တိမ်တွေတောင်တွေကြားက ကိုယ့်ရဲ့ ကလော မနက်ခင်း

2019-10-30edit Htoo
 



တောင်တက်ရင်း ပျော်ခဲ့ရတဲ့ ကလော ညနေခင်း

  • တိမ်တွေကြားထဲက နိုးထလာခဲ့ရတဲ့ ကလောမနက်ခင်း
  •  
  • ကြယ်တွေကြားထဲမှာ ဖြတ်သန်းခဲ့တဲ့ ကိုယ့်ရဲ့ ကလောည
  •  
  • မီးပုံပွဲလေးနှင့် စကားစမြည်ပြောရင်း ဖြတ်သန်းခဲ့တဲ့ camping

    ဒီအရာအားလုံးကို ခံစားချင်လို့ ဒီတစ်ခေါက် ကလောသွားတော့ camping adventure လေး လုပ်ခဲ့ပါတယ်။ ကလောလို့ ပြောလိုက်တာနှင့် trekking တို့ ပန်းနှမ်း ခင်းတို့ကို မြင်နေကြတဲ့ ခေတ်မှာ ဒီတစ်ခေါက်တော့ ကျွန်တော် ကလောရဲ့ တိမ်တွေတောင်တွေ ကြားမှာ ရွက်ဖျင်တဲလေးထိုးပြီး ညအိပ်ခဲ့ကာ ကိုယ်ရဲ့ ကလောညကို ကြယ်တွေ ကြားထဲ ဖြတ်သန်းပြီး တိမ်တွေတောင်တွေ ကြားထဲက ကိုယ့်ရဲ့ ကလော မနက်ခင်းလေးဟာလည်း သာယာခဲ့ပါတယ်။ တနည်းအားဖြင့် ကလောမှာ တောင်တက်ရင်း အဲတောင်ပေါ်မှာဘဲ ရွက်ဖျင်တဲလေးချကာ Camping Adventure ဆန်ဆန်လေး ဖြတ်သန်းခဲ့ဖြစ်တယ် ဆိုပါစို့။

    ကလောနှင့် ပတ်သက်ရင် ကျွန်တော်တို့ ယုံကြည်အားကိုးရတဲ့ ဦးရဲက - ကိုထူးရေ ဒီတစ်ခေါက် ကလောမှာ camping လုပ်မှာ နေရာအသစ်တွေ့ထားတယ်။ လာမလား ဆိုတော့ ကိုယ်ကလည်း နှစ်ခါမခေါ်ရ ... ချက်ချင်းကြီးကို ကလောကို သွားမယ်ဆိုပြီး ဖြစ်ရော။ camping လုပ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် တစ်ယောက်တည်းကျတော့ ပျင်းဖို့ကောင်း ... အဖွဲ့တောင့်မှ သွားလို့ ကောင်းတာ ဆိုတော့ ကိုယ့်နှင့် သွားမယ့် အဖွဲ့လည်း ရှိတုန်း ရေငတ်တုန်း ရေတွင်းထဲ ကျ ဆိုသလို ပါဘဲလေ။

    တကယ်တော့ ဒီစာရေးထားတာ အခုဆို တစ်နှစ်ပြည့်ပါပြီ။ ဘာဖြစ်လို့ ပြန်တင်တာလဲ ဆိုတော့ ဒီလိုလေးလည်း adventure နေပါလားဆိုတဲ့ ဖီလင်လေး ပေးချင်တာရယ်၊ camping ယဉ်ကျေးမှု တစ်ရပ် ပေါ်ထွန်းလာဖို့လည်း ရည်ရွယ်ပါတယ်။ ဒါပေမယ့် တစ်ချို့ နေရာဒေသတွေမှာကျ camping က တရားဝင် မဟုတ်တာမို့ ကိုယ် သွားမယ့် နေရာဒေသ နှင့် လိုက်ပြီး camping adventure ကို စမ်းသပ်ကြည့်စေချင်ပါတယ်။



အသွားခရီး

ဒီတစ်ခေါက် ကလော သွားမယ် ဆိုတော့ သုံးနေကျ ကိုယ် ကားလက်မှတ် ဖြတ်နေကျ website ဖြစ်တဲ့ ( https://www.starticket.com.mm/ ) မှာ လက်မှတ် ဝင်ဖြတ်လိုက်တယ်လေ။ အပြန်ကကျ ပုဂံမှာ Bagan Temple Marathon သွားပြေးမှာမို့ လက်မှတ် မဝယ်တော့ဘူးဆိုပြီး အသွားတစ်ကြောင်းကိုဘဲ Elite VIP Bus ကို လက်မှတ် ဖြတ်လိုက်ပါတယ်။ VIP လက်မှတ်ကတော့ ၂၂၃၀၀ ကျပ် ပေးရပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ Elite ကို အရမ်း မကြိုက်ဘူး။ ဒီတစ်ခေါက်သွားတာဘဲ အဆင်မပြေလို့လား မသိ။ အကြောင်းရင်း သိချင်ရင်တော့ chat box မှာ လာမေးနိုင်ပါတယ်။

ကလောရောက်တော့ မနက်စောစော ၄ နာရီ - ကိုယ်တွေက camping မလုပ်ခင် တစ်ရက် ကလောမှာ ပတ်အုန်းမှာမို့ ဦးရဲကိုဘဲ ဟိုတယ် ကြို ဘိုကင် တင်ခိုင်းလိုက်တယ်။ ဟိုတယ်ကတော့ ဒီတစ်ခေါက် Morning Glory Hotel မှာ တည်းဖြစ်တယ်။ ဈေးလည်း အရမ်း မများဘူး။ ၄၀၀၀၀ ပတ်ဝန်းကျင် ဆိုတော့ ဈေးတန်ပါတယ်။ အဓိကကတော့ early check-in ပေးဝင်တာပါဘဲ။ ကလောကို ရောက်တယ့် အချိန်က အမြဲစောတယ် မဟုတ်လား။

တကယ်လို့ အဲဒီနေ့မှာဘဲ camping လုပ်ချင်ရင်တော့ ဦးရဲ အိမ်မှာဘဲ ခဏ နားနေလို့ ရပါတယ်။

အဲဒီနေ့ကတော့ မနက် ခဏနားပြီး နေ့လည်ပိုင်းလောက် ကလောမှာ ရှိတဲ့ ကိုလိုနီခေတ်က ရှေးဟောင်း အိမ်တွေ ကော်ဖီ ဆိုင်လေးတွေ လိုက်ထိုင်ပေါ့။

အဲဒီညကတော့ အောင်ပန်းရဲ့ နာမည်ကြီး ဟော့ပေါ့ ဖြစ်တဲ့ - တစ်ယောက် ၃၅၀၀ တန် ဟော့ပေါ့ သွားစားပြီး ဟိုတယ် ပြန်နားပါတယ်။ နောက်နေ့ camping အတွက် အားမွေးရင်းပေါ့။



Camping day

Iနောက်နေ့ camping day ကျတော့ camping site ကို နေ့ခင်းမှ သွားလည်း အချိန်မှီတယ် ဆိုတော့ ရှေ့တစ်ခေါက်က ကိုယ် လမ်းပျောက်ခဲ့တဲ့ မြင်းမူကုန်း ကို လိုက်ပြခိုင်းလိုက်တယ်။ မြင်းမူကုန်းပေါ်က ကြည့်လိုက်ရင် ဖျာခင်းထားသလို ရောင်စုံ ပန်းခင်းတွေက pre-wedding နှင့် Landscapes photographer တွေ အကြိုက်ပေါ့။ ဦးရဲနှင့် ပင်းတယကနေ ကလောကို သုံးရက် trekking လျှောက်ရင် ဒီ ကုန်းပေါ်မှာ camping လုပ်ရမှာတဲ့။ မနက်ခင်း ဒီကုန်းပေါ်ကနေ အိပ်ရာထရမယ်ဆို ဘယ်လောက် လှလိုက်မလဲ။

ဒီလိုနှင့် အောင်ပန်း - ရွာငံ တစ်လျှောက် ဓာတ်ပုံ ရိုက်ပြီးသကာလ camping လုပ်မယ့် နေရာကို သွားပါတယ်။ camping လုပ်တဲ့နေရာက အောင်ပန်းနှင့် အင်းလေးကြားက မြတ်စေတမန် guest house နားက တောင်ကမုလေး ပေါ်မှာပါ။ မြတ်စေတမန်ကို ရောက်တော့ အထုပ်တွေချ လိုအပ်တဲ့ camping tent နှင့် sleeping bag တွေ ယူပြီး trekking အသေးသားလေး စလုပ်ပါတယ်။

Trekking က တကယ်တော့ မိနစ် သုံးဆယ် ကျော်လောက်ဘဲ လျှောက်ရတာပါ။ တောင်ကမုလေး ပေါ်ကိုပေါ့။ တောင်ပေါ်က ကြည့်လိုက်ရင် ပတ်ပတ်လည်မှာ ကလောရဲ့ တောင်တွေရယ် ပန်းခင်းတွေရယ် တွေ့ရပါတယ်။ ကိုယ်တွေ တောင်ပေါ်ရောက်တော့ camping tent လေးထိုးဖို့ ညအိပ်ဖို့ စပြင်ဆင်ပါတယ်။ ဓာတ်ပုံရိုက် ဘာညာနှင့် ညရောက်လာတော့ မီးလေးဖို မုန့်လေးစာ ကြယ်တွေ ဓာတ်ပုံရိုက် ဝိုင်းလေးသောက်နှင့်ဘဲ တစ်ညတာ camping ကို ဖြတ်သန်းခဲ့ပါတယ်။
Camping သွားတဲ့အခါ ကျန်းမာရေးကိစ္စ ဘယ်လို ဖြေရှင်းသလဲဆိုတော့ ဦးရဲတို့က Mobile Toilet လေးတွေ စီစဉ်ပေးထားပါတယ်တဲ့ ... အဲဒါကြောင့် ကျန်းမာရေးကိစ္စ အပေါ့အပါးကတော့ စိတ်ပူစရာ မရှိပါနော်။ ဒီတစ်ခေါက် Camping ရဲ့ တကယ့် ကောင်းခန်းက မနက်ခင်း အိပ်ရာထလာချိန်ပါ။ မနက် ၅ နာရီ လောက် ထလာတော့ ဘေးပတ်ပတ်လည်မှာ ကျွန်တော်တို့ ရွက်ဖျင်တဲ သုံးလုံးက လွဲလို့ တိမ်တွေချည်းပါ။ ကြည့်လိုက်ရင် တိမ်တွေ ပေါ်မှာ တဲထိုးထားသလိုလို ပြီးမှ တဖြည်းဖြည်းနှင့် တိမ်တွေ လွင့်ပြီး ကလောရဲ့ တောင်တန်းတွေက ပေါ်လာတာက တကယ့် သက်ရှိ ပန်းချီကားတစ်ချပ်ကို မြင်နေရသလိုပါဘဲ။ တဖြည်းဖြည်းနှင့် တာင်တန်းတွေကနေ ပန်းခင်းတွေ ပေါ်လာတာကို ကော်ဖီလေးတစ်ခွက် သောက်ရင်း ထိုင်ကြည့်ရတဲ့ feeling က တကယ့် အနှစ်သရဘဲ။ ဒီခရီးအတွက်ကတော့ ...

ပြီးတာနှင့် နေလေးနည်းနည်း ထွက်လာတော့ မြတ်စေတမန်ကို ပြန် ရေလေးဘာလေးချိုးပြီး ကလောကို ပြန်ခဲ့ပါတယ်။ ကလောရောက်တော့လည်း ဦးရဲ အိမ်မှာ ခဏ နားပြီး ငြိမ်ငြိမ် မနေဘူး။ ကလော ပတ်ပြီး ကော်ဖီဆိုင်က ထိုင်လိုက်သေးတယ်။ ပြီးမှဘဲ ကလောကနေ ပုဂံကို ညကားနှင့် ဆက်ဒိုးပြီး Bagan မှာ မာရသွန်ပြေးဖို့ အားထပ်မွေးရတာပေါ့။

ဒီတစ်ခေါက် camping အကြောင်းကို details တော့ သေချာ မရေးပေးတော့ဘူးနော်။ ကိုယ်တိုင်သွား ကြည့်ရင် ဖီးလ်ပေါ့သွားမှာ စိုးလို့ - camping packages price ကတော့ ဦးရဲကို တိုက်ရိုက်စုံစမ်းစေချင်ပါတယ်။ ဦးရဲ ရဲ့ information ကို အောက်မှာ ထည့်ပေးထားပါတယ်။ အဲဒီမှာ စုံစမ်းစေချင်ပါတယ်။ ဦးရဲကို ဖုန်းဆက်ချင်ရင် ညပိုင်းမှ ဆက်လို့ အဆင်ပြေမှာပါ။ မနက်ပိုင်းနှင့် နေ့လည်ပိုင်းက Trekking Field ထဲ ရောက်နေတတ်လို့ပါ။

ပန်းနှမ်းခင်းနှင့် တိမ်ပင်လယ် ကို တွဲတွေ့ချင်ရင်တော့ ဒီအတောအတွင်း သွားတာ အကောင်းဆုံးပါ။ မတ်လ ကျော်ရင်တော့ တိမ်ပင်လယ် တွေ့နိုင်ချေက နည်းပါလိမ့်မယ်။ ရာသီဥတု ကိုလိုက်ပြီး ရှုခင်းအခြေအနေ ပြောင်းတာတာကိုတော့ သတိထားဖို့ မှာပါရစေ။

အိပ်ဖို့ ရွက်ဖျင်တဲ (camping tent) နှင့် တစ်ကိုယ်ရည် အိပ်ရာခင်း (sleeping Bag) တော့ package မှာ ပါပြီးသားပါ။ တကယ်လို့ သူများနှင့် ရှယ် မသုံးချင်ဘူး။ ကိုယ်ပိုင် ရွက်ဖျင်တဲနှင့် တစ်ကိုယ်ရည် အိပ်ရာခင်း ရှိတယ် ဆိုရင်လည်း ယူလာလို့ ရပါတယ်တဲ့။




Trekking guide ကတော့

  • U U Ye Kalawthar Trekking Service
  • 09258310379
  • Idiotsrock123@gmail.com
  • ရှောင်ရန် ဆောင်ရန်

  1. ဖိနပ်ကို သက်တောင့်သက်သာဖြစ်မယ့်ဟာစီးပါ။
  2. ခြေအိတ် နှစ်ထပ်လောက်ခံဝတ်ပါ။
  3.  မြက်ရှမှာ ကြောက်ရင်တော့ ဘောင်းဘီအရှည်ဝတ်သင့်ပါတယ်။
  4.  Guide ပြောစကားကို နားထောင်ပါ။
  5. သူများခြံတွေထဲ အတင်းကရောမဝင်ပါနှင့်။
  6. ကလေးတွေကို မုန့်ပေးချင်ပေးလို့ရပေမဲ့ ပိုက်ဆံတော့ မပေးပါနှင့်။
  7. ရေသန့်ဘူးနှင့် မုန့်အနည်းငယ် ဆောင်ထားပါ။
  8.  Analgesic spray လိုရမယ်ရ ဆောင်သွားပါ။
  9. Power bank ကို အားများများသွင်းလို့ရမယ့်ဟာ ယူသွားပါ။
  10. Photographer များ ဘက်ထရီအပို ဆောင်ပါ။
  11. သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားကို ဝတ်ပါ။


ကျွန်တော် နောက်ဆုံးအနေနှင့် မှာချင်တာကတော့ အမှိုက်မပစ်ဖို့နှင့် စည်းကမ်းရှိကြဖို့ပါ။ အမှိုက်ကို သေချာ စည်းစနစ်ကျစွာ နှင့် အမှိုက်ပုံး ထဲ ရောက်အောင် ပစ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ပန်းခင်း ပိုင်ရှင်တွေကို စာနာသော အားဖြင့် ပန်းခင်းတွေထဲ အတင်းကာရော ဝင်မရိုက်ဖို့လည်း မှာချင်ပါတယ်။ မြန်မာနိုင်ငံက အလှတရားတွေကို ဝိုင်းဝန်း ထိန်းသိမ်းပေးကြဖို့ အားလုံးကို တောင်းဆိုချင်ပါတယ်နော်။

အားလုံး သာယာတဲ့ ခရီးလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


တိမ်တွေတောင်တွေကြားက ကိုယ့်ရဲ့ ကလော မနက်ခင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း