွက် အသံထွက် ရတာ ပိုပြီးလွယ်ကူတာကြောင့် သူတို့အခုလိုဆက်သုံးနူန်းနေကြတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးရှိသလို သူတို့ရဲ့ကိုယ်ပိုင်ကိုယ်ခံပညာတွေ အသီးသီးရှိကြ ပါတယ်။ ဒါပေမဲ့ စာရေးသူရဲ့အတွေ့အကြုံအရ အခြားတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ကိုယ်ခံပညာတွေနဲ့စာရင် မြန်မာနဲ့ ရှမ်းတို့ရဲ့ တိုက်ခိုက်ရေးပညာက လွှမ်းမိုးထားတယ်လို့ ယူဆစရာရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ ဆိုရရင် ပညာရှင်တွေအနေနဲ့ အလေးအနက်လေ့လာလောက်စရာ ကြွယ်ဝတဲ့ ရိုးရာ တိုက်ခိုက် ရေးပညာအစဉ်အလာ မြန်မာတွေမှာ ရှိပါတယ်။ လက်ရှိတိုင်းပြည်ရဲ့စီးပွားရေးအခြေအနေနဲ့ နိုင်ငံခြားကိုယ်ခံ ပညာအားကစားတွေရဲ့ထိုးဖောက်ဝင်ရောက်မှုကလည်း နှစ်ရာပေါင်းများစွာတည်ရှိခဲ့တဲ့ မြန်မာယဉ်ကျေးမှုရဲ့ မျက်နှာစာတဖက်အပေါ် ခြိမ်းခြောက်နေသယောက်ပါပဲ။ အဲဒီအချက်တွေကြောင့် သီးခြားဂုဏ်ရည်ရှိတဲ့ မြန်မာတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်တရပ်ဖြစ်တဲ့ ရိုးရာသိုင်းပညာပျောက်ကွယ်မသွားစေဖို့တော့ မျှော် လင့် နေမိပါတယ်။ မြန်မာပညာရှင်တွေအနေနဲ့လည်း ရိုးရာသိုင်းပညာကို အချိန်မီ မှတ်တမ်းတင်ထိမ်းသိမ်းနိုင် ကြဖို့ မျှော်လင့်မိပြီး နိုင်ငံတကာက ဧည့်သည်တော်တွေကိုလည်း လာရောက်စူးစမ်းလေ့လာကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။