မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့

2019-05-31edit MingalaGO

Myanmar-Traditional-Tattooing-Custom

ပုံစာ - မင်ကြောင်နှင့်ရှေးမြန်မာ

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့လို့ သီးခြားခွဲထုတ်ပြီးဖော်ပြရတဲ့အကြောင်းကတော့တကမ္ဘာလုံးမှာ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာကြောင့်ပါ။အဲဒီလိုကမ္ဘာတဝှမ်းထွန်းကားခဲ့တဲ့ဓလေ့ဖြစ်ပေမယ့် ဘယ်အချိန်က စတင်ခဲ့တယ်ဆိုတာကိုတော့ တိတိ ကျကျမပြောနိုင်သေးပါဘူး။ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ကို အစောဆုံးအထောက်အထားအနေနဲ့ဆိုက်ဘေးရီးယားရေခဲပြင်တွေအောက် မှာ ဆေးမင်ထိုးထားတဲ့လူခန္ဓာကိုယ် အလောင်းတွေအဖြစ်ပထမဆုံးအကြိမ်စတင်တွေ့ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ တော့ဘီစီ၁၅ ရာစု၊၂၀ရာစု လောက်မှာ ဆေးမင်ကြောင်ဓလေ့ထွန်းကားနေပြီဆိုတဲ့သက်သေတွေတွေ့ရှိခဲ့ပါတယ်။ ခေတ်ကမ္ဘာမှာတော့သတ္တမမြောက်အက်ဒွပ်ဘုရင်ကြီးဟာ ဝေလမင်းသားဘဝကတည်းကဆေးမင်ထိုးခဲ့တယ်လို့ ဆိုပါတယ်။အာရှမှာဆိုရင် ဂျပန်လူမျိုးတွေဟာ အနုပညာသဘောကဲတဲ့ ဆေးမင်ပုံသဏ္ဍာန်တွေထိုးလေ့ရှိပြီး ၁၉ရာစုမှာ အစိုးရက ဥပဒေနဲ့ပိတ်ပင်ခဲ့ပေမယ့် ကွယ်ပျောက်မသွားခဲ့ပါဘူး။

Myanmar-Traditional-Tattooing-Custom ပုံစာ - မြန်မာ့ရိုးရာမင်ကြောင်ဒီဇိုင်းတချို့

မြန်မာလူမျိုးတွေမှာတော့ " ဆေးမင်စုတ်ထိုး၊အိမ်ထောင်ပြု၊ဘုရားတည်ဤသုံးချက်မပိုင်ရင်နောင်ပြင်ရန်ခက်သည့်အမျိုး"ဆိုပြီးစကားပုံရှိ ခဲ့ပါတယ်။ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ကရှေးကျခဲ့ပြီးပုဂံခေတ်ကစတင်ခဲ့တယ်လို့ယူဆရပါတယ်။ ကုန်းဘောင်ခေတ်မြန်မာဘုရင်နောက် ဆုံးမင်းတွေလက်ထက်မှာဆိုရင် လူကိုအမှတ်အသားလုပ်တဲ့အနေနဲ့ ဆေးမင်ကြောင်ကို သုံးခဲ့တာလည်း ရှိပါတယ်။

Myanmar-Traditional-Tattooing-Custom ပုံစာ - မြန်မာ့ရိုးရာမင်ကြောင်ဒီဇိုင်းတချို့

လူဆိုး၊ဓါးပြတွေကို သေဒဏ်ပေးလောက်တဲ့အပြစ်မဟုတ်ခဲ့ရင် နဖူးမှာ“ဓါးပြ၊ သူခိုး”စသဖြင့် ဆေးမင်နဲ့ရေးထိုးပြီး တသက်တာနောင်ကြဉ်အောင် ဆုံးမလေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘုရင့်အာဏာပါးကွက်သားတွေဟာ လည်း ဒင်္ဂါးဝိုင်းအရွယ်ဆေးမင်အနက်နဲ့ ပါးမှာထိုးထားကြပြီး ရင်ဘတ်မှာ “ သူသတ်” လို့ ရေးထိုးထားခဲ့တာကြောင့် ရာဇဝတ်သားတွေအနေနဲ့ ပါးကွက်သားကိုမြင်ရုံနဲ့ပဲ ကျောချမ်းစရာဖြစ်နေခဲ့မလားလို့ တွေးမိပါတယ်။ထိုးကွင်းမင်ကြောင်ဓလ့ခေတ်ကောင်းခဲ့ချိန်တုန်းက အမျိုးသမီးတွေလည်း အားကျမခံ ယောင်္ကျားတွေနဲ့အတူဝင်ထိုး ခဲ့ကြတယ်။ မြန်မာအမျိုးသမီးတွေဟာ အခုခေတ်မှ အလှအပအနေနဲ့ ဆေးမင်ကြောင်ထိုးကြတာမဟုတ်ပါဘူး။ ရှေးခေတ်ကလည်း အခုလိုဆေးမင်ကြောင်ကို အလှအပအနေနဲ့ ပေါင်တဖက်တချက်မှာ ငုံးရုပ်၊ကြက်ရုပ်တွေထိုးနှံ့တာ ရှိခဲ့ပါတယ်။

Myanmar-Traditional-Tattooing-Custom ပုံစာ - မြန်မာ့ရိုးရာမင်ကြောင်ဒီဇိုင်းတချို့

Myanmar-Traditional-Tattooing-Custom ပုံစာ - မင်ကြောင်ထိုးထားသည့်ယနေ့ခေတ်မြန်မာလူငယ်တဦး

အဲဒီလိုအလှအပအခြေခံထိုးတဲ့ ဆေးမင်ကြောင်တွေ ရှိခဲ့သလို စွဲလန်းမှုအခြေခံပြီး ထိုးခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။အကြောင်းကတော့ ဆေးမင်ကြောင့်ထိုးထားလို့ အစွမ်းတခုခုရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပါ။ 

Myanmar-Traditional-Tattooing-Custom မြန်မာ့ရိုးရာမင်ကြောင်ဒီဇိုင်းတချို့

ဒီလိုဖြစ် ရတဲ့နောက်ကွယ်ကအကြောင်းကတော့ ပုဂံ ခေတ် အရည်းကြီးတွေပါပဲ။သူတို့က အတိုက်အခိုက်အသတ်အ ပုတ်ကျွမ်းကျင်ပြီး စွမ်းကြလေတော့ အရပ်သားတွေကလည်းသူတို့နေ့တိုင်းလေ့ကျင့်တာကိုမမြင်ဘဲ ဆေးမင်ကြောင်ကြောင့်လို့ ထင်မြင်ယူဆပြီး လိုက်ထိုးကြတာကနေ စခဲ့တာပါပဲ။

အဲဒီလို အလှအပ၊အစွဲအလန်းတွေကနေ ယဉ်ကျေးမှုသဖွယ်ဖြစ်လာခဲ့ပြီး ယောင်္ကျားမှန်ရင် ထိုးကွင်းမရှိပါက ယောင်္ကျားမပီသဘူးလို့ စံနူန်းတခုအဖြစ် သဘောထားကြတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။

ဂန္ဓဝင်ကဗျာထဲက မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့

ကဝိလက္ခဏာဖြစ်တဲ့ ကဗျာကို အကျယ်တဝင့် မပြောနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာဂန္ဓဝင်ကဗျာလောကမှာ ရတု ဘုရင်လို့ကျော်ကြားခဲ့တဲ့ နတ်ရှင်နောင်က ညီဖြစ်တဲ့သူကိုစနောက်တဲ့ ကဗျာလေးအကြောင်း ပြောချင်ပါတယ်။ တချို့အမြင်မှာ နတ်ရှင်နောင်ဆိုတာနဲ့ အလွမ်းကဗျာတွေနဲ့ပဲ တွဲပြီးမြင် လိုက်ကြတော့တယ်။

ဒါပေမဲ့ ကဗျာက လူကို ကိုယ်စားပြုပါသလား။ ကဗျာဆရာရဲ့အဇ္ဈတ္တစိတ်သန္တာန်ကို တကယ်တမ်း ထင်ဟပ်ပါရဲ့လားဆိုတာက ကဗျာဝေဖန် ရေးလောကရဲ့ပြဿနာတွေပါပဲ။ ဒါပေမဲ့ စဉ်းစားစရာရှိတာက တရံတစ်ခါ အပျင်းပြေမယ်ဘွဲ့ကဗျာလေးရေးမိတာနဲ့ အချစ်ရှုး၊ဏှာရှုးလုံးလုံးဖြစ်ရတော့တယ်။

Myanmar-Traditional-Tattooing-Custom ပုံစာ - ရှေးတောင်ငူဘုရင့်နိုင်ငံပိုစတာ

အဲဒါ နတ်ရှင်နောင်ပါပဲ။ လူက ယောင်္ကျားဘသား တကယ့်စစ်ဘုရင်။ ဒါပေမဲ့ အလွမ်းရတုတပုဒ်လောက် ဝါသနာအလျှောက်ရေးမိခဲ့တာနဲ့ အားနွှဲ့တဲ့လူပျော့လူညံ့ ဖြစ်ရရှာတော့တယ်။ စာကိုကြည့်ပြီး လူကိုရုပ်ပုံဖော် တဲ့ဇာတ်လမ်းပမာချဲ့ကားမှုတွေကြောင့် အထိအနာဆုံးက နတ်ရှင်နောင်ပါပဲ။

နတ်ရှင်နောင်က ကလေးအရွယ်ကတည်းက စစ်တိုက်လာတဲ့သူ။ရာဇဓါတုကလျာကိုလည်း လက်ထပ်ဖူးတာ ကလွဲပြီး စွဲလန်းလှတယ်လို့ မဟုတ်ခဲ့ဘူး။ စိတ်ဓါတ်ကလည်း မဟုတ်မခံ၊ ဒါကြောင့် ဗိုလ်လာကျတဲ့ အင်းဝ ဘုရင်ကိုမခံချင်လွန်းလို့ သန်လျင်က ငဇင်ကာနဲ့ ပူးပေါင်းခဲ့တာပဲ။ တိုက်ခိုက်ရုန်းကန်နေရတဲ့ စစ်သားကြီးဟာ အချစ်ရှုး၊ အလွမ်းသမားမဟုတ်တာ အသေအချာပါပဲ။

နတ်ရှင်နောင်က စစ်ထွက်ချိန်မှာ တခဏနားခိုက် အပျင်းပြေလွမ်းရတုရေးမယ်။ သွေးသောက်ကြီးတွေကို သံ နေသံထားနဲ့ထ ဖတ်ခိုင်းမယ်။ နေပြည်တော်မှာဆိုရင်လည်း အားလပ်ရင် ညီတွေနဲ့ ကူလီကစားချင် ကစား၊ မကစားချင်လည်း ကဗျာရေးမယ်ပေါ့။ သူက ညီတွေကို သိတ်ချစ်ရှာတယ်။ ကူလီဆိုတာကတော့ အခုခေတ် မှာကစားတဲ့ ပိုလိုကစားနည်းနဲ့ ခပ်ဆင်ဆင်ရယ်ပါ။

ညီတွေနဲ့ကစားရင် နတ်ရှင်နောင်ကပဲ နိုင်တာများခဲ့တယ်။နိုင်တဲ့အကြောင်း ညီတွေကို ရတုရေးပြီးကလိတယ်။ စနောက်လေ့ရှိတယ်။ အဲဒီ ကဗျာတွေထဲက တစ်ပုဒ်က ကျေးစေရတုပါပဲ။ အဲဒီရတုထဲမှာဆေးမင်ကြောင် ပေါင်တပတ်လည်ပြည့်အောင်မထိုးထားလို့ ရွှေမင်းသမီး လေးက မကြည်ဖြူတဲ့အကြောင်း စပ်ဆိုထားခဲ့ပါတယ်။ ဒါကတော့ ရှေးမြန်မာခေတ်မှာ ထိုးကွင်မင်ကြောင်မရှိရင်ယောင်္ကျာမပီသဘူးလို့ အဲဒီခေတ်လူ့အသိုင်းအဝန်းတခုလုံးက ယူဆခဲ့ကြတဲ့သဘောကို ပေါ်လွင်စေတဲ့ သာဓကတခုပါပဲ။

Myanmar-Traditional-Tattooing-Custom

ပုံစာ - မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနေသော မင်ကြောင်နှင့်မြန်မာလူငယ်

မင်သေမယား

ရှေးမြန်မာခေတ်ဟာ အရိုင်းဆန်ကောင်းဆန်နိုင်ပေမယ့် ချစ်စရာကောင်းတဲ့ရိုးသားပွင့်လင်းမှုတွေလည်း အများ ကြီးရှိခဲ့တာပါပဲ။ သာဓကအနေနဲ့ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ကနေဆင့်ကဲဖြစ်လာတဲ့ယဉ်ကျေးမှုအယူအကောက်လေးတခုကို ပြောချင်ပါတယ်။ယောင်္ကျားတဦး ဟာ အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ ထိုးကွင်းမင်ကြောင် ထိုးချင်တယ်။ ဒါပေမဲ့ မိဘတွေက

လည်း သားဖြစ်သူကို မထိုးစေချင်သေးဘူး။ ငါတို့ သားလေးက ငယ်ပါသေးတယ်။ ထိုးကွင်းမင်ကြောင်နဲ့ဆိုရင် တကယ်လို့ နေပြည်တော်က တပ်သားအနေနဲ့ခေါ်တဲ့ အခါ ပါသွားလိမ့်မယ်။ သားဖြစ်သူဘက်ကလည်း အတွေးတမျိုးပေါ့။

ညနေစောင်း ရေခပ်ဆင်းတဲ့ရွာထဲကအပျိုတွေကို ခြင်းခတ်ရင်း ဟန်ရေးပြရတာ ထိုးကွင်းမပါလေတော့ အလှောင်ခံရတယ်။ ငါအရွယ် ရောက်ပြီးတဲ့ယောင်္ကျားဖြစ်တာ ပြမှဖြစ်မယ်ဆိုတဲ့အတွေးပေါ့။ ဒီလိုနဲ့ ရွာမှာ ထိုးကွင်းထိုးပေးမယ့်ဆေးမင်ကြောင်ဆရာတို့ ရောက်လာကြပါပြီ။ ဆေးမင်ကြောင်ထိုးတဲ့ဆရာတွေရောက်နေပြီ ဆိုတဲ့သတင်းရတာနဲ့ ရွာထဲကကာလသားတွေလည်းသွေးတကြွကြွပေါ့ဗျာ။ ဒါပေမဲ့ နည်းနည်းအသည်းငယ် တတ်တဲ့သူတချို့လည်းဆေးမင်ဆရာကို ကြိုပြီး လက်ဖက်တွေကွမ်းတွေနဲ့ မျက်နှာလုပ်ထားတယ်။ အသာလုပ်ပါပေါ့။ ဒါတင်မကသေးပါဘူး။ တကယ်တမ်းဆေးမင်ထိုးတဲ့အချိန် ဆိုင်းဝိုင်းကလည်း ပါသေးတော့ ဆိုင်းဆရာကိုလည်း နည်းနည်းဖြစ်ဖြစ် ကြည့်ပေါင်းကြရသေးတယ်။ ဆိုင်းဆရာက ခပ်ကြမ်းကြမ်းတီးတာနဲ့ ထိုးကွင်းဆရာက ဆိုင်းချက်နဲ့လိုက်ဖက်အောင် ခပ်ပြင်းပြင်းလေးထိုးတော့မှာကိုးဗျ။

မြန်မာထိုးကွင်းမင်ကြောင်ဆိုတာ သိကြတဲ့အတိုင်း ဒူးကနေတဆင့်ချင်းတက်သွားပြီး ခါးတပတ်လည်အထိ ထိုး ကြတာဆိုတော့ ပုဆိုးမကပ်နိုင်ဘူးပေါ့ဗျာ။ ဒါကြောင့် အားလုံးစုပြီး ထိုးကွင်းမင်ကြောင်ထိုးကြတဲ့ပွဲကို ရွာထိပ်မှာ လုပ်ပါတယ်။ အဲဒီထိုးကွင်းမင်ကြောင်ထိုးပွဲကို ရွာထဲက အပျိုလေး၊အပျိုကြီးတွေ မလာရပါဘူး။

ဒါပေမဲ့ လူစိတ်ဆိုတာ ခက်သားပဲမဟုတ်လား။ မလာရပါဘူးဆိုမှ သူတို့က ကြည့်ချင်သေးတာဗျ။ တလွဲမတွေး ပါနဲ့။ထိုးကွင်းထိုးကြတဲ့ယောင်္ကျား ဘသားတွေဆိုတာ တချိန်မှာ အဲဒီအပျိုကြီးအပျိုလေးတွေရဲ့ ခင်ပွန်းလောင်းတွေပဲ မဟုတ်ပါလား။ အခုခေတ်လို လမ်းပန်း ဆက်သွယ်ရေးကလည်းကောင်းလှတယ်မဟုတ်တော့ ကိုယ့်တ ရွာတည်းသားနဲ့ ရွာနီးစပ်ချုပ်ကလူတွေပဲ ပြန်လက်ထပ်ဖြစ်ကြတာ များမယ့်ပုံပါပဲ။

ဒါကြောင့် သိချင်ကြတယ်။ ဘယ်ယောင်္ကျားက ထိုးကွင်းထိုးရင် တအားကြုံးအော်တယ်၊ နာကျင်တာကို ယောင်္ကျားပီပီ ကျိတ်မခံတတ်ဘူးဆိုတာမျိုးတွေကို မိန်းမပျိုလေးတွေက စပ်စုလိုကြတယ်။ ဘယ်သူကဖြင့်ယောင်္ကျားပီသလိုက်တာ ထိုးကွင်းထိုးလို့ သွေးသံတရဲရဲဖြစ်နေတာတောင်တချက်ကလေးမမဲ့သွားဘူးဆိုတာ မျိုးပေါ့။

ဒါကြောင့် ရွာထဲက ခပ်ငယ်ငယ်ကောင်လေးတယောက်ကို သူတို့ ကင်းထောက်လွှတ်ကြတယ်။ အဲဒီကောင် လေးကပဲ သူ့အစ်မအရွယ်၊ အဒေါ်အရွယ်မိန်းမကြီးတွေကို ပြန်လာပြီး ဖောက်သည်ချတော့တာပေါ့။ ဒီခေတ်စ ကားနဲ့ ပြောရရင် နောက်တန်းပေါက်တဲ့အကွက်ပါပဲ။

ထိုးကွင်းမင်ကြောင်ထိုးလို့ ပြီးပြီဆိုရင် ပိတ်ဖြူရာဇမတ်ကာထားတဲ့အထဲကနေ ထိုးကွင်းထိုးတဲ့သူတွေ ပြန်ထွက် ရပါမယ်။ ပြန်ထွက်ကြမယ့်အချိန်လောက်မှာ ရွာထဲက သက်ဆိုင်သူတွေအနားကပ်လို့ ရပါပြီ။ ထိုးကွင်းထိုးပြီး လို့ ပြန်ထွက်လာတဲ့ ကိုယ့်မောင်၊ ကိုယ့်သားတွေကို ပုဆိုးကမ်းရပါမယ်။

များသောအားဖြင့်အဲဒီပုဆိုးကို ထိုးကွင်းထိုးတဲ့သူရဲ့ အစ်မတွေ၊ညီမတွေနဲ့ အမေလုပ်သူတို့ကပဲ ကမ်းပေးကြ တာပါ။ ဒါပေမဲ့တစိမ်းတရံစာမိန်းမပျိုတဦးဦးကပုဆိုးကမ်းပေးခဲ့ရင်တော့ ယဉ်ကျေးမှုဆိုင်ရာအဓိပ္ပါယ်အကောက် အယူက ထူးခြားသွားပါပြီ။ ထိုးကွင်းထိုးပြီး ပြန်ထွက်လာတဲ့ ယောင်္ကျားတစ်ဦးကို ပုဆိုးကမ်းပေးတဲ့ တစိမ်းတရံ အမျိုးသမီးကို မင်သေမယားလို့ ရှေးခေတ်မြန်မာလူဘောင်မှာ ခေါ်ဝေါ်ပါတယ်။ အဲဒီလိုကမ်းပေးတယ်ဆိုကတည်းက သူတို့နှစ်ဦးကရည်းစားဖြစ်နေကြလို့ပါပဲ။

နောင်တချိန်သူတို့ နှစ်ဦး အကြင်လင်မယားအဖြစ် လက်ထပ်မှာဖြစ်လို့ ထိုးကွင်းထိုးအပြီးမှာ ပုဆိုးကမ်းပေးတာ ပါလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ ဒါ့အပြင်ထူးခြားတဲ့အချက်ကတော့ သူတို့နှစ်ဦးလက်မထပ်ဖြစ်ခဲ့ရင်လည်း တနေရာမှာ သူတို့ကို နှစ်ဦးတည်းအတူတွေ့ခဲ့ရင်တောင် သူတို့ရဲ့အသီးသီးသောအိမ်ထောင်ဖက်တွေ က စွပ်စွဲပြောဆိုမှု၊ ယိုးစွပ်မှု မလုပ်ရပါဘူးတဲ့ဗျာ။

အခုခေတ် လူတစ်ယောက်ဟာ အခြေအနေတရပ်မှာ သိပ်ကို ပိပိရိရိနဲ့ ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်နိုင်ခဲ့တယ်ဆို ရင် "မင်းကွာ … မင်သေလိုက်တာ"လို့ပြောတဲ့စကားရပ်ဟာ မြန်မာ့ရိုးရာဆေးမင်ကြောင့်ဓလေ့နဲ့ ယှက်နွယ်ဖြစ် ထွန်းလာခဲ့တဲ့ စကားအသုံးအနူန်းတစ်ခုဖြစ်ကြောင် းဖော်ပြရင်းမြန်မာ့ရိုးရာဆေးမင်ကြောင်ဓလေ့အကြောင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း