ကမ္ဘာကျော်သည့် မြန်မာပြည်ရဲ့ ငပလီကမ်းခြေ 

2020-04-22edit Htoo

ကဲ ... ဥတုရာသီက တကျော့ပြန်ပြီး နွေရာသီကို ရောက်ရှိလာပြီ ဆိုတော့ ခရီးသွားဖို့ စဉ်းစားရင်း အနားယူဖို့ အားခဲနေကြပြီမဟုတ်လား။ အားလပ်ရက်တွေ၊ ပိတ်ရက်ရှည်တွေကလည်း ဆီးကြိုနေသည့် ကာလ ဆိုတော့ အိမ်တွင်းအောင်းခဲ့ရသမျှ၊ အလုပ်ခွင်မှာ စိတ်ညစ်ညူးခဲ့ရသမျှကို ဖြေလျော့ချိန်တန်ပြီလေ။

ဒါနှင့် အခုတလော မင်္ဂလာဆောင်ကြတဲ့ သူတွေလည်း များတော့ တူနှစ်ကိုယ် ဘဝသစ်ကို စတင်သည့် အချိန်မှာ အမှတ်တရမြောက်များစွာကို ဖန်တီးနိုင်ဖို့အတွက် ဟန်းနီးမွန်းခရီးလေးတွေ သွားဖို့ရော စီစဉ်နေကြပြီလား။

အဲဒီလို အပန်းဖြေ နားနေပြီး အမှတ်တရ များစွာကို ဖန်တီးနိုင်ဖို့ အတွက် ကိုယ်က ဒီတစ်ခေါက်မှာ မြန်မာနိုင်ငံတွင်းက သာယာလှပတဲ့ နယ်မြေတစ်ခုကို ခေါ်ဆောင်သွားချင်ပါသည်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး .... အရှေ့တောင် အာရှတစ်ခွင်မှာ ရှိတဲ့ကမ်းခြေတွေ အကြား ထင်ပေါ်ကျော်ကြား လူကြိုက်များပြီးသား ငပလီ ကမ်းခြေဘဲ ဖြစ်ပါသည်။

ကမ်းခြေမှာ အပန်းဖြေဖို့ဆိုတာ ခရီးသွားတော်တော်များများ ဘဝင်ခွေ့စေသည့်အရာ တစ်ခုပါ။ အုန်းပင်စိမ်းစိမ်းအတန်းလိုက်ကိုဖြူလွလွ သဲသောင်ပြင် တွေနှင့် ကာရံထားကာ မြစိမ်းရောင်ပင်လယ်နှင့် ပနံထားသည့် မြင်ကွင်း၊ တံငါသည်တို့ရဲ့ နေ့စဥ်ဘဝနှင့် နီးနီးကပ်ကပ်ရှိကာ အခြေခံလူမှုပတ်ဝန်းကျင်ကို လေ့လာနိုင်မည့် နေရာ ... ကျွန်တော်ကတော့ ငပလီကမ်းခြေကို ဤသို့သာ တင်စားချင်မိပါသည်။

ဒီတစ်ခေါက်ကတော့ ကျွန်တော် သွားခဲ့တဲ့ ငပလီကမ်းခြေအကြောင်းဆိုတာထက် ငပလီ ခရီးသွား Guide လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကဲ ... ငပလီကို သွားလည်ကြရအောင် ...။ 

ငပလီကမ်းခြေ ဆိုတာ

ငပလီကမ်းခြေ ဆိုတာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် (၇) ကီလိုမီတာ အကွာအဝေးခန့်တွင် ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မျက်မှာမူလျက် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် တည်ရှိသော မြန်မာပြည်၏ အထင်ရှား​ဆုံးသော ကမ်းခြေ တစ်ခုဖြစ်ပါတယ်။ငပလီကမ်းခြေဟာ မြန်မာမှာ သာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသည့် ကမ်းခြေတစ်ခု ဖြစ်သည့် အားလျော်စွာ နိုင်ငံတကာခရီးသွားဝက်ဆိုဒ်များတွင်ပါ အရှေ့တောင် အာရှရဲ့ အလှပဆုံး ကမ်းခြေ တစ်ခု အဖြစ် မကြာခဏ ဖော်ပြခြင်း ခံရသော ကမ်းခြေတစ်ခုပါ။

ငပလီကမ်းခြေ ဆိုသည့် နာမည်နှင့် ပတ်သက်၍ ကောလဟာလ တစ်ခု အဖြစ် ပြောစမှတ်ရှိတာကတော့ ဟိုးအရင်တုန်းက အီတလီ လူမျိုး တစ်ဦးအား ငပလီကို တွေ့မြင်လိုက်ရသည့် အချိန်တွင် သူ့နိုင်ငံမှာ တည်ရှိသည့် Napales ဒေသကို လွမ်းဆွတ်တမ်းတမိသဖြင့် နမ်ပလီ လို့ ခေါ်ရာကနေ ငပလီဟု အမည်ပြောင်းလဲ လာကြောင်း ဆိုကြပါသည်။

ငပလီကမ်းခြေရဲ့ ခရီးသွား ရာသီကတော့ နိုဝင်ဘာလမှ ဧပြီလလောက် အထိ ဖြစ်ပြီး မိုးရာသီအချိန်မှာတော့ ဟိုတယ် တစ်ချို့သာဖွင့်လှစ်သည်ဟု ကြားသိရပါတယ်။ ငပလီကမ်းခြေဆိုတာကတော့ ပါတီကမ်းခြေ တစ်ခုထက် စာရင် အေးအေးလူလူနားအေးပါးအေး အနားယူတတ်သည့် ခရီးသွားများ အပန်းဖြေရာ ကမ်းခြေ တစ်ခုပါ။
.

ငပလီကမ်းခြေကို သွားရမယ်ဆိုရင်

ကျွန်တော်တို့ ငပလီကမ်းခြေကို ခရီးသွားမည်ဆိုပါက လူအသက်သာဆုံး နည်းလမ်းကတော့ လေယာဉ်နှင့် သံတွဲလေဆိပ်သို့ သွားခြင်းပါ။ ငပလီကို လေယာဉ်ဖြင့် ခရီးသွားမည်ဆိုပါက ရန်ကုန်မှ အသွားလေယာဉ် ကို မနက်စောစော ရောက်သည့် လေကြောင်းလိုင်းယူကာ အပြန်ကို သံတွဲမြို့ကနေ နေ့လည်ပိုင်းမှ ထွက်သည့် လေယာဉ်ဖြင့် ခရီးလမ်းကြောင်း ဆွဲတာ အကောင်းဆုံးပါ။အသွားအပြန် လေယာဉ်လက်မှတ်ခကတော့ မြန်မာငွေကျပ် ၁၅၀၀၀၀ ခန့် ကျသင့်မှာပါ။

ပိုက်ဆံချွေတာချင်တယ် ... လူလည်း ပင်ပန်းခံနိုင်တယ် ဆိုရင်တော့ အခုဆိုရင် ငပလီကမ်းခြေသို့ လေယာဉ်နှင့် သာမက အဝေးပြေးလိုင်းကားများပါ ပြေးဆွဲလျက် ရှိနေပြီ ဖြစ်ပါသည်။ အဝေးပြေးလမ်းမ အသစ်ဖြစ်သည့် ဂွ - ငါးသိုင်းချောင်းဘက်ကနေသွားမည်ဆို မောင်းချိန် (၁၁) နာရီခန့်သာ ကြာမြင့်မှာပါ။ အသွားအပြန် ကားခကတော့ မြန်မာငွေကျပ် (၅၀၀၀၀) ခန့် ကျသင့်ပြီးလမ်းကတော့ ကောင်းပေမယ့် ရခိုင်ရိုးမကို ဖြတ်ရမည် ဖြစ်သောကြောင့် အကွေ့အကောက်များလှပါသဖြင့် ကားမမူးတတ်သည့်လူတွေအတွက်သာ ပိုအဆင်ပြေပါလိမ့်မည်။

ကျွန်တော်တို့ ငပလီကမ်းခြေကို ဘယ်လိုသွားရမလဲ ပြောပြီးသာကလ ငပလီကမ်းခြေရောက်ရင် ဘယ်မှာ တည်းကြမလဲ ဆိုတာကို ဆက်ပြောကြည့်ကြရအောင်။

ငပလီကမ်းခြေရောက်ရင် ဘယ်မှာတည်းမလဲ 

အရင်တုန်းက ငပလီကမ်းခြေဆိုတာ ကိုယ်တွေ အတွေးထဲမှာ ကမ်းခြေတစ်ခုတည်း ဆိုတာဘဲ သိခဲ့တာရယ် .... တကယ်ငပလီကမ်းခြေကို ရောက်သွားသည့်အခါကျမှသာ ဘင်္ဂလားပင်လယ်အော်ဘက် မျက်နှာမူထားတဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က ကမ်းခြေတွေ ငါးခုလောက် ရှိတယ် ဆိုတာ သိလိုက်ရတယ်။ အကြမ်းအားဖြင့် အကုန်လုံးကို ငပလီကမ်းခြေလို့ခြုံငုံသတ်မှတ်ထားပေမယ့် ဟိုတယ် ရွေးသည့်အခါမှာတော့ ရပ်ကွက် အလိုက်၊ ကမ်းခြေ ဧရိယာ အလိုက် ရွေးချယ်ရတာကို တွေ့မြင်ရပါတယ်။ ကမ်းခြေဧရိယာ တွေ အားလုံးက ဆက်လျက်ရှိပြီး ကျောက်ဆောင် အငူစွန်းလေးတွေနှင့် ခြားထားသည်ကို တွေ့ရပါသည်။ ကမ်းခြေ ဧရိယာ တစ်ခုနှင့် တစ်ခုကိုကျ အများသုံး လူသွား ကားလမ်းမကြီး ပေါ်ကနေ ကူးသွားလို့ ရပါသည်။

ဟိုတယ် ရွေးမယ် ဆိုပါကလည်း ကမ်းခြေ ဧရိယာ အပေါ် မူတည်ပြီး ဟိုတယ် ရွေးချယ်နိုင်တာကို မြင်တွေ့ရပါသည်။ ကမ်းခြေဧရိယာကို များသောအားဖြင့် မြို့နေ့ လူနေအိမ်ခြေ ရပ်ကွက်တွေ အပေါ် မူတည်ပြီး ခွဲခြားထားသည်ဟု သိခဲ့ရပါသည်။ ကမ်းခြေဧရိယာ အားဖြင့် ဂေါ့ချိုင်ကမ်းခြေ၊ ငပလီကမ်းခြေ၊ လင်းသာကမ်းခြေ၊ မြပြင်ကမ်းခြေနှင့် ဂျိတ်တော ကမ်းခြေ ဆိုပြီး ခွဲခြားသတ်မှတ်ထားပါသည်။

ငပလီကမ်းခြေ - အားလုံး သိတဲ့ ငပလီ ကမ်းခြေကလည်း ငပလီရဲ့ ကမ်းခြေ ဧရိယာ များမှ တစ်ခု ဖြစ်သည့် အားလျော်စွာ ငပလီရဲ့ အမှတ်အသား တစ်ခု ဖြစ်သည့် ရေသူမ ကျောက်ဆောင်ရှိရာ ကမ်းခြေ ဖြစ်ပါသည်။ ထို ရေသူမ ရုပ်ထုမှာ ထိုခေတ်ထိုအခါက နာမည်ကြီး ရုပ်ရှင်မင်းသမီး ခင်သင်းနု ရဲ့ မျက်နှာကို ပုံစံတူယူပြီး ထုလုပ်ထားခြင်း ဖြစ်သည်ဟု ဆိုပါတယ်။ငပလီကမ်းခြေဟာ သံတွဲလေဆိပ် နှင့် ကပ်ရက် ဧရိယာမှာ တည်ရှိပြီး သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း နှင့် နာမည်ကြီး ဇိမ်ခံဟိုတယ်တစ်ချို့တည်ရှိရာ ကမ်းခြေ တစ်ခု ဖြစ်ပါသည်။

ထို အနီးအနားမှာဘဲ ငပလီ ကနေ သံတွဲသွားသည့် မီးပွိုင့်နားမှာ စာတိုက်လမ်းဆိုတာ ရှိပြီး အဲဒီဘက်မှာတော့ Guest House အသေးလေးတွေ ရှိပါတယ်။ စရိတ်ချွေတာချင်တဲ့ ရွေးချယ်စရာ နေရာတစ်ခု ဖြစ်ပြီး ဆိုင်ခန်းတွေ၊ စျေးဆိုင်တန်းတွေ များသည့်နေရာလည်း ဖြစ်ပါတယ်။ ထိုနေရာမှာ ရေသူမ ရုပ်ထုနှင့် ပိုနီးကာ သူ့အနားမှာတော့ ကျောက်ဆောင် နည်းနည်းပေါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသည်။

ဂေါ့ချိုင်ကမ်းခြေ

နောက် ကမ်းခြေတစ်ခုကတော့ လေယာဉ်ကွင်းကို ကျော်ပြီး သွားရသည့် ဂေါ့ချိုင်ကမ်းခြေဘဲ ဖြစ်ပါသည်။ ဂေါ့ချိုင်ကမ်းခြေမှာတော့ ဟိုတယ် နည်းနည်းသာ ရှိပြီး စားသောက်ဆိုင် ရှားပါးလှပါသည်။ လူရှင်းပြီး ကမ်းခြေလှတဲ့အတွက် ဟိုတယ်မှာ အေးဆေးနားပြီး နားအေးပါးအေး နေချင်သူတွေ အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်မှာပါ။

မြပြင်ကမ်းခြေ 

အဲဒီကမ်းခြေကတော့ ငပလီမှာ နာမည်အကြီးဆုံး ကမ်းခြေ တစ်ခုပါ။ နာမည်ကြီး ဇိမ်ခံဟိုတယ် တော်တော်များများ တည်ရှိကာ စားသောက်ဆိုင်တွေလည်း ပေါများလှတဲ့ ကမ်းခြေဧရိယာ တစ်ခုလည်း ဖြစ်ပါသည်။ ဟိုတယ် တော်တော်များများကလည်း ကျယ်ဝန်းပြီး အုန်းပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနှင့် ဓာတ်ပုံရိုက်လို့ကောင်းလှတဲ့ ကမ်းခြေရပ်ကွက်တစ်ခုပါ။

ကမ်းခြေအရှေ့ဘက်က ဇိမ်ခံဟိုတယ်တွေ သာမက ဒီဘက် ကားလမ်းမဘက်မှာလည်း စျေးနှုန်းသက်သာတဲ့ Guest House တစ်ချို့ ရှိသည့် ရပ်ကွက်လည်း ဖြစ်ပါသည်။ အများပြည်သူ အပန်းဖြေစရာနေရာလည်း ရှိတာမို့ မြပင်ကမ်းခြေမှာ လူတော်တော်စည်တဲ့ အထဲ ပါဝင်ပြီး ခရီးသွား ဧည့်သည်မှာ အများဆုံး ရွေးချယ်ရာ ကမ်းခြေရပ်ကွက် တစ်ခု ဖြစ်ပါသည်။

လင်းသာကမ်းခြေ

နောက် ကမ်းခြေရပ်ကွက် တစ်ခုကတော့ လင်းသာကမ်းခြေပါ။ လင်းသာကမ်းခြေဘက်မှာတော့ ဟိုတယ်ကြီးကြီးမားမား သိပ်မရှိသလို သဲသောင်ပြင်ကလည်း ကျန်သည့် ကမ်းခြေ ရပ်ကွက်တွေထက်စာရင် တိုတောင်းပါသည်။ သို့ပေသော်ငြား လင်းသာကမ်းခြေ ရပ်ကွက်မှာ လွန်စွာမှ တိတ်ဆိတ်အေးချမ်းလှပြီး အေးအေးဆေးဆေး နားနေမယ့်သူတွေ အတွက်သင့်တော်ပါသည်။

ဂျိုက်တောကမ်းခြေ

နောက်ဆုံး ကမ်းခြေရပ်ကွက်ကတော့ ဂျိတ်တောကမ်းခြေ ရပ်ကွက်ပါ။ ထိုဘက်မှာတော့ ဟိုတယ် သိပ်မရှိလှဘဲ တံငါလုပ်ငန်း လုပ်ကိုင်ကြတဲ့ လူတွေ နေထိုင်သည့် တံငါရပ်ကွက် ရှိပါသည်။ ဖောင်ဆိပ်နှင့် နီးပြီး ငါးခြောက်လုပ်ငန်းအလုပ်များတဲ့ တံငါရွာမို့ ငါးညှီနံ ရတတ်ပါသည်။

ကျွန်တော့်အနေနှင့်ကတော့ ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်အရ လင်းသာကမ်းခြေရပ်ကွက်ကို နှစ်သက်မိပါသည်။လူ အရမ်း မရှုပ်ဘဲ အခြားကမ်းခြေရပ်ကွက်တွေကိုလည်း သွားရလွယ်ကူတာမို့ နားအေးပါးအေး နေချင်ရင်တော့ ဒီကမ်းခြေရပ်ကွက်လေးဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ကမ်းခြေရပ်ကွက် အားလုံးမှာ အများပြည်သူများ ကမ်းခြေသွားရာလမ်းဆိုပြီး လမ်းကြားလေးတွေ ရှိတာမို့ ဘယ်ကမ်းခြေမှာဘဲနေနေ ကမ်းခြေအားလုံးကို သွားရောက် အပန်းဖြေနိုင်မှာပါ။

ငပလီမှာ ဘယ်လိုသွားလာကြမလဲ 

ငပလီ မှာ သွားရေးလာရေး အနေနှင့်ကတော့ စက်ဘီးရယ်၊ EBike ရယ် နှင့် Tuk Tuk ရယ် ရှိပါတယ်။ တစ်ခြားအနီးအနားက မြို့တွေသွားချင်ရင်တော့ ကားတို့ လိုင်းကား တို့လည်း စီးလို့ ရပါသည်။ Ebike ကတော့ တစ်နာရီချင်း ငှါးရင် တစ်နာရီ ကို (၃၀၀၀) ကျပ် ပေးရပြီး တစ်ရက်လုံးစာ ဆိုရင်တော့ (၁၀၀၀၀) ကျပ် ပေးရပါတယ်။ Tuk Tuk ကတော့ သွားတဲ့ နေရာပေါ် မူတည်ပြီး ပေးရတာမို့ လူများရင်တော့ ပိုတန်ပါလိမ့်မည်။

အခုဆိုရင် ကျွန်တော်တို့ ငပလီကို ဘယ်လိုရောက်အောင် သွားကြမလဲ ဆိုတာရယ်၊ ဘယ်မှာ တည်းကြမလဲ ဆိုတာရယ် နှင့် ငပလီတစ်ခွင် ဘယ်လိုသွားကြမလဲ ဆိုတာ ပြောလို့ အပြီးမှာ ငပလီ ရောက်ရင် ဘယ်တွေ ဆက်သွားလို့ ရသေးလဲ ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါသည်။

ငပလီမှာ ဘာတွေလုပ်လို့ရလဲ 

ငပလီ ဆိုတာ အရင်ကဆို အပန်းဖြေအနားယူစရာ ကမ်းခြေတစ်ခုအဖြစ်သာ နာမည်ကြီးပေမယ့် အခုဆိုရင် ငပလီကမ်းခြေနားတစ်ဝိုက်မှာ လေ့လာစရာ၊ ဓာတ်ပုံရိုက်ချင်စရာ၊ သွားလည်စရာ နေရာတွေ နှင့်အတူ သာဘဝတရားကြီးနှင့် နီးနီးကပ်ကပ် စွန့်စားမှုတွေ ပြုလုပ်နိုင်တဲ့ activities တွေပါ ရှိလာပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ကတော့ ပထမဆုံး အနေနှင့် ပုလဲကျွန်းဘက်ကို ငါးမျှားထွက်ခဲ့ပါသည်။ စက်လှေငှါးခကတော့ နေ့တစ်ဝက်ကို(၃၀၀၀၀) ခန့်မျှ ကျသင့်ပါသည်။ ပုလဲကျွန်းဆိုတာကတော့ ငပလီကမ်းခြေဘက်ကနေ လှမ်းကြည့်လိုက်ရင် သစ်ပင်တွေနှင့်အုပ်အုပ်ဆိုင်းဆိုင်း ရှိတဲ့ ကျွန်းကြီးပါ။ ပထမဦးဆုံးကတော့ ကျွန်တော် တို့ ပုလဲကျွန်း က်ု အရင်မဝင်ဘဲ ပုလဲကျွန်း အကျော်နားလေးမှာ ငါးအရင်သွာရမျှားကြပါသည်။ နှစ်နာရီခန့် ငါးမျှားအပြီးမှာတော့ ပုလဲကျွန်းဘက်ပြန်လာကာ ရေကူး၊ snorkeling လုပ်ကာ အနားယူလို့ ရပါသည်။ ရေမကူးဘူး ဆိုလည်း ပုလဲကျွန်းပေါ်မှာ တစ်ခုတည်းသာ ရှိတဲ့ Lobster Bar ကနေ အအေးတွေ၊ မုန့်တွေ မှာယူသုံးဆောင်နိုင်ပါသည်။

ဒါ့အပြင် မြပြင်ကမ်းခြေဘက်က တစ်ချို့ ဟိုတယ်တွေကနေ Kayaking services (ပင်လယ်ထဲ လှေလှော်ခြင်း) တွေလည်း ရှိပါတယ်။ တစ်ချို့ဆို ပုလဲကျွန်း အထိ ကိုယ့်ဘာသာ လှေလှော်ပြီး သွားကြတယ်လို့ ဆိုပါသည်။

ကျွန်တော်ကတော့ ညနေဖက်တွေမှာ ထိုင်ဖို့ စားသောက်ဆိုင် ကောင်းကောင်းလေး နှစ်ခု တွေ့ခဲ့သည်။ တစ်ခုကတော့ မြပြင်ကမ်းခြေရပ်ကွက်ရဲ့ အစွန်ဖက်က Pleasant View Restaurant ပါ။ မြပြင်ကမ်းခြေရပ်ကွက်နှင့် ဂျိတ်တော တံငါရွာ အကြွား တည်ရှိတဲ့ ကျောက်ဆောင်ပေါ်မှာ ရှိတဲ့ စားသောက်ဆိုင်မို့ ညနေ နေဝင်ချိန်တွေကို ကော့တေးလေး သောက်ရင်း အပန်းဖြေလို့ ရပါသည်။တကယ်လို့ ရေတက်ချိန် ဆိုရင်တော့ ကျွန်းပေါ်ကို သွားဖို့ စက်လှေစီးရသေးသည်ဟု ဆိုပါသည်။

နောက်တစ်နေရာကတော့ Lighthouse Sunset Restaurant ဖြစ်ပါသည်။ သူကတော့ ဂျိတ်တော တံငါရွာရဲ့ တစ်ခြား တစ်ဘက်မှာ ရှိသည့်အတွက် ကားလမ်းမကြီးပေါ်ကနေ ပြန်သွားမှ ရသည့် စားသောက်ဆိုင်တစ်ခုပါ။ ထိုစားသောက်ဆိုင်ဟာ သူ့ရဲ့ အပြင်အဆင်ဆန်းဆန်းတွေကြောင့် နာမည်ကျော်ကြားရခြင်း ဖြစ်ပါသည်။ ငှက်သိုက်တွေ၊ ဒန်းတွေနှင့် ဓာတ်ပုံ ရိုက်စရာ နေရာ လှလှလေး ဖြစ်နေတာလေးကတော့ လူငယ်တွေ အကြိုက်ပေါ့။

ဒါ့အပြင် ထို Lighthouse Sunset Restaurant အရှေ့မှာ သဲဖြူကျွန်းဆိုတာ ရှိပါသည်။ ရေကျတဲ့ အချိန်ဆို သဲဖြူကျွန်းကို ထိုစားသောက်ဆိုင်ကနေ လမ်းလျှောက်သွားလို့ ရတယ် လို့ ဆိုကြပါသည်။ တကယ်လို့ သဲဖြူကျွန်းကို ဒီအတိုင်း သွားချင်တယ် ဆိုရင်လည်း ပုလဲကျွန်းသွားသည့် စက်လှေကို လိုက်ပို့ခိုင်းလို့လည်း ရပါသည်။

ထို့အပြင် ငပလီရဲ့ ကမ်းခြေနှငိ့ ပနံသင့်နေတဲ့ တောင်တန်းတွေရဲ့ အလှကို ဝေဟင်ပေါ်ကနေ ရှုစားချင်ပါသလား ... အခု ငပလီမှာပုဂံ၊ အင်းလေး အစရှိသည့် မြို့တွေမှာလို မီးပုံးပျံစီးလို့ ရပါသည်။ မနက်ခင်းနေထွက်ချိန် အလှတရားကို ကောင်းကင်ပေါ်ကနေကြည့်ရတာကလည်း မမေ့နိုင်တဲ့ ခံစားမှု တစ်ခု ဖြစ်မှာပါ။

မနက်စောစော မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေရယ်၊ သံတွဲမြို့ရယ်၊ ဘင်္ဂလားပင်လယ်အော်ရယ်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ကို အတူတကွ ကောင်းကင်ပေါ်က ခံစားချင်တယ် ဆိုရင်တော့ လေကြောင်းအခြေအနေပေါ် မူတည်ပြီး နိုဝင်ဘာလလောက်ကနေ မတ်လအထိ မီးပုံးပျံစီးလို့ရပါတယ်လို့ ဆိုပါသည်။ မီးပုံးပျံ စီးနင်းခကတော့ တစ်ယောက်ကို ဒေါ်လာ ၃၀၀ ခန့် ကျသင့်မှာ ဖြစ်ပါသည်။

ငပလီ မှာ လုပ်လို့ရတဲ့ activities တွေက ဒါတင်ဘဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ဆင်စခန်းတွေလည်း ရှိပါသေးတယ်။ ငပလီကနေ မိနစ် (၃၀) လောက် အကွာအဝေးမှာ ရှိသည့် တလင်းဆိပ် ကျေးရွာကနေပြီးတော့ သံတွဲမြစ်တစ်လှောက် လှေစီးပြီးတော့ဆင်စခန်းတွေ သွားရတာပါ။ လှေစီးနေစဉ်မှာလည်း သံတွဲမြစ်ထဲက ငှက်မျိုးစိတ်တစ်ချို့ကို ကြည့်ရှုခံစားနိုင်သည်ဟု ဆိုပါသည်။

ဒါ့အပြင် ဂျိတ်တောဘက်မှာ မဒေးတောင် ဆိုတာလည်း ရှိသေးတာမို့ Trekking စိတ်ဝင်စားသူတွေ ကလည်း တောင်တက်လို့ ရပါသေးတယ်။ မဒေးတောင်ပေါ်မှာ ရပ်တော်မူ ဘုရား တစ်ဆူရှိပြီး အန္တရာယ်တွေ မကျရောက်စေဖို့ ပင်လယ်ဘက်ကို လက်နှင့် တားထားသည့် ပုံစံ ထုလုပ်ထားသည်ဟု ဆိုပါသည်။ တောင်ပေါ်ကနေ ငပလီ ကမ်းခြေတစ်ခွင်ကိုလည်း ရှူစားနိုင်မှာမို့ မဒေးတောင်ကိုလည်း သွားရောက်လို့ ရပါသည်။

ငပလီမှသည် သံတွဲမြို့ဆီသို့

ငပလီ ရောက်မှတော့ ကျွန်တော့် အနေနှင့်ကတော့ သံတွဲမြို့ကိုလည်း သွားရောက် လည်ပတ်စေချင်ပါသည်။ သံတွဲမြို့ကိုသွားရောက်မည် ဆိုပါက သံတွဲမြို့မှာ ရှိသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများဖြစ်သော အံတော်၊ နံတော် နှင့် ဆံတော်စေတီတော် တို့ကို သွားရောက် ဖူးမျှော်စေချင်ပါသည်။ အံတော်၊ နံတော် နှင့် ဆံတော် လို့ အမည်ရတဲ့ ဘုရားသုံးဆူဟာ သံတွဲမြို့ကို ဝန်းရံလျက် ဖိုခနောက်ပုံ တည်ထားကိုးကွယ်ထားခြင်း ဖြစ်ပါသည်။

ထို့အပြင် တစ်ချို့သော ဘုရားဖူးတွေက သံတွဲမြို့ကနေ (၁၀) မိုင်ခန့် အကွာအဝေးမှာ ရှိသည့် ဇလွန်မဒေးကျေးရွာမှ အခုအချိန်ထိမပုပ်မသိုးဘဲ တည်ရှိနေသည့် ဆရာတော်ကြီး နှစ်ပါးရဲ့ ရုပ်ကလပ်တော်တို့ကိုလည်း သွားရောက် ဖူးမျှော်လေ့ ရှိပါသည်။

သံတွဲမြို့ကို ရောက်ရင်တော့ သံတွဲမြို့မစျေးကို ဝင်ကာ ရခိုင်အစားအစာတွေ မြည်းစမ်းဖို့ရယ် ငါးပိ၊ ငါးမုန့်ခြောက်နှင့် ငါးခြောက်တို့ကို အိမ်ပြန်လက်ဆောင် ဝယ်ကြဖို့ရယ် နှင့် ရခိုင်ပုဆိုး၊ လုံချည်တို့ အမှတ်တရ ဝယ်ကြဖို့ အကြံပေးပါရစေ။
ဒါကတော့ ကျွန်တော် သုံးရက်တာမျှ ငပလီ ကမ်းခြေကို အပန်းဖြေခရီးထွက်ရင်း လေ့လာမိခဲ့သမျှ အကြောင်းအရာတွေပါ။ ဒီတစ်ခေါက် ခရီးသွားစာလေးကတော့ အရင်က ခရီးသွားစာတွေနှင့် မတူ ... ခရီးသွားလမ်းညွှန် ပိုဆန်နေသည်ကိုလည်း တွေ့မြင်ကြရမှပါ။ (ဤသည်ကား စကားချပ်)

ငပလီကမ်းခြေ ဆိုသည်မှာ သဲဖြူဖြူလွလွလေးတွေကို တစ်ဖက်က အုန်းစိမ်းပင်လေးတွေက အုပ်အုပ်ဆိုင်းဆိုင်းနှင့် ညီညီညာညာ ကာရံထားသလို တစ်ဖက်မှာလည်း မြစိမ်းရောင် ပင်လယ်ပြင်ကြီးနှင့် ပနံသင့်ထားတဲ့ မြန်မာတို့ရဲ့ အဖိုးအဖြတ်နိုင်သောဂုဏ်ယူဖွယ်ရာ သဘာဝက မျက်နှာသာပေးထားသည့် အလှတရားတစ်ခုသာ။

ဟိုးအရင်အချိန်ကာလ တစ်ခုတုန်းကတော့ ငပလီကမ်းခြေဆိုတာ သွားရောက်လည်ပတ်ရသည့် ခရီးစရိတ် ကြီးမြင့်သည့် ခရီးဖြစ်ပေမယ့် အခုအချိန်မှာတော့ စျေးသက်သာတဲ့ ခရီးသွားဟန်နှင့်ပါ သွားရောက်လည်ပတ်နိုင်တာကို တွေ့ရမှာပါ။ အပန်းဖြေခရီးထွက်သူများ အနေနှင့်လည်း ငပလီကမ်းခြေသည် သွားရောက်လည်ပတ်ရန် ခရီးစရိတ် ကြီးမားသည် ဆိုပေမယ့် သုံးလိုက်ရသော ပိုက်ဆံတိုင်းဟာ တန်သည်ဟု ခံစားရမည့် ခရီးတစ်ခု ဖြစ်မှာပါ။

ခရီးသွားများအနေနှင့်လည်း ငပလီကို ခရီးထွက်သည့်အခါ သန္တာကျောက်တန်းများကို မချိုးမဖဲ့ဖို့၊ ခြေထောက်နှင့် တက်မနင်းဖို့၊ အမှိုက်မပစ်ဖို့၊ ခရုကမာလေးတွေ မကောက်ဖို့နှင့် အတူ မြန်မာ့ပင်လယ်ပြင်မှ ငပလီကမ်းခြေ၏ ကမ္ဘာကျော်သည့် အလှတရားများကို ဝိုင်းဝန်း ထိန်းသိမ်းပေးကြဖို့ တောင်းဆိုချင်ပါတယ်။

ကဲ ... ဒီလောက်ဆို မြန်မာမှာ သာမက ကမ္ဘာမှာပါ နာမည်ကြီးတဲ့ ငပလီကမ်းခြေအကြောင်း သိသင့်သလောက် သိကြပြီ ထင်ပါတယ်။ ငပလီကမ်းခြေကို အားလုံးကလည်း ဆက်လက်ပြီး ဝိုင်းဝန်းထိန်းသိမ်းပေးကြမှာကို မျှော်လင့်လျက် ....။

အားလုံး သာယာပျော်ရွှင်တဲ့ ခရီးစဉ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Best From Htoo | #NGAPALIBEACH

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ကမ္ဘာကျော်သည့် မြန်မာပြည်ရဲ့ ငပလီကမ်းခြေ 
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း