ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်း

2019-08-09edit Ye Naung


လူမျိုးတိုင်းက ကိုယ့်ရိုးရာအနုပညာနဲ့ လက်မှုပညာတွေကို တန်ဖိုးထား ကြတာပဲ။ ဂုဏ်ယူကြတာပဲ။ ဒါပေမဲ့ တန်ဖိုးထားဂုဏ်ယူသလိုအသိ ဉာဏ်နဲ့ယှဉ်ခဲ့ရင် ထိန်းသိမ်း ရကောင်းမှန်းလည်း သိပြီပေါ့။ အစုအပြုံလိုက် ထုတ်လုပ်မှုတွေနေရာယူလာတဲ့ နည်း ပညာခေတ် ကမ္ဘာမှာ လက်မှုပညာ လုပ်ငန်းတွေ ဆက်ရပ်တည်ဖို့ခက်ခဲလာတာလည်း ဖြစ်တတ်တဲ့ ဓမ္မတာပဲလို့ မြင်လို့ရပါတယ်။ဥပမာပြောရရင် မြန်မာမှုမှာ တကယ့်ကို အနုထည်ပညာလို့ဆိုနိုင်တဲ့ ယွန်းထည်လုပ်ငန်းတွေဆိုရင် ဆက်ရပ်တည်ဖို့ ခက်ခဲ လာနေတာကို တွေ့ရမယ်။

အခြားခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မြန်မာ့ရိုးရာလက်မှုပညာတွေ၊အနုသုခုမပညာတွေလည်း အများကြီးပါပဲ။ ရိုးရာဆိုင်းဝိုင်း ၊အငြိမ့်၊ ဇာတ်သဘင်တွေလိုအနုသုခုမတွေတင်မဟုတ်ပါဘူး။ ပုသိမ်ထီးလိုမျိုးလက်မှုလုပ်ငန်းတွေကိုလည်း ရိုးရာအမွေအနှစ်အနေနဲ့ လေ့လာထိန်းသိမ်းမှုတွေ လုပ်ဆောင်သင့်ပါတယ်။

ယဉ်ကျေးမှုနဲ့ လက်မှုပညာအကြောင်းပြောရင် ကိုယ်ကရှေးကျတယ်၊ စောတယ်ဆိုတာမျိုး ဖြစ်ချင်ကြတာဓမ္မတာပါပဲ။ ကိုယ့်ရဲ့ယဉ်ကျေးမှုက စောလေ၊ ရှေးကျလေ ကိုယ့်ရေမြေမှာ ယဉ်ကျေးမှုထွန်းကားတာ ပိုရှေးကျလေပဲ မဟုတ်လား။ ဒါပေမဲ့ သမိုင်းဆိုတာ အထောက်အ ထားနဲ့သွားတာဖြစ်ပြီး မျိုးချစ်စိတ်နဲ့ရေးသားမှတ်တမ်း တင်ရတာမျိုး မဟုတ်လေတော့ ကိုယ့်ရဲ့ရိုးရာလက်မှုပညာသမိုင်းကို အရှိအတိုင်းပဲ လက်ခံရပါလိမ့်မယ်။

ပုသိမ်မှာလုပ်တဲ့ထီးဆိုတော့ ပုသိမ်ထီးပေါ့ဗျာ။ ပြောရမယ်ဆိုရင် လက်မှုပညာ ထုတ်ကုန် တစ်ခုနဲ့ ကိုယ့်မြို့လေးရဲ့အမည်တွဲပြီး ကျော်ကြားတာ ဂုဏ်ယူစရာပါပဲ။တချိန်မှာ ဂုဏ် ယူလောက် တဲ့လက်မှုပညာကို ပုသိမ်မြို့အရောက်သယ်ဆောင်ပေးခဲ့သူက ဦးရွှေစာဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါ ။ လွန်ခဲ့တဲ့နှစ်ပေါင်း၁၃၀ကျော်အချိန်က ကုန်းဘောင်နောက်ဆုံး မင်းဆက် သီပေါမင်းကို ထီးပညာရှင်အနေနဲ့ ဦးရွှေစာက ခစားခဲ့တယ်။နန်းတွင်းပညာရှင် တယောက်ပေါ့ဗျာ။

အဲဒီအချိန်တုန်းက ထီးကိုအဝတ်နဲ့ပြုလုပ်ခဲ့ကြပြီး အထူးတလည်ဒီဇိုင်းနဲ့ တော်ဝင်မိသား စုတွေ၊အခွင့်ထူးခံလူတချို့ကပဲသုံးခဲ့ကြတယ်။ အများပြည်သူသုံးတဲ့ အနေအထားမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဧည့်သည်ကြိုဆိုတာတွေ၊ အခမ်းအနားပြင်ဆင်တာတွေမှာ ထီးက အဆောင်အယောင်သင်္ကေတတစ်ခုဖြစ်ခဲ့တယ်။ မြန်မာ ရှေးဘုရင်ခေတ်က ထီးတောင်မှ အဆင့်အတန်းခွဲခြားသုံးခဲ့တာပဲလို့တော့ ကောက်ချက်ချ မစောစေလိုပါဘူး။

ခေတ်က ပဒေသရာဇ်ခေတ်ကိုးဗျ။ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံ ကိုကြည့် ပါ။ ၁၆၈၇-၈၈ ခုနှစ်မှာ ထိုင်းနိုင်ငံကို အထူးသံတမန် အနေနဲ့ရောက်ခဲ့တဲ့ ပြင်သစ်Simon de la Loubèreက “ထိုင်း ဘုရင့်နိုင်ငံအကြောင်း သမိုင်း ဆိုင်ရာဖော်ပြချက်အသစ်”အမည်နဲ့ စာအုပ်ရေးထုတ် ခဲ့ပြီး ၁၈၉၃ခုနှစ် မှာ အင်္ဂလိပ်ဘာသာကို ပြန်ဆို ခဲ့တယ်။ အဲဒီစာအုပ်မှာ သူ့ကိုယ်တွေ့ အတွေ့အကြုံတွေ ကိုဖော်ပြခဲ့ပြီးထိုင်းဘုရင်နဲ့ပတ် သက်ရာပတ် သက်ကြောင်းတွေပဲ ထီးကိုအဆောင် အယောင်အနေနဲ့ သုံးခွင့်ပေးထား တယ်လို့ ဆိုထားပါတယ်။

ပထမဆုံးထီးအရောင်းဆိုင်

ပထမဆုံးထီးအရောင်းဆိုင်နာမည်က ဂျိမ်းစမစ်နဲ့သားများပါတဲ့။အဲဒီဆိုင် ကို ၁၈၃၀ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ အမှတ် ၅၃ နယူးအောက်စ်ဖို့စ်လမ်း၊ လန်ဒန်၊ အင်္ဂလန်ဆိုပြီး တည်ရှိနေတုန်းပါပဲတဲ့။ ဒီနေရာမှာ မြန်မာတွေလည်း မခေဘူးဆိုတာ မပြော ဘဲကိုမနေနိုင်ပါ ဘူး။ သူလည်း ဂျိမ်းစမစ်နဲ့သားများ၊ကိုယ်တွေပုသိမ်ထီးက လည်းရွှေစာနဲ့ သားများလို့တင်စားပြောရလောက်အောင်သားစဉ်မြေးဆက်လုပ်ကိုင်နေကြတဲ့ ရွှေစာပုသိမ်ထီးအလုပ်ရုံဆိုပြီး အခုအထိ ပုသိမ်မြို့မှာ ရှိတုန်းပါပဲ။

ပုသိမ်ထီးဆိုတာ

ယနေ့ခေတ်မှာ မြန်မာနိုင်ငံရဲ့ရိုးရာလက်မှုအမွေအနှစ်ဖြစ်တဲ့ ပုသိမ်ထီးကတော့ ဦးရွှေစာ တယောက် ၁၈၈၅ခုနှစ်မှာ ရတနာ ပုံနန်းတော်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ ရတဲ့နေရာက စတင် ပါတယ်။အရင်းလဲတော့ အဖျားထင်းဖြစ်ဆိုတဲ့ မြန်မာစကားပုံ အတိုင်း သီပေါမင်း ပါတော်မူချိန်မှာ ဦးရွှေစာတို့လို နန်းတွင်း ပညာရှင်တွေလည်း တော်ရာကို တိမ်းရှောင်ကြ ရပြီပေါ့။

ဦးရွှေစာက ကီလိုမီတာ ၇၀၀ခန့်ဝေးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပုသိမ်ကိုရောက် ခဲ့တယ်။ ဒါဟာ ထီးနဲ့ပုသိမ်ပေါင်း စပ်ပြီး ပုသိမ်ထီးဖြစ် လာမယ့် နိဒါန်းပေါ့ဗျာ။ နန်းတွင်း ပညာရှင်က ပုသိမ်ရောက်မှဟာလဝါ မုန့်ရောင်းရင်လည်း သိပ်တော့ဟန်ကျမယ် မဟုတ်ဘူး မို့လား။ ဒီတော့ သူတတ်ကျွမ်းတဲ့ ထီးလုပ်ငန်းကို ဦးရွှေစာ စားဝတ်နေရေးအတွက် စတင် လုပ်ကိုင်ခဲ့ပါတယ်။ နောင်တချိန်ပုသိမ်ထီးလို့ ကျော်ကြား လာမယ့်လက်မှုလုပ်ငန်းဟာ အခုလို အစပျိုးခဲ့တာဖြစ်ပါတယ်။

ပုသိမ်ထီးကို ဘယ်လိုလုပ်သလဲ

ပုသိမ်ထီးတလက်ပြုလုပ်ဖို့ ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့်ပြီး အဆင့်ပေါင်း ၅၆ ဆင့် ရှိတယ်လို့ သိရှိရတယ်။ အသုံးပြု တဲ့ပိတ်စအမျိုး အစားနဲ့ ဝါးနဲ့ပုံစံသွင်း တာသပ်ခပ်မှုတွေက ထီးပြုလုပ်မှုအတွက် အရေးကြီးပါတယ်။အသုံးပြုတဲ့ဝါးကိုလည်း မိုးရာသီမှာ ခုတ်ပါမှ သုံး လို့ကောင်းပါတယ်။ တရုတ်နဲ့ဂျပန်နိုင်ငံတွေ မှာလုပ်တဲ့ထီးတွေက ဝါးကိုဘယ်လို ခေတ်မီ နည်းပညာ တွေသုံးပြီး အရောင်ချွတ်သလဲ မသိပါဘူး။ ပုသိမ်ထီးပြုလုပ် သူတွေကတော့ ရှေးရိုးနည်းမှာ သဘာဝ နည်းအတိုင်း ဝါးကိုနှစ်လလောက် ရေစိမ်ထားကြတယ်လို့ ဆိုပါ တယ်။ ထီးရွက်ကပ်တဲ့ကော်ကို ရှေးရိုးနည်းမှာ ပီလောပီနံ၊တည်သီးအရည်တွေကို ကောင် ညှင်းအမှုန့်နဲ့ရောစပ်ပြီး သုံးပါတယ်။ နောက်ဆုံးအဆင့် နေလှန်းအခြောက်ခံပြီး တဲ့ထီးတွေကို အရောင် တင်ဖို့အတွက် နှမ်းဆီကို သုံးပါတယ်။ ဆေးခြယ်တဲ့အရောင်ဒီဇိုင်းတွေ က အစုံအ လင်ရှိပေမယ့် ဈေးကွက်ကိုလိုက်ပြီး ပြုလုပ်ပေးပါတယ်။

နာနိုစက္ကန့်နူန်းနဲ့ ပေါက်ကွဲပြောင်းလဲနေတဲ့ နည်းပညာခေတ်ကမ္ဘာမှာ ရှေးအစဉ်အလာ လက်မှု လုပ်ငန်းလေးတွေ ဆက်ပြီး တည်တံ့ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ နောက်တချက်ပြောရရင် အသေးစားနဲ့ အလတ်စားလုပ်ငန်းလေးတွေဖြစ်နေတာ မို့လို့လည်းတိုင်းပြည်အခြေခံလူတန်း စားတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှုမြင်ကြည့်နိုင် ပါတယ်။ ဒါကြောင့် ရိုးရာလက်မှုအမွေအနှစ်ဖြစ်တဲ့ ပုသိမ်ထီးလုပ်ငန်းကို စွမ်းနိုင်သမျှ စောင့်ရှောက်လက်ဆင့်ကမ်းနိုင်ကြပါစေလို့ပဲ ဆန္ဒပြုရင်း နိဂုံးချုပ်ဖော်ပြလိုက်ရပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း