မြိတ်လို့ခေါ်တဲ့ ကျွန်တော့်ရဲ့ဇာတိမြေ

2019-09-14edit Htoo


ဒီနှစ်ပိုင်း နာမည်ရလာသော မြန်မာပြည်တောင်ဘက်ပိုင်းက နေရာလေးတစ်ခု ကျွန်းပေါင်း ၈၀၀ ကျော်ရှိပေမဲ့ tourism management သေချာမဖွံ့ဖြိုးသေးတဲ့နေရာ စကားဝဲဝဲနှင့် နေချင်စရာကောင်းတဲ့မြို့ အသက်ကြီးလာလျှင် ပြန်လည်အခြေချမယ်လို့ စဉ်းစားထားတဲ့ ကျွန်တော့်ရဲ့ မွေးရပ်မြေ မြိတ်မြို့ မရောက်တာလည်း တစ်နှစ်နီးနီးရှိပြီ အိမ်ခဏပြန်မယ်ဆို ဆုံးဖြတ်ပြီး ESCAPERS17 ပွဲပြီးတာနှင့် သွားဖြစ်ခဲ့တယ်။ မြိတ်အိမ်မှာ လူမရှိလို့ ခြောက်ကပ်ကပ်နိုင်ပေမယ့် မြိတ်မြို့လေးဟာ ကျွန်တော်အတွက်တော့ နွေးထွေးနေဆဲပါ။ မြိတ်အကြောင်း စပြောရမယ်ဆိုလျှင် လူတွေက ကျွန်းတွေနှင့် untouched beauty တွေဖြစ်တဲ့ virgin island တွေ beach တွေကို အရင်မြင်ကြတယ်။ ကျွန်းပေါင်း ၈၀၀ကျော်ရဲ့ တည်နေရာက မြိတ်မြို့နှင့် ကော့သောင်းမြို့ကြားမှာရှိပါတယ်။ တော်တော်လှတဲ့ကျွန်းတော်တော်များများက ကော့သောင်းမြို့နှင့် ပိုနီးပါတယ်။ ကော့သောင်းဘက်က ကျွန်းတွေက ပိုလှပြီး သွားတဲ့ အချိန်မှာ လှိုင်းပိုကြီးပါတယ် ဒီတစ်ခေါက်ကတော့ မြိတ်မြို့ အကြောင်းကို အဓိက ပြောချင်ပါတယ်။ 

မြိတ်

မြိတ်ဆိုတာ မြိတ်ကျွန်းစုထဲမှာပါတဲ့ ကျွန်း ၈၀၀ ကျော်ထဲက ကျွန်းတစ်ခုပါ အဲဒီကျွန်းပေါ်မှာ တည်ထားတဲ့ မြို့ပေါ့ အရင်က မာရိတ်လို့ ခေါ်ခဲ့ကြပြီး နောက်ပိုင်းမှ မြိတ်လို့ ခေါ်တွင်ခဲ့တာပါ။ လူတွေ သိတာကတော့ ဘိတ်ပေါ့။

ဘယ်လိုသွားမလဲ

ရန်ကုန်ကနေ ဘယ်လိုသွားမလဲဆိုတော့ သုံးနည်းရှိပါတယ်။

(၁) -  လေယာဉ် - Myanmar National Airline က တစ်နေ့ကို နှစ်ကြိမ် မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပြေးဆွဲလျက်ရှိပါတယ်။ နေ့စဉ် ရှိပါတယ်။ ကိုယ်သွားမယ့်နေ့ကို booking ကြိုတင်တာဖြစ်ဖြစ် ticketing agent တွေမှာ ဝယ်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ကျွန်တော် ဒီတစ်ခေါက် အသွားရော အပြန်ရော Myanmar National Airline ကို စီးခဲ့တာပါ လက်မှတ်က တစ်ကြောင်းကို 68000 ကနေ စပါတယ်။ တခြား airlines ကတော့   Apex airline, Yadanarbon airline စသည်ဖြင့် ရှိပါတယ်။

(၂) - Express Bus တွေကလည်း အသွားရော အပြန်ရော ရှိပါတယ် အချိန်တော့ နည်းနည်း ပေးရပါတယ် နာရီ ၂၀ နီးပါး စီးရလို့ပါ အခုတော့ အချိန်တိုသွားပြီလို့လည်း ပြောပါတယ် လက်မှတ်ဈေးက ၂၅၅၀၀ လောက်ရှိပါတယ် ကျွန်နော်ကတော့ လက်မှတ်ဆိုရင် Star Ticket - Myanmar Bus Ticketကနေမှာဖို့ အကြံပေးပါရစေ လက်မှတ်လေးကို online က ရွေးပြီး ဖြတ်ရတာ လွယ်ပါတယ် သူတို့ရဲ့ website ကတော့ www.starticket.com.mm ပါ။ 

(၃) - Speed Boat - ရန်ကုန်ကနေ မြိတ်ကို speed boat service လည်း ရှိပါတယ် မနက် ရန်ကုန်ကထွက် ညနေ ပိုင်းလောက် ရောက်တယ် ပြောပါတယ် ထွက်သေးလား မထွက်တော့ဘူးလားတော့ သေချာ မသိပါဘူး ခင်ဗျာ။

Accommodation Guide

တည်းခိုစရာ

High Class -

ပုလဲသန္တာဟိုတယ် - 09254027691, 059142126 -
အိမ်တော်ဖြူဟိုတယ် - 05942055, 05942056 -
Grand Jade ဟိုတယ် - 05941906, 05942084

Middle Class  -

မြင့်မိုရ်ဟိုတယ် - 09765005641, 09765005642 -
မြစည်းစိမ်ဟိုတယ် - 05941272, 05942572 -
ကြယ်ပျံဟိုတယ် - 05942135, 098762953

Budget Class -

Myeik Royal Guest House - 09790190208 -
Sun Guest House - 0941004824, 098761522

ဟိုတယ်ကတော့ information ရအောင်ထည့်ပေးထားရုံပါ။ကျွန်တော်ကတော့ ကိုယ့်အိမ်ကိုယ် ပြန်အိပ်တာမို့ service ပိုင်းတော့ သေချာ မသိပါဘူးဗျ။

CITY TOUR 

မြို့တွင်းလည်မယ်

City tour အတွက်ကတော့ ကားငှားလို့ရတယ် ကိုယ်တည်းတဲ့ ဟိုတယ် မှာဖြစ်ဖြစ် ကျွန်းသွားဖို့ ချိတ်ထားတဲ့ travel & tour တွေမှာဖြစ်ဖြစ် ချိတ်ပြီး ငှားနိုင်ပါတယ်။ တစ်ရက်ကို ၃၀၀၀၀ - ၅၀၀၀၀ ကြားရှိပါတယ်။ ဆိုင်ကယ်မောင်းတတ်ရင်တော့ ဆိုင်ကယ်နှင့် လည်ပေါ့ တစ်ရက်ကို ၁၀၀၀၀ နီးပါးဆိုပါတယ် ဆိုင်ကယ် ငှားခက မြို့ထဲမှာ ဘယ်တွေလည်မလဲ ဆိုတော့- 

 

 ၁။ လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရား

ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော်ပွားနှင့် တည်ထားတာပါ။ ညနေဆိုရင်တော့ ဘုရားပေါ်ကနေ sunset ကြည့်လို့လှပါတယ်။ ဘုရားပေါ်မှာ ရှိတဲ့ ရှေးဟောင်းပြတိုက်ကိုလည်း လေ့လာသင့်ပါတယ်။

၂။ ကိုလိုနီအဆောက်အအုံများ 

သိမ်တော်ကြီးဘုရားနံဘေးမှာ သရဲခြောက်တဲ့ အိမ်တစ်အိမ် ရှိပါတယ် အဲဒီကနေ တည့်တည့်ဆင်းရင်တော့ ဈေးတန်း, ကန်ခေါင်း နှင့် မြစ်မရပ်ကွက် တစ်ဝိုက်မှာ ရှေးဟောင်းအိမ်တွေရှိပါတယ်။ 


၃။ ပေါ်တော်မူဘုရား

 လေယာဉ်ကွင်းနားက ဂေါက်ကွင်း အထဲမှာ ရှိတာပါ။ ဂေါက်ကွင်း မှာ ဓာတ်ပုံ သွားရိုက်ရင်း ဘုရားဖူးခဲ့ပေါ့။ 

၄။ တောကျောင်း

 တောကျောင်းကတော့ ရှေးဟောင်း ဘုန်းကြီးကျောင်းထဲက တစ်ခုပေါ့ ရှေးဟောင်းလက်ရာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ထိုင်းဘုရင့်သမီးကိုယ်တိုင် နှစ်ခါတိတိ လာဖူးမြော်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ 

၅။ ယဉ်ငေး ရေတံခွန်

 ကေ့သောင်းတို့ တနသာၤရီတို့သွားတဲ့လမ်းဖက်မှာရှိတာပါ။  မြို့ထဲကနေဆို ဆိုင်ကယ်နှင့် မိနစ်၄၀ လောက်မောင်းရပါတယ်။ ရေတံခွန်ကသေးသေးလေးပေမယ့် ရေစိမ်လို့ကောင်းပါတယ်။ 

၆။ ကျွဲကူး ကျောက်ဖျာ တံတား 

 မြိတ်မြို့အဝင်က တံတားကြီးပေါ့ တံတားပေါ်မှာ ညနေဘက် လေညည်းသွားခံလို့ကတော့ ဇိမ်ပေါ့။ 

၇။ မဟာသိဒ္ဒိဇယ စေတီတော်

ရွှေတိဂုံဘုရား ပုံတော်တည်ထားတာပါ မြို့ထဲကနေ မိနစ် နှစ်ဆယ်လောက် ဆိုင်ကယ်မောင်းရင် ရောက်ပါတယ်။ 

၈။ ကန်ကြီးရေကန်ပေါင်

ဗေဒါတွေ ကြာပန်းတွေနှင့် ရေကန်ကြီးပါ မနက်စောစော လမ်းလျှောက်လိုကောင်းတဲ့ နေရာပေါ့။

၉။ ဘုရားကြီးလမ်း

 ရှေးဟောင်းဘုရားတွေ ဘုန်းကြီးကျောင်းတွေ အများကြီးရှိတဲ့ လမ်းပါ သွားလေ့လာသင့်ပါတယ် ဒီတစ်ခေါက်သွားတော့ အဲဒီလမ်းက ပြင်နေတာမို့ ဝင်လို့ မရခဲ့ဘူး။ 

၁၀။ ပြည်လုံးချမ်းသာ ကမ္ဘာလုံးစေတီတော်

မဟာသိဒ္ဒိဇယစေတီတော် နားကနော် ဆက်သွားရင် နီးနီးလေးပါ ဘုရားပေါ်ကနေ ကြည့်ရင် လယ်ကွင်းတွေနှင့် sunset ကြည့်လို့ရပါတယ်။

  • ၁၁။ တရုတ်ဘုံကျောင်း

ဆိပ်ငယ်ရပ်ကွက်မှာ တစ်ခု၊ တပ်ပြင် ရပ်ကွက်မှာ တစ်ခု၊ ကောလိပ်ကျောင်းနားမှာ တစ်ခုရှိပါတယ်။ 

  • ၁၂။ မြိတ်ပုလဲ

မြိတ်ရဲ့ အဓိက ထွက်ကုန်ထဲက တစ်ခုဖြစ်တဲ့ ပုလဲကို သွားကြည့်ချင်ရင်တော့ ဈေးကြီးထဲမှာ တစ်ဆိုင် ဈေးတန်းရပ်ကွက်မှာ တစ်ဆိုင်ရှိပါတယ်။

  • ၁၃။ ဘုရင်ဂျီကျောင်း

 ပေါ်တူဂီတွေရဲ့လက်ရာ church ပါ အဲဒီနံဘေးလေးမှာ မြို့ဝန်နေခဲ့တဲ့ ရှေးဟောင်းအိမ် မြိတ်ရဲ့ နယ်နိမိတ် တံတိုင်းလို့ ယူဆရတဲ့ ကုန်းလေးရှိပါတယ်။

  • ၁၄။ ဝတ်တိုက်ကျောင်းနှင့် ဗူးဘုရား ရှေးဟောင်း
    ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်းရဲ့ အဝင်ဝမှာ ခြေင်္သေ့ရုပ်တွေရှိကြတာ များပေမယ့် အဲဒီ နေရာမှာတော့ ဂျပန်ကင်ပေတိုင် ရုပ်ထုကြီးတွေရှိတာပါ။ 

  • ၁၅။ ဘုရားကိုင်တောင်

ကန်ပေါင်ရိုး ရပ်ကွက်နှင့် မြိတ်တောင်ရပ်ကွက် အစပ်ကြားမှာပါ ရပ်တော်မူ ဘုရားရှိပြီး မြိတ်မြို့ ရှုခင်းကို လေ့လာလို့ရပါတယ်။ 

  • ၁၆။ ငှက်သိုက်အိမ် 

မြိတ်ဆိုရင် ငှက်သိုက်ကို ချန်ခဲ့လို့ မရပါဘူူး ကမ်းနားလမ်းမှာရှိပါတယ် သဘာဝငှက်သိုက်အိမ်မှာ ခွင့်တောင်းပြီး ဝင်ကြည့်လို့ရပါတယ်။

  • ၁၇။ လှေဒေါင့် 

သဘောၤတွေ ဆောက်တဲ့ နေရာပါ ကျွဲကူးမှာရှိပါတယ်။

  • ၁၈။ ရှင်ကဇိန်

ကျွဲကူး အကျော် ကျောက်ဖျာရွာမှာရှိပါတယ် လမ်းကြမ်းပေမယ့် sunset ကတော့ တော်တော်လှပါတယ်။

  • ၁၉။ ဒေသလုပ်ငန်းများ

ခရုစေ့ ထုတ်လုပ်ရေး၊ ဂဏန်းပျော့ မွေးမြူရေး စသည်ဖြင့် အများကြီးလေ့လာလို့ ရပါသေးတယ် ။

  • ၂၀။ ရွှေရင်းတောင်ဘုရား

 ရှေးဟောင်းလက်ရာနှင့် ဘုရားပါ တနသာၤရီမြို့ ကောသောင်းမြို့တို့ကို သွားတဲ့ လမ်းဘက်မှာပါ မြိတ်မြို့ထဲကနေ ၄၅ မိနစ်လောက်မောင်းရပါတယ်။

  • ၂၁။ ပထော် ပထက်တောင်

မြိတ်မြို့ရဲ့ အရှေ့ဘက် သိမ်တော်ကြီးပေါ်က လှမ်းမြင်နေရတဲ့ တောင်နှစ်ခုရှိသော ကျွန်းပါ စက်လှေ လေးနှင့် သွားလို့ရပါတယ် တောင်တက်ပြီး မြိတ်မြို့ကို အပေါ်စီးက ခံစားနိုင်ကာ ဘုရားဖူးလို့ ရသကဲ့သို့ ဒေသလုပ်ငန်းတွေပါ လေ့လာလို့ရပါတယ်။

လျောင်းတော်မူရွှသာလျောင်းဘုရားလည်း ရှိပါတယ် တောင်နှစ်တောင်ရဲ့ အလယ်မှာရှိတာပတော့ ရှင်မယဉ်သာလို့ ခေါ်ပါတယ် မောင်နှမ သုံးယောက်လို့ လူသိများတဲ့ ဒဏ္ဏာရီလည်း ရှိပါတယ် Sunset ကြည့်မယ်ဆို - ရှင်ကဇိန်ဘုရား၊ သိမ်တော်ကြီးဘုရား၊ ကျွဲကူးတံတားဘေးက ကုန်းလေးပေါ်၊ ကမ်းနားလမ်းတို့က ကြည့်ဖို့ တိုက်တွန်းပါရစေ။

Food Guide



မြိတ်အစားအစာတွေ ဆိုရင်တော့ ကိုက်ကြေးကိုက် - ကိုက်ကြေးကိုက်ကတော့ မြိတ်ရရောက်ရင် မစား မနေရပေါ့ မနက်စာ နေ့လည်စာ ညစာ ကြိုက်သလို စားနိုင်ပါတယ် ကိုက်ကြားကိုက်ဆိုင်တွေက တစ်မြို့လုံး အများကြီးပါ ကျွန်တော်အကြိုက်ဆုံးကတော့ ကြံတော ကိုက်ကြေးကိုက်ဆိုင်၊ ကန်ဖျားလမ်းမကြီးပေါ်က အိမ်ဖြူတော်ဟိုတယ် နားက ဆိုင်၊ ဘုရားကိုးဆူ လမ်းထိပ်ကဆိုင်၊ အမှတ်(၁) ကျောင်းနားက မောင်ဝင်း ကိုက်ကြေးကိုက်ဆိုင် ဆိုပြီး ရှိပါတယ် မနက်စာကို dim sun နှင့် ကိုက်ကြေးကိုက် တွဲစားချင်ရင် ကန်ဖျားမြေနီလမ်းက မိတ်ဆက်ကိုက်ကြေးကိုက်ဆိုင်ရှိပါတယ် မနက်စာကို ထမင်းနှင့် ကြက်သားသုပ်စားချင်ရင်တော့ ထားဝယ်စု A လမ်းမှာ တစ်ဆိုင်၊ ကရာနီ မီးပွိုင့် နားမှာ တစ်ဆိုင်ရှိပါတယ် မုန့်တီလှော်၊ ခေါက်ဆွဲ လှော် စားချင်လား - မြစ်ငယ်ဈေးနားသွားပါ ကန်ဖျားကျောင်းရှေ့မှာလည်း နောက်တစ်ဆိုင်ရှိပါတယ် နေ့လည်စာကို မြန်မာထမင်းဟင်း ကို မြိတ်စတိုင် စားချင်ပါသလား ထားဝယ်စု B လမ်း ကြယ်ပျံဘေးမှာ ပန်းအင်ကြင်းဆိုတဲ့ ဆိုင်ရယ်၊ ရှမ်းချောင်းမှာ အရှေ့ရွာဆိုတဲ့ ဆိုင်ရယ် ရှိပါတယ် ထမင်းစားပြီး နေ့လည် ၂ နာရီ သုံးနာရီ လောက်မှာ အုန်းနို့မုန့်တွေနှင့် အာသာဖြေချင်သလား မြစ်ငယ်ဈေးရှိပါတယ် အာပုံ၊ သာခွေယိုင်၊ ပဲစေ့ အုန်းနို့ရော စသည်ဖြင့် အစုံရပါတယ်။

နောက်တစ်ဆိုင်ကတော့ အမှတ်(၁) ကျောင်းနားက ရသာစုံ ဆိုင်ပါ သူ့ဆီမှာက မနက်စာရော နေ့လည်ကျရင် မုန့်အစုံရော ရပါတယ် ဪ မေ့လို့ မြိတ်ကော်ပြန့်လိပ်လေးပါ စားခဲ့ပါအုန်း ညနေ ဝက်သားနှင့် မုန့်တီလှော်နှင့် သုပ်ထားတဲ့ ဝက်သားရှာလကာ စားချင်ပါသလား တပ်ပြင်မှာ တစ်ဆိုင် ရှမ်းချောင်းမှာ တစ်ဆိုင်ရှိပါတယ် ရှမ်းချောင်းဆိုင်ရောက်ရင် အုန်းထမင်းနှင့် ကြက်သားဟင်းပါ စားခဲ့ပါအုန်း ဂုဏ်ရုံရှေ့မှာ မြိတ်မုန့်ဟင်းခါးနှင့် မုန့်တီသနပ် သုပ်ဟာလည်း စားကိုစားသင့်တဲ့ အရာပါ ညစာဆို အေးရိပ်ချောင်နားမှာ ပင်လယ်မေစားသောက်ဆိုင်၊ ကြံတောမှာ ရွှေနှင်းဆီ၊ ကုန်တိုက်မှာ Hong Kong Kitchen ဆိုပြီး ရှိပါတယ် seafood များများမှာစားပြီး ဘီယာလေးနှင့် မြည်းပါလေ ဗိုလ်ချုပ်ကြေးရုပ်နားက လမ်းဘေးမှာ ရှပ်သီကင်၊ ကြေးရုပ်ရှေ့က ကရဝိတ် ကြေးအိုးဆိုင်တို့ဟာလည်း စားကို စားသင့်တယ် အရာပေါ့ ညစာ စားပြီး ကော်ဖီသောက်ချင်လား မြိတ်ကုန်တိုက်ကိုသွားပြီး Goody Cafe မှာ သွားထိုင်ပါလေ ညနေဘက်သွားရင် seaview လေးနှင့် sunset လေးတောင် ကြည့်ရအုန်းမှာ ကမ်းနားလမ်းမှာ ညဖက် ဘီယာသောက်ချင်ရင်တော့ ဆိုင်တွေ အများကြီး ရှိပါတယ် တစ်ဆိုင်နှင့် တစ်ဆိုင် သိပ်တော့ မကွာလှပါဘူး ညဘက် မုန့်ပစလက်၊ ခေါက်မုန့် စားချင်ရင်တော့ နာရီစင်နားမှာရှိပါတယ် အာပုံမှာ နာမည်ကြီးတာကတော့ စနာဝတ်က အာပုံပါ ကွေ့တရို့ နှင့် ယိုးဒယား မုန့်ဟင်းခါး ကတော့ ဘုရားကိုးဆူထဲက ဆိုင်က တော်တော်ကောင်းပါတယ် ဆိုင်တွေရေးမယ်ဆို တစ်မြို့လုံးကုန်တော့ မှာမို့ ဒီလောက်နှင့်ဘဲ နားပါရစေ 


Island Hopping

ကျွန်းပတ်ဖို့ကို ကျွန်တော်အရှေ့မှာ သီးသန့် တစ်ပို့စ် ရေးပေးပြီးသွားပါပြီ အောက်ပါ link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 
https://www.facebook.com/pg/htoothewanderlust/photos/?tab=album&album_id=630797530463617
[Package tour] https://mingalago.com/en/tourpackage/detail/jade-flower-travel-5

Nearby Towns

Pu Law Town

အနီးအနားမှာ ရှိတဲ့ မြို့တွေကတော့ - ပုလောမြို့ - သုံးနာရီနီးပါး ကားနှင့် သွားရင် ရောက်ပါတယ် ဖိုးရှမ်းကမ်းခြေ၊ မီးလျှံချောင်းရေတံခွန်, စက်တော်ရာဘုရား စသည်ဖြင့်ရှိပါတယ်။ -   -

တနသာၤရီမြို့

နှစ်နာရီလောက် ကားနှင့် သွားရင် ရောက်ပါတယ် speed boat နှင့်လည်း သွားလို့ရပါတယ် သရဗွင် ကျောက်တောင်တက်လို့ရတယ် တနသာၤရီမြစ်တဲ့ လှေစီးလို့ရတယ် ရှေးဟောင်းဘုရားတွေ လေ့လာလို့ရပါတယ်။

 

ကျွန်းစုမြို့

 speed boat တစ်နာရီကျော်လောက်စီးရင် ရောက်ပါတယ် နဝရတ်အိုင်၊ ကန်သုံးဆင့်၊ မြို့ဝင်စေတီတော် စသည်ဖြင့် ရှိပါတယ် speed boat က မနက် ၆ နာရီ နေ့တိုင်းထွက်ပြီး မြိတ်အပြန်က ညနေ ၄ နာရီပါ။ 


ဝယ်ချင်စရာ လက်ဆောင်တွေ

 မြိတ်အပြန်ကတော့ ငါးခြောက်၊ ငါးပုပ်ခြောက်၊ ကင်းမွန်ခြောက်၊ ကောက်ညှင်းပျစ်၊ မုန့်ကုလားမဲ၊ ငှက်သိုက် စသည်ဖြင့် ဝယ်သင့်ပါတယ် အားလုံးရနိုင်တာကတော့ ကြံတောမှာ မီကို ဆိုတဲ့ ဆိုင်ရှိပါတယ် အားလုံးလည်း ကုန်သလောက်ရှိပြီဆိုတော့ ဆက်ပြောချင်တာက အမှိုက်မပစ်ဘဲ ထိန်းသိမ်းကြပါလို့ responsible traveler များဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့လား အားလုံးကို ကျေးဇူးတင်ပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြိတ်လို့ခေါ်တဲ့ ကျွန်တော့်ရဲ့ဇာတိမြေ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း