ချစ်ခြင်းဖွဲ့တည်ငွေတောင်ပြည်

2019-09-04edit nyeinsuwai



အရောင်စုံ ယဉ်ကျေးမှု အစုံနဲ့ ဒဏ္ဍရီသမိုင်းကြောင်းထဲက မျိုးနွယ်စုတွေ ၊နယ်မြေတွေဟာ တိုးတတ်လာတဲ့ခေတ်ဆိုပေမဲ့လည်း ယခုအချိန်ထိ မပျောက်မကွယ် ကျန်ရှိနေပါသေးတယ်။ တောင်တန်းအထပ်ထပ်၊ကုန်းမြင့် အသွယ်သွယ်၊ ဓလေ့ ရိုးရာ ယဉ်ကျေးမှု့ အစုံနဲ့ မြန်မာပြည်ရဲ့ အတိတ်ဆိတ်ဆုံး မျိုးနွယ်စု ဖြစ်တဲ့ အမေ့ခံအထီးကျန်ဆန်တဲ့ ကယား လူမျိုးတို့ရဲ့ နယ်မြေဆီ ကို အလည် တစ်ခေါက်သွားကြရအောင်လား။

ကယားပြည်နယ်

မြန်မာပြည် ရဲ့ အရှေ့ပိုင်းမှာ တည်ရှိပြီး ၁၉၇၄ ခုနှစ်မှာ ကရင်နီ ပြည်နယ် အဖြစ် တရားဝင် ဖြစ်ခဲ့ပြီး ၁၉၅၂ မှာတော့ ကယားပြည်နယ် အဖြစ် မြန်မာပြည်ရဲ့ တရားဝင် ပြည်နယ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာ ရာဇဝင် မှာတော့ အင်း၀ မင်း လက်ထက်ကစ တယ်လို့ ပြောကြပေမဲ့လည်း အတိအကျ ရေးမှတ်တာကတော့ သီပေါမင်း နဲ့ မင်းတုန်းမင်း လက်ထက်ဖြစ်ပြီး ကြယ်ဖိုးကြီး(နန်းမယ်ခုံ )၊ ကန္ဒရဝတီ၊ ဘော်လခဲ၊ ၊ နောင်ပုလဲ ဆိုပြီးနယ်မြေ ၄ ခု သတ်မှတ်ပြီး စော်ဘွားများ အုပ်ချုပ်ခဲ့ကြတယ် လို့် သိရှိရပါတယ်။၁၉၉၂ ဒီဇင်ဘာ(၇) ရက်မှာတော့ ကယားပြည်နယ်မှာ လွိုင်ကော်ခရိုင်၊ ဘော်လခဲခရိုင် အဖြစ် ခရိုင်(၂)ခု သတ်မှတ်ပြီး မြို့နယ်ပေါင်း (၇)မြို့နယ် ရှိသည်။ လွိုင်ကော်ခရိုင် မှာ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ဖရူးဆိုးမြို့နယ်၊ရှားတောမြို့နယ် လို့ သတ်မှတ်ထားပြီး ၊ ဘော်လခဲခရိုင်မှာတော့ ဘော်လခဲမြို့နယ်၊ရွာသစ်မြို့နယ်၊ဖားဆောင်းမြို့နယ်၊မယ်စဲ့မြို့နယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ဘယ်လိုပင် ပြောင်းလဲသတ်မှတ်ပေမဲ့လည်း ကယားပြည်ရဲ့ အလှက လျှော့မကျသွားသလို ပိုလို့ပင် လှသထက်လှကာနေပါသေးတယ်။

လွိုင်ကော်

ကယားပြည်ရဲ့ ခရိုင် မြို့တော်ဖြစ်ပြီး ၁၈၃၈ ခုနှစ် မေလတွင် လုံသီရိက စတင်တည်ခဲ့တဲပါတယ်။ ကယားလူမျိုးတို့ ရဲ့ ဘူမိနက်သန် နယ်မြေဖြစ်ပြီး အရောင်စုံ အသွေးစုံ ၊ဓလေ့ ထုံးစံ ကိုယ်စီ ဘာသာ စကား ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုတွေကို ပိုင်ဆိုင်ထားတဲ့ နယ်မြေတစ်ခုပါ။လွိုင်ကော်ရဲ့ မူလအစမှာ ဆီရိဒေါဖြစ်ပြီ ကယားဘာသာဖြင့် သီရိမြို့(ဆီရိဒေါ) အဓိပ္ပါယ် ရပါတယ်။ ရှမ်းတိုင်းရင်းသားများ လာရောက်နေထိုင်ကြချိန်မှာတော့ ဘီလူးချောင်း နံဘေးက သီးခြားတည်ရှိတဲ့ ရွှေတောင်ကို အစွဲပြုပြီး လွိုင်ခေါ်ဟု ခေါ်ဆိုရာခဲ့ရာမှ လွိုင်ကော် ဖြစ်လာပါတယ်။လွိုင်မှာ တောင်၊ခေါ်မှာ သီးခြားရှိခြင်းဟု ဆိုလိုရာ သီးခြားတည်ရှိရာတောင်ဟု အဓိပ္ပာယ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်မှာ ကန္တာရဝတီ စောဖျာစပ်ခွန်လီက စပ်လုံမြို့မှ လွိုင်ကော်သို့ ပြောင်းရွှေ့ခဲ့ရာမှ လွိုင်ကော်ဟာ ကန္တာရဝတီမြို့တော်ဖြစ်လာခဲ့ပါတယ်။ကယားတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ကယား၊ ကယန်း(ပဒေါင်)၊ ကယန်း(လထ)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား၊ ကယားမိုနု (မနုမနော) စတဲ့ အဓိက မျိုးနွယ်စု တွေဟာ ကယားပြည်နယ် ရဲ့ အလှချင်းပြိုင်နေတဲ့ မျိုးနွယ်စု ရောင်စုံပန်းပွင့်လေးတွေပါ။

ဘယ်တွေကို လည်မလဲ

လည်ပတ်စရာ ပေါ်တဲ့ ကယားပြည် ရဲ့ နေရာတိုင်းဟာ စိတ်ဝင်စားစရာ သမိုင်းတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

ပထမရက် - ကြတ်ဂူ

ဒဏ္ဍရီသမိုင်းတွေ နဲ့ ပြည့်နေတဲ့ စိတ်ဝင်စားစရာ နေရာတစ်ခုပါ။လွိုင်ကော် မြို့မှ ၄၅ မိနစ်ခန့် မောင်းသွားရင် ကြတ်ဂူ ရောက်ပါတယ်။ကျွန်းတလား တွေ နဲ့ ပတ်သတ်ပြီ းလူအများရဲ့ စိတ်ဝင်စားမှု ခံရတဲ့ ဂူပါ။ ဂူ ရဲ့ သမိုင်းကြောင်းနဲ့ ပတ်သတ်လို့ အမျိုးမျိုး ငြင်းခုံ နေ ကြပေမဲ့လည်း အမှန်ကိုတော့ ဘယ်သူမှ မသိနိုင် ကြပါဘူး။ရှေးခေတ် ကယား လူမျိုးတို့ရဲ့ အခေါင်းရှည်လျားမှု ဟာ ဥစ္စာဓန ချမ်းသာကြွယ်ဝမှုကို ဖော်ပြတာလို့ ပြောပါတယ်။ပိုင်ဆိုင်မှုတွေကို ခေါင်းတလား နဲ့ ထည့်ယူပြီး မသေခင်တည်းက စိတ်ကြိုက် သစ်သားတွေ နဲ့ ခေါင်းတလား ထုကြတာလို့ ဆိုကြပါတယ်။တချို့ကတော့ ဂျပန်ခောတ်က စစ်သားတွေ အသုံးပြုခဲ့တဲ့ သစ်သားလှေတွေပါတဲ့။ သေချာတာကတော့ ဂူထိပ်က မဖွင့်ရသေးတဲ့ ခေါင်းတလားတွေ မှာ အဖြေရှိနှင့်မှာပါ။ တောင်ပေါ်တတ်တဲ့လှေကားတွေအတိုင်း တက်ရင်း ဂူဝကို ရောက်ပါတယ်။ ဂူ၀ သွားရာ တစ်လျှောက် ရှု့ခင်းကလည်း စိမ်းစိုလှပနေပြန်ပါတယ်။ ဂူ အဝ ရောက်တဲ့ အချိန် ပထမဆုံး မှင်သက်မိတာ ဂူပေါက်ဝ ကျောက်စက်ပန်းဆွဲ တွေ နဲ့ သဘာ၀ အလှပါ။ အပြင်က အလင်းနဲ့ အထဲက အမှောင် ရောစပ်ထားတဲ့ ကြတ်ဂူအပေါက်ဝအဆင်း က လှေကားကလည်း စိတ်ခံစားမှု့ ရသတစ်မျိုးကို ပေးစွမ်းပါတယ်။ဂူထဲ မှာ တစ်ခါတစ်ရံ အကောင်ရှည် မြွေ ကင်းတို့ လည်း ရှိတာမို့ ဂရုစိုက် သွားပါလို့။




ဒုတိယနေ့ - လောပိတ

မြန်မာနိုင်ငံ ရဲ့ အကြီးဆုံး ရေ အား လျှပ်စစ် အဖြစ် ဂုဏ်ယူစွာ နဲ့ ရပ်တည်ခဲ့တဲ့ လောပိတ ဟာ ဂုဏ်ပုဒ် နဲ့ အညီ ထပ်ဆောင်းလို့ သဘာ၀ အလှတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဘီလူးချောင်းရေစီးကြောင်းပေါ်မှာ တည်ဆောက်ထားပြီး ရေအားလျှပ်စစ် စက်ရုံမှာ (၃)ရုံ ရှိပါတယ်။ဘီလူးချောင်းရေအားလျှပ်စစ်အမှတ်(၁)နှင့်(၂)စက်ရုံက အစိုးရပိုင်ဖြစ်ပြီး ၊ အမှတ်(၃)စက်ရုံကို ပုဂ္ဂလိက ကုမ္ပဏီ ရွှေတောင်အုပ်စုပိုင် စက်ရုံဖြစ်ပါတယ်။၁၉၈၇ မှာ စတင်တည်ဆောက်တဲ့ သက်တမ်း ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ လောပိတ (၁) ဟာ (၂) နဲ့ (၃) ကို မမှီခိုဘဲ သီးသန့် ရပ်တည်နိုင်စွမ်းရှိပါတယ်တဲ့။ လောပိတရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုကို လေ့လာကြည့်ရင် ရေကို အလေအလွင့် မရှိအောင် မိုးဗြဲဆည်မှစနစ်တကျ ထိန်းသိမ်းထားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် စက်ရုံကို အဆင့်ဆင့် သေချာဂရုတစိုက် တည်ဆောက်ထားတာ တွေ့ရပါလိမ့်မယ်။သွားလည်ဖို့ ဆိုရင်တော့ မြိုံထဲ မြို့နမ် စေတီ မျက်နှာချင်းဆိုင်လမ်းကြားထဲက စစ်တပ်မှာ ထောက်ခံ ချက် အရင် ယူရပါမယ်။ထောက်ခံချက်ရဖို့ သွားမည့်သူတွေရဲ့ မှတ်ပုံတင် မိတ္တူ ယူသွားရပါလိမ့်မယ်။


ထောက်ခံစာရရင် လောပိတနယ်မြေ အမှတ် (၁) ဝင်တာနဲ့ အဝင်ပေါက်မှာ ထောက်ခံချက်ပြ ထပ်ပြီး ထောက်ခံစာ ထပ်ယူရပါမယ်။သွားလည်မဲ့ အမှတ် (၂) ရောက်ခါနီးရင်တော့ တွေ့ရတဲ့စစ်တပ်ဂိတ်က ထောက်ခံစာ ပါမှ ပေးဝင် တာပါ။လမ်းမှာ Viewpoint ကြည့်တဲ့ နေရာလေးလည်း ရှိပါတယ်။အမြင့်ပေ 4 ထောင်ကျော် ကနေ တောင်အောက် ဆင်းလာရင် လောပိတ ၂ ကို ရောက်ပြီး ၃ ကို ၁၀ မိနစ် မောင်းပြီး အစဉ်လိုက် တွေ့ရမှာပါ။တောင်ဆင်းလမ်း ကျဉ်းလို့ ဂရုစိုက်မောင်းဖို့ လိုပါလိမ့်မယ်။ရောက်ရင်တော့ လေ့လာစရာရှိတာလေ့လာပြီး ပုံလှလှလေးတွေ လည်း ရိုက်ခဲ့ပါလို့။





တတိယနေ့-တောင်ကွဲစေတီ

လွိုင်ကော်မြို့ ရဲ့ သင်္ကေတ သီရိမင်္ဂလာ (တောင်ကွဲစေတီ)စေတီ ဟာ ကယားဘာသာ ဖော်မြဲဟုခေါ်ဆိုပါတယ်။ ၉စိတ်ကွဲနေသော ကျောက်တောင်ထွက်တွင်စေတီတော် တစ်ဆူစီ တည်ထားရာ ပြည်လုံးချမ်းသာ၊ရွှေယက်တောင်၊ရွှေရင်အေး၊ကျောက်သမ္ဗန်၊အောင်တော်မူ၊ဆုတောင်းပြည့်၊အောက်ကျိုက်ထီးရိုး၊ရွှေပြည်အေးစေတီဟူ၍ ဘွဲ့အမည်တော်များ ရှိကြပါတယ်။ အမြင့်ပေ၃၈၇ပေ မြင့်တဲ့ တောင်ကွဲ စေတီဟာ မြို့အလှကို အပေါ်စီးက ကြည့်မြင်နိုင်တဲ့ စေတီ လည်း ဖြစ်ပါတယ်။မြိ့လယ်မှာ ရှိလို့ ဖူးရ သွားရ အဆင်ပြေပါတယ်။မနက်စောစောထ ဟိုတယ်က စက်ဘီးဌားပြီး သွားဖူးရင် အေးအေးဆေးဆေး နဲ့ ဖူးလို့ကောင်းသလို မြို့ထဲမှာ စက်ဘီးစီးရင်း မနက်ခင်းလေအေးအေး က လန်းဆန်းစေပါတယ်။




ဒုတိယနေ့

ဒီမောဆိုးမြို့နယ်ဟာ အမြင့်ပေ ၂၉၈၂ အမြင့်မှာရှိပြီး ဒီ=ချက်၊ မော့= ကောင်းကင်၊ ဆို=တောင် ဖြစ်ပြီး မိုး နဲ့ မြေကို ချက်ကြိုး နဲ့ ချိတ်ဆက်ထားတဲ့ တောင် လို့ အဓိပါယ်ရပါတယ်။၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် ဒီမောဆိုးမြို့နယ်အဖြစ် စတင် ခေါ်ဆိုခဲ့တဲ့ ဒီ မြို့မှာ ဒီမောဆိုးဈေး၊ငွေတောင်ဆည်၊ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့် တို့ဟာ မဖြစ်မနေ လည်ရောက်သင့်တဲ့ နေရာတွေပါ။


၁။ဒီမောဆိုးဈေး

၁၉၇၂ မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီမောဆိုးဈေးဟာ နှစ်ပေါင်း (၅၀) ပြည့်ပါတော့မယ်။တနင်္လာ၊ ဗုဒ္ဓဟူး ၊ စနေ ဖွင့်တဲ့ ၃ရက်ဈေးဖြစ်ပြီး ဒေသထွက်အသီးအနှံ၊ ခေါင်ရည်၊ ပျားရည် ၊ကယားဝက်အူချောင်းနဲ့ လတ်လတ်ဆတ်ဆတ်အသားငါးတွေအပြင်ရိုးရာပစ္စည်းလေးတွေအစုံရလို့ အရမ်းပျော်စရာကောင်းတဲ့ ဝယ်လို့ကောင်းတဲ့ဈေးလေးပါ။သစ်ခွ ပန်းပင်တွေလည်း ဈေးတန်လို့ ပန်းချစ်သူတွေ အတွက် သတင်းကောင်းပါးပါရစေ။ခေါင်ရည် လတ်လတ်ဆတ်ဆတ်လည်း မြည်းစမ်း သောက်ဖို့ မမေ့ခဲ့ပါနဲ့နော်။



၂။ပန်ပက်ရွာ

မိမိကိုယ်ကို တောင်ပေါ်ဒေသရ ဲ့ အရှင်သခင်လို့ ယူဆထားတဲ့ ကယန်းလူမျိုး တိုင်းရင်းသားများရဲ့ မူလ အမည်ကတော့ ကန်ယန်ဖြစ်ပြီး အဓိပါယ်ကတော့ စွဲစွဲမြဲမြဲ အတည်တကျ နေထိုင်သော လူမျိုးဖြစ်ပါတယ်။ နှစ်ကြာလာတဲ့အခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာတယ်လို့ဆိုပါတယ်။ "ပဒေါင်" အမည်ကတော့ ကြေးပတ်သောသူ - "ပတ်တောင်း" ဟူသော ရှမ်းစကားမှ "ပဒေါင်"ဖြစ်လာပြီး ပဒေါင်လို့ခေါ်ရင် မကြိုက်ကြပါဘူး။ "ကယန်း" တိုင်းရင်းသားများ ကိုယ်တိုင်က ကောင်း-ခေါင်း-ဒိုးဟု ဂုဏ်ယူစွာ ခေါ်ကြပြောဆို ကြပါတယ်။ "တောင်များ၏ အရှင်သခင်" ဟု အဓိပ္ပါယ်ရပါသည်။ကယန်းမျိုးနွယ်မှာ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိပြီး ပန်ပက်မှာတော့ ကယန်းလဟ္ခီ မျိုးနွယ်စုတို့ တောင်ဘက်မှ ရောက်ရှိလာလို့ တောင်ဘက် ကယန်းလို့လည်း ခေါ်ကြပါတယ်။ ကယန်းအမျိုးသမီးအချို့ ရဲ့လည်ပင်းဟာ သာမန်ထက် ရှည်လျားပြီး၊ ကြေးကွင်းများ လည်ပင်းမှာစွပ်ထားတာ ဖြစ်ပြီး အလေးချိန် ဟာအသက်အရွယ် ကြီးမားတဲ့(အသက် ၅၀ ကျော်)တစ်ချို့ဟာ ကြေးကွင်း ၂၆ ကွင်း (အလေးချိန် ၂ ပိဿာကျော်ခန့်)အထိ ရှိနေတတ်ကြပါတယ်။ကြေးကွင်းတွေကို ရရှိခဲ့တဲ့၊ အသုံးပြုခဲ့တဲ့ ပါးစပ်ရာဇဝင်လေးကတော့ ရှေးအခါက ရှမ်းစော်ဘွားတစ်ဦးဟာ ကယားပြည်နယ်ဘက်က လူမျိုးစုတွေကို ကြေးလက်ဆောင်ပေးတဲ့အခါမှာ ကယန်းလူမျိုး နဲ့ကယောလူမျိုးများ ရရှိခဲ့ကြပြီး လက်ဝတ်တန်ဆာအဖြစ်/ ငွေကြေးအဖြစ် အသုံးပြုခဲ့ကြတယ်လို့လည်း ဆိုကြပြန်ပါတယ်။ကယန်းရွာထဲမှာ လူနေမှု စရိုက်၊ ရိုးရာဓလေ့တွေကို လေ့လာနိုင်မှာ ဖြစ်ပြီး ချစ်စဖွယ် ကယန်းကလေးငယ်များကို လည်းတွေ့မြင်ရပါလိမ့်မယ်။ အိမ်ဈေးဆိုင်လေးတွေ မှာဈေးဝယ်လို့ရပြီး ရိုးရာ ဝတ်စုံ နဲ့ အမှတ်တရ ဓါတ်ပုံ ရိုက်လို့လည်း ရပါတယ်။လူငယ် အများစု ကတော့ ထိုင်းဘက်ခြမ်း အလုပ်ထွက်လုပ်လို့ သိပ်မတွေ့ရတော့တာ ဝမ်းနည်းစရာပါ။



၃။ငွေတောင်ဆည်

၁၉၆၂ မှာတည်ဆောက်ထားတဲ့ မြေသားတမံဖြစ်ပြီး မရှိမဖြစ် အကျိုးပြုနေတဲ့ ဆည်တမံ တစ်ခု ဖြစ်ပါတယ်။ရွှေတောင်၊ငွေတောင်၊ကြေးတောင်၊ပတ္တမြားတောင် စတဲ့ တောင် (၇) တောင်ထဲက ငွေတောင် နဲ့ နီးလို့ ငွေတောင်ဆည်လို့ ခေါ်တာဖြစ်ပါတယ်။ ရှမ်းတို့က လွိုင်ငိမ်း လို့ခေါ်ပြီး လွိုင် - တောင်၊ ငိမ်း - ငွေ လို့အဓိပါယ် ရပါတယ်။ ရွှေတောင်၊ငွေတောင်၊ပတ္တမြားတောင် တို့ရဲ့ အရိပ်ဟာ ကန်မှာ ထင်ဟပ်ကာ ပန်းချီကားတစ်ချပ်လို အသက်ဝင် လှပပါတယ်။ထင်ဟပ်နေတဲ့ တောင်တွေ နဲ့ အတူ အနောက်ဘက်ရှိ အဝေးက လွယ်ဖနန်းတောင်အလှကလည်း ပံပိုးနေလို့ ဘယ်သူပြိုင်လို့ လှနိုင်ပါတော့မယ်။စားကျက်လွှတ်ထားတဲ့ နွားတွေ ကလည်း ဆည်အလှကို ပံပိုးကာ လှနေပြန်ပါသေးတယ်။



၄။ထီးပွင့်ကန်

လွိုင်ကော်မြို့ ရဲ့ ၈ မိုင်အကွာ မှာ ရှိပြီး ထီးပွင့်သဏ္ဍန် သဲပွင့်များ ထူးခြားစွာ ပေါ်ပေါက်နေတဲ့ နေရာပါ။ ဘူမိဗေဒ အရ မီးတောင်ဟောင်းဖြစ်တယ်လို့ ဆိုပေမဲ့လည် း ကယားလူမျိုးတို့ကတော့ ကိန္ဒရီ ခုနှစ်ဖော် ရေသောက်ဆင်းတဲ့ ဘုတ်တလုပ် ကန်လို့ ဒဏ္ဍရီ အနေနဲ့ ယုံကြည် ကိုးကွယ်ကြပါတယ်။ တစ်ချို့ကလည်း သုဓန မင်းသား နှင့် ဒွေးမယ်နော် တို့ နေထိုင်ကြတယ်လို့ ယုံကြည်ပြီး အထွဋ်အမြတ် ထားကိုးကွယ်ကြပါတယ်။များသောအားဖြင့် လပြည့် ရက်များမှာ ထီးပွင့်လေ့ ရှိပါတယ်တဲ့။ယုံကြည်သူတွေ ကိုးကွယ်တဲ့ ဆိုင်ရာ နတ်နန်း အချို့လည်း ရှိပါတယ်။



၅။ကန်ခုနှစ်ဆင့်

ကန်ခုနှစ်ဆင့်ဆိုတာငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ နတ်သမီးခုနှစ်ဖော်ထဲကဒွေးမယ်နော်နဲ့ သုဓနုမင်းသားဇာတ်လမ်းလေးထဲကနေရာလေးပါ။သိပ်လှတဲ့ ကန် ခုနှစ်ဆင့်ဟာ ဒီအတိုင်းကြည့်ရင် ကန်တွေအကုန်မမြင်ရပဲမြေပုံပေါ်ကကြည့်တော့မှ ကန်ကြီးတစ်ကန်ပြီးတစ်ကန် ခုနှစ်ကန် တောင်ခြေရင်းမှာတန်းစီပြီးရှိနေတာကို မြင်ရတာပါ။နတ်သမီး တွေ လာလည်လောက်အောင်ကို ဆိတ်ငြိမ် လှပတဲ့ မပြန်ချင်လောက်အောင် ဆွဲဆောင်နေတဲ့ လောကရဲ့ အိုအေစစ်နေရာလေးပါ။

ကန်တွေရဲ့ အမည်ကတော့ အစဉ်လိုက်ထေးဖိုးခရား၊ထေးသော်ကူး၊ဖရာမိုဆိုလဲ၊တနေကူး နှင့် ခရောမေ၊ဘိုးများထေးအော်၊ ထေးဒူးကူး၊ ဂျေရေထေအော် ဖြစ်ပါတယ်။ ရေအခက်အခဲနှင့် ကြုံနေရတဲ့ တနီဓလာလဲ မှာ ကယားးမင်းသားတစ်ပါးဖြစ်တဲ့ စောဖျာမြာလော်က ဖျာပကလော့ဆိုတောင်(ယခု အမှတ်-၅ ရေကန်အနီးရှိတောင်)ပေါ်သို့ရောက်လာကာ တောင်ခြေမှ ဥယျာဉ်ခြံမြေများရှိသီးနှံများကို အမြန်သိမ်းယူစေပြီး၊ ဝါးခုတ်ပေးရန် မိန့်ခဲ့ပါတယ်။

ဝါးရတဲ့ အခါမှာတော့ ၎င်းဝါးကိုငါးမျှားတံသဖွယ်ပြုလုပ်ပြီး သူ၏ ခေါင်းပေါင်းစကို ငါးမျှားကြိုးအဖြစ်ပြုလုပ်၍ ငါးမျှားဟန်ပြုရာ မကြာမီ ရေများစီးဆင်းလာပြီး ရေကန်ကြီးများဖြစ်သွားသည်ဟု တစ်ချို့ကလည်းဆိုကြပြန်ပါတယ်။သမိုင်းကြောင်းက ဘယ်လိုဖြစ်စေ ကန်တွေ ရဲ့ အလှကတော့ လှမြဲလှဆဲပါ။



၆။ဟော်နန်း

ကယားပြည်နယ် လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ တည်ရှိပြီး ကန္ဒရဝတီ ဟော်နန်း လို့ခေါ်တွင်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ ကယား ပြည်နယ် အတွင်းရှိ အခြားဟော်နန်းများပျက်စီးခဲ့ပြီး ကန္ဒရဝတီဟော်ကြီး အဆောက်အဦးတစ်ခုတည်းသာ အကြီးဆုံးဟော်ကြီးအဖြစ် ကယားလူမျိုးတို့၏ ရှေးဟောင်း ယဉ်ကျေးမှုအနေနဲ့ ထိန်းသိမ်းရန် ကျန်ရှိခဲ့ပါတယ်။ယခင် ကန္ဒရဝတီဟော်ကြီးကို စောလုံတွင်တည်ဆောက်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး လူဦးရေနည်းပါးလာသဖြင့် လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ပြီး ၁၉၁၂ ခုနှစ်တွင် ကန္ဒရဝတီ စောဖျာစဝ်ခွန်လီမှတည်ဆောက်ခဲ့ပါသည်။ ၁၉၁၉ ခုနှစ်တွင် ဟော်တက်မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ၁၉၃၀ ခုနှစ်တွင် စောဖျာစဝ်ခွန်လီ ကွယ်လွန်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ သားဖြစ်သူ စောဖျာစဝ်လဝီ အုပ်ချုပ်ပြီး ၁၉၈၇ ခုနှစ်မှာ စောဖျားစဝ်လဝီ ကွယ်လွန်ပြီးသည့်နောက်မှာတော့ ဆက်ခံသူအဖြစ် သားစဝ်လဖော်နှင့် သမီးစဝ်ခေမာဝတီ မောင်နှမကပိုင်ဆိုင်ခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ် ၄ လပိုင်း ၁၇ ရက်နေ့တွင် သာသနာတော်ထွန်းကားရေးနှင့် ရှေးဟောင်းပစ္စည်း အဆောက်အဦး ပြန်လည်ဖော်ထုတ်ရေးအတွက် ရှေးရှုရည်မျှော်ကာ မောင်နှစ်မ ၂ယောက်ဟာ ကယားပြည်နယ် မြို့တော်သံဃာတော် ဥက္ကဌ ဆရာတော်ဘုရားထံ သွားရောက်လျှောက်ထားပြီး မင်္ဂလာဟော်ကြီးကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့လို့ ယခုအချိန်မှာတော့ ဘုန်းကြီးကျောင်း အနေဖြင့် တွေ့မြင်နိုင်ပါတော့တယ်။


ဒီနေရာတွေကတော့ ၂ ရက် အတွင်း အစဉ်လိုက်သွားခဲ့တဲ့နေရာလေးတွေပါ။ အချိန်တွေ ရက်တွေ ပို လို့ သွားချင်ရင်တော့ နောက်ထပ် တစ်ရက်ပိုနေပြီး လွယ်ဖနန်းတောင်(ဆင်ဖြူတောင်) ကို သွားလို့ရပါတယ်။

လွယ်ဖနန်းတောင်(ဆင်ဖြူတောင်)


ကယော(ဟိုယာ)ဒေသ ရဲ့ နာမည်ကြီးတောင်လို့ ပြောရင် ယုံမလား။

ဖရူဆိုမြို့နယ် ခေါဘာရွာအနားမှာ တည်ရှိပြီး ဆင်ဖြူတစ်ကောင် သေသွားတာကို အစွဲပြုပြီး ဆင်သေတောင်လို့ ခေါ်ဆိုရာမှ တဆင့် အခုချိန်မှာတော့ ဆင်ဖြူတောင်လို့ ပြောင်းလဲခေါ်ဆိုတာပါ။တောင်စွယ်တောင်တန်း အသွယ်သွယ်နဲ့ ကယား ရဲ့ ရွှေတောင်ငွေတောင်တို့နဲ့ အပြိုင် ခရီးသွားတွေကို ဆွဲဆောင်ကာလှနေတဲ့ သဘာဝရဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့တောင်ပါ။နေရောင်ကျရောက်မှုကို မူတည်ပြီး တောင်တွေ ရဲ့ အရောင်က ပြောင်းလဲကာ လှနေပုံက ရသ အမျိုုးမျိုးကို ပေးစွမ်းနေပါတယ်။နေထွက်ချိန်ကို ခံစားမလား နေဝင်ချိန်ကို စီးမြောမလား အလှကတော့ မလျော့ပါဘူး။ နေ့ခင်းဘက်ဆိုရင်တော့ တောင်ကတုံးတွေမို့ ပူလို့ အဆင်မပြေလှပါဘူး။လွိုင်ကော်က နေ သွားရာ လမ်းတလျှောက် လက်ဖက်ပင်၊ လိမ္မော်ပင်၊ ရွှေ့ပြောင်းတောင်ယာ တွေရဲ့ အလှကလည်း ရင်အေးစရာပါ။ကန်ခုနှစ်ဆင့်ကို နတ်သမီးတွေ၊ ဒွေးမယ်နော်နဲ့ သုဓနုမင်းသား လာလည်သလို ဒီတောင်မှာလည်း နေဝင်နေထွက် လာမကြည့်နိုင်ဖူးလားလို့ ကိုယ့်အတွေးနဲ့ ကိုယ် စိတ်ကူးကြည့်မိပါသေးတယ်။


ညအိပ်ဖို့အတွက် တဲအိမ်လေးတွေကိုလည်း ဈေးနှုန်းချိုသာစွာ ဌားပေးထားလို့ သဘာဝနဲ့ နေထိုင်ကြည့်ဖို့ အခွင့်အလမ်းက ကိုယ့်လက်ထဲမှာဘဲ ရှိပါတယ်။ကားစင်းလုံးဌားသွားချင်ရင်တော့ တနေကုန် ၈သောင်းကျပ်ကနေ စ ၁ သိန်း ပတ်ချာလည်ရှိပါတယ်။တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ နယ်မြေမို့ သူတို့စည်းကမ်း ဓလေ့တွေကို လိုက်နာပါလို့ အကြံပြုပါရစေ။တဆက်တည်း မြန်မာပြည်ရဲ့ အရှည်ဆုံးဂူတစ်ဖြစ်လဲ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး ဂူတွေထဲမှာလည်း စာရင်းဝင်တဲ့ နေ့တဝက် နီးပါး ခက်ခက်ခဲခဲ သွားရပြီး လမ်း ခရီးအလွန်ကြမ်းတဲ့ ထီးပနူးဂူကိုလည်း တဆက်တည်း သွားလို့ရပါတယ်။

ဘယ်လိုသွားမလဲ

ကားနဲ့ဆို ရန်ကုန်ကနေဆို သိန်းသန်းကုဋေ ကားဂိတ် ၊မျိုးဆက်သစ် ကားဂိတ် ၊ရွှေကယား၊ သန်မြန်သူ၊ စွမ်း ကားဂိတ်ကနေ စီးနိုင်ပြီး ကြာချိန် 13 နာရီ ရှိပြီး မန္တလေးကနေ ဆို ကြာချိန် 10 နာရီ ရှိပြီးသိန်းသန်းကုဋေ ၊ သန်မြန်သူ၊ ရွှေရာဇာ ကားဂိတ်ကနေ စီးလို့ရပါတယ်။

ကားခကတော့ 1 သောင်းကျော်မှ 2သောင်းအတွင်း ရှိပါတယ်။လေယာဉ်နဲ့ကတော့ သတ်မှတ်ရက်တွေသာထွက်ပြီး ဒေါ်လာ 70 မှစ ရှိပါတယ်။ Loikaw မြို့တွင်း လည်ချင်ရင်တော့ ဟိုတယ်တွေမှာAirconကားစင်းလုံးငှားလို့ရပါတယ်။ ဟိုတယ်ကကားတွေတော့မဟုတ်ပါဘူး။ သူတို့ကကားသမားတွေနဲ့ချိတ်ပေးတာပါ။ တနေ့ကုန် ဆို 8 သောင်းမှ စ ရှိပါတယ်။

ဘယ်မှာတည်းမလဲ

ဈေးသက်သာချင်တဲ့သူတွေကတော့ Amazing Box Hostel မှာတည်းလို့ရပြီး ဈေးသင့်ပြီး ဝန်ဆောင်မှုကောင်းတဲ့ ဟိုတယ်ကို ညွှန်ပေးပါဆို မြတ်နန်းတော် ကို ညွှန်ပေးပါရစေ။

မနက်စာ စုံလင်ပြီး အချက်အချာ မြို့လည်မှာ ရှိသလို တောင်ကွဲ စေတီ နဲ့ လမ်းလျှောက်ရင် 5 မိနစ်သာ ကြာပါတယ်။ဝန်ဆောင်မှုက ပေးရတာထက် ပိုတန်ပါတယ်။တခြား ဈေးသင့်တဲ့ ဟိုတယ်တွေကတော့ Loikaw princess ၊ Nature Land Hotel၊ Three Seasons Hotel ၊ Famous Hotel၊ Hotel Loikaw၊ Gold Hotel ၊Green Leaf တို့ပါ။ အခန်းခကတော့ 4သောင်း ဝန်းကျင်လေးတွေပါ။

အပန်းဖြေ ဟိုတယ် တည်းချင်သူတွေ အတွက်ကတော့ Keinnara Loikaw - Kayah Resort၊ Demoso Lodge၊ Loikaw Lodge by the Lake တို့ဖြစ်ပြီး တညကို ဒေါ်လာ 100 ဝန်းကျင်ရှိပါတယ်။



[Related Travel Blog]: https://mingalago.com/en/interest/detail/amazing-box

ဘယ်တွေမှာစားမလဲ

ရွှေလက်ရာ ဆိုင်မှာ အဝစား ၄ထောင် နဲ့ မြန်မာ ဟင်းတွေ စားလို့ရသလို၊ အနောက်တိုင်းစာ ထိုင်း ၊တရုတ်စာတွေကို Loikaw city မှာ စားလို့ရပါတယ်။ ညစာကို တော့ နောင်ယားကန် မှာ လမ်းလျှောက် အပန်းဖြေရင်း ဆိုင်တန်းလေးတွေ မှာ အကင် မျိုးစုံ နဲ့ စားလို့ရသလို ဟိုတယ် မြတ်နန်းတော် ရှေ့က အကင်ဆိုင်မှာလည်း စားကောင်းပါတယ်။ မင်္ဂလာဟင်းထုပ်ဆိုင်က ကြက်သားဟင်းထုပ်၊ ဝက်သားဟင်းထုပ်၊ သက်သတ်လွတ်ဟင်းထုပ်၊ ကယားဝက်အူချောင်း နဲ့ ဝက်သားလုံးကြော် ကလည်း နာမည် ကြီးလို့ သွားစားပါလို့ ။ ဈေးသင့်တဲ့ မြို့နာမ်ဘုရားဆိုင်တန်းမှာလည်း စားလို့ရပါတယ်။ ဒီမောဆိုးမှာတော့ နေ့လည်စာကို မာကိုပိုလို မှာ စားလို့ရပါတယ်။ဆိုင်ရဲ့ ရှုခင်း နဲ့ တည်ဆောက်ထားပုံက အရမ်းလှပြီး တောင်တွေ နောက်ခံထားပြီး ဓါတ်ပုံ လှလှလေးတွေ ရိုက်လို့ကောင်းပါတယ်။


ဒီလောက်ဆိုရင် ၂ ရက်ခရီးအတွက် စုံသလောက်ဖြစ်ပါပြီ။ ထပ်လည်ချင်သေးရင်တော့ နောက်ရက်တွေမှာ လွယ်ဖနန်းတောင်၊ထယ်ခိုရွာ တို့ကိုလည်း သွားရောက်လည်ပတ်လို့ရပါသေးတယ်။သတိပေးချင်တာကတော့ မိုးရာသီ သွားရင် ထီးလေးတော့ဆောင်သွားပါလို့။ပြီးတော့ကယားမှာ နယ်မြေ မြို့တခုကနေ တစ်ခု ကူးတိုင်း ဂိတ်လုံခြုံရေးကျပ်တာမို့ကားပေါ်မှာ အော်ဟစ်ဆူပူ တာမျိုး မလုပ်ဖို့ သတိပေးပါရစေ။အမှိှုက်တွေကို လည်း စနစ်တကျ စွန့်ပစ်ပြီး သဘာဝအလှကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ မေတ္တာရပ်ခံပါရစေ။ဒီစာ လေး ဖတ်ပြီး ချစ်သောသူများနဲ့ ပျော်ရွှင်ဖွယ်ကောင်းသော ကယားခရီးစဉ်လေးကို အကောင်အထည်ဖော် သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါရှင့်။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ချစ်ခြင်းဖွဲ့တည်ငွေတောင်ပြည်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း