မြန်မာ့ဆိုက်ကား
2018-09-21edit MyoMinThu ဆိုက်ကားဟာရှေးကျတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်ပြီး အခုချိန်ထိ မတိမ်ကော မပျောက်ကွယ်သေးတဲ့ ယဉ်ကျေးမှုပါ။ လွန်ခဲ့သော နှစ်များစွာကာလတစ်နိုင်ငံလုံး အနှံ့အပြား ဆိုက်ကားကလေး "ကလင် ကလင်" အသံနှင့် ပြည့်နှက်ခဲ့ပြီး ခေတ်ကာလအခြေအနေနှင့် ဈေးကွက်အပြိုင်စိန်ခေါ်မှုအရ တစ်စစ မှေးမှိန်သွားရတော့သည်။သို့ပေမယ့် ရန်ကုန်မြို့နှင့်မန္တလေးမြို့နှစ်မြို့တွင်တော့ ခေတ်ပေါ်ဆိုင်ကယ်ယဉ်ကျေးမှုနှင့်အပြိုင် ဆိုက်ကားဂိတ်များ၊ ဆိုက်ကားများရှိနေတုန်းပင်ဖြစ်သည်။ ရန်ကုန်တွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကိုတားမြစ်ထားသည့်အလျောက် မြို့နေလူထု၏ ခရီးတိုသွားလာမှုအတွက် ဆိုက်ကားသည်သာ အားကိုးရာဖြစ်နေရသေးသည်။ဆိုက်ကားဆရာများ၏ဝင်ငွေအပေါ်တွင် မှီခိုနေရသော ထောင်ပေါင်းများစွာသော မိသားစုများသည်လည်း မြို့နယ်တိုင်း ရပ်ကွက်တိုင်းတွင် လက်ညှိုုးထိုးမလွဲအောင်တွေ့ရသည်။ မြန်မာ့ဆိုက်ကားသည်မြန်မာတို့၏ ကိုယ်ပိုင်တီထွင်မှုများစွာအနက်မှတစ်ခုဖြစ်ပြီး ၁၉၃၀တွင်မန္တလေး၌စတင်စီးနင်းခဲ့သည်။ ထိုသို့ဖြင့် တစ်နိုင်ငံလုံးအနှံ့သို့ပျံ့နှံသွားသော်လည်း ဆိုက်ကားကိုစတင်တီထွင်ခဲ့သူကိုမူကား မသိခဲ့ရချေ။ ဆိုက်ကားတိုင်းသည် YCDC ( Yangon City Development)မှထုတ်ပေးသောလိုင်စင်နှင့်မောင်းနှင်ရမည်ဖြစ်ပြီး လိုင်စင်အလိုက်မောင်းနှင်ရမည့်မြို့နယ်ဧရိယာကိုကန့်သတ်ထားသည်။ ကန့်သတ်ထားသော ဧရိယာကိုဝင်ရောက်မောင်းနှင်ခြင်းကို ဖမ်းဆီးမိပါက ဒဏ်ကြေး ၁၅၀၀၀ကျပ်အားဆိုက်ကားဆရာမှပေးဆောင်ရမည်ဖြစ်သည်။
ဆိုက်ကားဆရာများ၏ဘဝ
ိုက်ကားဆရာတစ်ယောက်ဖြစ်ဖို့ ဘွဲ့တွေ ဒီဂရီတွေမလိုပါ။ ခရီးသည်များကို လိုရာအရပ်သို့ပို့ဆောင်ပေးမည့် ခြေသလုံးတောင့်တောင့် တစ်စုံရှိဖို့သာလိုအပ်သည်။ လမ်းမပေါ်ရှိကားများ၊ကြိုတင်မသိနိုင်သော အန္တရာယ်များကို ရှောင်ကွင်းဖို့ သင်တန်းတက်ရန် မလိုအပ်ပဲ အတွေ့အကြုံရှိဖို့သာအရေးပါသည်။ ခြုံ၍ပြောရရင် လူတိုင်း ဆိုက်ကားဆရာဖြစ်နိုင်ပါသည်။ (စိတ်ဝင်စားသွားပြီမဟုတ်လား) ။ ပုံမှန် ဆိုက်ကားဆရာတစ်ယောက်၏တစ်ရက်ဝင်ငွေသည် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲကြားရှိပြီး ပို့ဆောင်ရမည့် ခရီးအကွာအဝေးကိုလိုက်၍ပိုက်ဆံကိုအလျဉ်းသင့်သလိုယူကြသည်။ တစ်ချို့သော ဆိုက်ကားအုံနာတို့သည် ကိုယ်တိုင်ဝင်ရောက် မောင်းနှင်ကြပြီး တစ်ချို့ကတော့ စီးပွားရေးအရ ဆိုက်ကားများကိုဝယ်ယူ၍ရင်းနှီးမြှပ်နှံကြသည်။ အုံနာကြေးအနေဖြင့် တစ်ရက်ကို ၁၂၀၀ကျပ်ဝန်းကျင်ရရှိပြီး လှိုင်သာယာမြို့နယ်ဘက်တွင် ၁၀၀၀ကျပ်ဝန်းကျင်သာတောင်းခံကြသည်။ ဆိုက်ကား၏ကာလပေါက်ဈေးမှာ ၈၅၀၀၀၀မှ ၁၀၀၀၀၀ဝကြားရှိပြီးအကယ်၍ ဆိုက်ကားတစ်ခုခုချို့ယွင်းခဲ့ပါက ဆိုက်ကားဆရာနှင့် ဆိုက်ကားအုံနာတို့ တစ်ယောက်တစ်ဝက်ကျစီ မျှ၍ခံကြသည်။ ဆိုက်ကားဆရာ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ကြိုက်နှစ်သက်ရာနေရာသို့နင်းနိုင်ပြီး ကြုံရာခရီးသည်ကို ခေါ်တင်နိုင်သည်။ ဒုတိယတစ်မျိုးမှာ ဆိုက်ကားဂိတ်တွင် ခရီးသည်အလာကိုစောင့်ဆိုင်းပြီး အလှည့်ကျတုံကင်စနစ်ဖြင့်ပို့ဆောင်ကြရသည်။
ဆိုက်ကားဂိတ်များ
(Source: wikimedia) ရန်ကုန်မြို့၏ မြို့နယ်တစ်ခုချင်းစီတွင် ဆိုက်ကားဂိတ် ၁၀ခုထက်မနည်းရှိသည်။ ကားဂိတ်၊ရထားဂိတ်နှင့်အဓိကလမ်းမကြီးများနှင့် ဝေးသော လမ်းထောင့်များတွင် ဆိုက်ကားဂိတ်များရှိတတ်သည်။ ထို့အတွက်ကြောင့် မိုးရွာ၍ဖြစ်စေ၊ နေပူ၍ဖြစ်စေ၊ အထုပ်အပိုးပါ၍ဖြစ်စေ၊ လမ်းလျှောက်ရမှာပျင်း၍ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ၊ ရန်ကုန်မြို့နေလူထုသည် ခရီးတိုလေးများအတွက် ဆိုက်ကားကိုသာ အားထားနေရတယ်။ ရန်ကုန်မြို့၏လူနေမှုပုံစံကို ဆိုက်ကားသည် အငှားယာဉ်တက်စီများထက် ပို၍နီးစပ်စေသည်။ ဆိုက်ကားပေါ်မတက်ခင်ဈေးညှိနှိုင်းရပြီး ဈေးကြီးသည်ဟုထင်မှတ်ပါ က ဈေးဆစ်နိုင်သည်။ သို့သော် အများအားဖြင့် သင့်တော်သည့်ဈေးနှုန်းကိုသာ ဆိုက်ကားဆရာများကပြောလေ့ရှိပါသည်။
ဆိုက်ကားဒီဇိုင်း
မြန်မာ့ဆိုက်ကားဒီဇိုင်းကာလာအနေအထားသည် သုံးဘီးတပ်ယာဉ်ပုံစံဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်က အနှေးယာဉ်ပုံစံနှင့် ဆင်တူသည်။ ထိုနိုင်ငံများတွင် ခရီးသည်ထိုင်ခုံသည် မောင်းနှင်သူ၏ညာဘက် သို့မဟုတ် အရှေ့ဘက်တွင်တွဲရက်ပါဝင်သည်။ မြန်မာဆိုက်ကားဒီဇိုင်း သည် ကျစ်လစ်၍ ရန်ကုန်မြို့၏ လမ်းကြိုလမ်းကြားမကျန် မောင်းနှင်၍ရအောင် ပြုလုပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
အကယ်၍ သင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားသူဖြစ်ပါက ခရီးတိုလေးများအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုသက်သာစေသော ဆိုက်ကားကို ကားအစားပြောင်းလဲရွေးချယ်သင့်သည်။ ထို့သို့အစားထိုးခြင်းအားဖြင့်ဆိုက်ကားဆရာများ၏စားဝတ်နေရေးကိုလည်း ကူညီပေးပြီးသားဖြစ်သွားမည်ဖြစ်၏။ ယနေ့ခေတ်တွင် နိုင်ငံခြားသားများအတွက်ရည်ရွယ်သော "Yangon City Trishaw Tour” , “Yangon Trishaw Food Tour” များလည်းရှိလာပြီဖြစ်သည်။ ဒီတော့ ရန်ကုန်သူရန်ကုန်သားအနေနှင့် မွေးဖွားလာပြီး ဆိုက်ကားမစီးဖူးရင် လူဖြစ်ရှုံးသည်ဟုပင်ဆိုနိုင်သည်။ အဲ့တော့ ယနေ့မှစ ဆိုက်ကားစီးကြပါ၊ ဗမာမှန်ရင်ပေါ့။
သုံးသပ်ချက်

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။