စီးမယ်၊ လျှောက်မယ်

2020-01-16edit MyoMinThu

လူ့ဘဝက တိုတိုလေး။ ကွေးသောလက်မဆန့်ခင် ဆုံးပါးသွားနိုင်သလို ဆန့်သောလက်မကွေးမိ ဘဝတစ်ပါးကို
ကူးပြောင်းသွားနိုင်တယ်။ကျွန်တော်ကတော့ လူဖြစ်တုန်း တော်တော်များများကို လုပ်တတ်ချင်တယ်။ ဘာမှမလုပ်တတ်ဘဲ သေသွားရင် နှမြောစရာကြီးလေနော်။ အဲ့တော့ ညောင်ရွှေရောက်တုန်း မြင်းသေချာစီးတတ်အောင်သင်ဦးမှလို့ စိတ်ဆုံးဖြတ်မိတယ်။ စက်ပစ္စည်းအကူအညီတွေ မပေါ်ခင်က လူတွေ တနေရာကနေ တနေရာသွားဖို့ မြင်းကို အဓိကသုံးကြတယ်။ 

မြင်းနဲ့သွားလို့နေရာထိ မြင်းနဲ့သွားတယ်။ မြင်းဝင်လို့မရတဲ့ နေရာရောက်ရင် စိတ်ချရတဲ့နေရာမှာ သစ်ပင်နဲ့ မြင်းနဲ့ချည်ပြီး လမ်းဆင်းလျှောက်ကြတယ်။ လုပ်ငန်းဆောင်တာပြီးရင်နေရာကိုပြန်လျှောက်လာပြီး မြင်းပြန်စီး ကြပေါ့။ အဲလိုနဲ့ ခရီးသွားလာကြတယ်။

မြင်းတွေဟာ ရှေးခေတ်လူသားတွေအတွက် စီးနင်းစရာတစ်ခုထက် အဓိပ္ပာယ်ပိုပြီး သမိုင်းတွေထဲမှာလည်း ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။ နိုင်ငံခြားမှာဆို မြင်းကိုတော်ဝင်ဆန်တဲ့ တိရစ္ဆာန်အဖြစ် နိုင်ငံ့အခမ်းအနားတွေမှာ မြင်းတွေသုံးတဲ့အထိ အရေးပေးခဲ့ကြတယ်။ ရန်ကုန် မြင်းစီးကလပ်မှာ ကျွန်တော် ပထမဆုံးအကြိမ်စီးကတည်းက မြင်းစီးတဲ့အရသာကို နှစ်သက်ခဲ့တယ်။

အခု ညောင်ရွှေရောက်ပြန်တော့လည်း နယ်ခံတွေကြားမှာ "မြင်းစီးကွင်း" လို့ နာမည်ကျော်တဲ့ “Inlay Horse Club” ကို ဝင်ဖြစ်အောင်ကိုဝင်ခဲ့ပါတယ်။

မြင်းစီးကွင်းဆိုပြီး ဆိုင်ကယ်ပဲဖြစ်ဖြစ် ၊ သုံးဘီးပဲဖြစ်ဖြစ် ငှားလိုက်တာနဲ့ သိပြီးသား။ ညောင်ရွှေ မြို့ထဲကနေဆို ၁၅မိနစ်လောက်တော့မောင်းရတယ်။ ရောက်တော့ သာမန် မြင်းစီးကွင်းတကွင်းထက်ပိုတဲ့ ပုံစံလေးတွေ့ရတယ်။ တရက်တာ အပန်းဖြေလို့ရတဲ့ resort လေးလိုလို ဘာလိုလိုနဲ့။(တည်းလို့တော့မရဘူးလို့ ပြောတယ်နော်)ဟီးဟီး
တော်ကြာ ဒီ review ဖတ်ပြီး အထုတ်အပိုးတွေနဲ့ရောက်သွားလို့ ကိုကြီးရေအေးနဲ့ အစ်မကူးကူးတို့ ဇနီးမောင်နှံက မေတ္တာပို့နေဦးမယ်။ 
ကဲ.. အဲ့ဒါနဲ့ ရောက်ရောက်ချင်း နာမည်ကျော်နဂါးမောက် ဒိန်ချဉ်ကို တစ်ခွက်မှာသောက်လိုက်တယ်။ နဂါးမောက် ဒိန်ချဉ်ကို အဲ့မြင်းစီးကွင်းရောက်ပြီးမှ မမြည်းစမ်းခဲ့ရဘူးဆို နှမြောစရာကောင်းတယ်လေနော်။
ကျွန်တော် ရွေးထားတဲ့ Tour Package လေးက "စီးမယ်၊ လျှောက်မယ်" တဲ့ ။ မနက် ခုနှစ်နာရီလောက် အဲ့ကနေ ထွက်ရတယ်။


မနက်ဘက်ကို နေ့လည်စာစားမယ့် ရွာအထိ မြင်းစီးသွားရတယ်။ တကယ်လို့ သင်က မြင်းစီးတဲ့ အတွေ့အကြုံမရှိ ရင် လည်း အဆင်ပြေပါတယ်။ မထွက်ခင်ကို မြင်းနဲ့ ရင်းနှီးမှုရအောင် မြင်းစီးကွင်းထဲမှာ စီးခိုင်းတယ်။ ငါးမိနစ်၊ ဆယ်မိနစ်လောက်ဆို ဘယ်လို စီးရမလဲသိသွားရော။



"မြင်းဘယ်လိုစီးရမလဲ"

အရေးကြီးဆုံးက မြင်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ စိုးမိုးထားဖို့လိုတယ်လို့ မြင်းထိန်း Trainer တွေကပြောတယ်။ မြင်းရဲ့ သဘောသဘာဝက လူတွေနဲ့အနီးကပ်နေတဲ့ ခွေးတို့ ကြောင်တို့နဲ့ ကွဲပြားတယ်။


မြင်းပေါ်ရောက်ရင် ကိုယ်စီးတဲ့ မြင်းကို သိပ်အလိုလိုက်လို့မရဘူး။ လမ်းမှာ တွေ့တဲ့ မြက်တွေကို မစားအောင် ဇက်ကြိုးကို တင်းတင်းဆွဲပြီးသတိပေးရတယ်၊ မဟုတ်ရင် အဲ့ကောင်တွေက အကျင့်ပျက်ပြီး မြင်းစောင်းမှာ ဝနေအောင်ကျွေးထားတဲ့ ကောက်ရိုးတွေ၊ မြက်တွေကိုမစားတော့တဲ့အပြင် လမ်းသွားရင်လည်း ကောင်းကောင်း မသွားတော့ဘူးတဲ့။အဲ့တော့ ကိုယ့်အနားမှာလာချွဲတဲ့ခွေးလေးကို ထိန်းရတာနဲ့မတူဘဲ မြင်းစီးတာဟာသခင်ဆိုတဲ့ စိတ်နဲ့ မြင်းကို စိုးမိုးဖို့လိုပါတယ်။ (ဒါကတော့ ကျွန်တော်တစ်ယောက်တည်းရဲ့ ကိုယ်ပိုင်အမြင်ပါ)

“ခရီးစဉ်”


အဲ့ဒါနဲ့ ကောင်းကောင်းမွန်မွန် မြင်းစီးကွင်းထဲမှာ စီးနိုင်ပြီဆိုရင် အပြင်ကိုသွားပြီခင်ဗျာ။ မြင်းထိန်းတွေက ဂရုတစိုက်နဲ့ ထိန်းကျောင်းပေးတော့ စိတ်ပူစရာမရှိပါဘူး။ ကောင်းဘွိုင်ဦးထုပ်ကို ခေါင်းမှာဆောင်းပြီး ညောင်ရွှေရဲ့ တောင်တန်းတွေကြားမှာ မြင်းစီးရတဲ့ အရသာက ဘာနဲ့မှလဲလို့မရဘူး။ ကိုယ့်ကိုယ်ကို ၁၉ရာစု လောက်က ကောင်းဘွိုင်လိုလို ဘာလိုလိုနဲ့။ အဟေးဟေး။ အဲ့မှာ စီးဖူးတဲ့လူတွေသိတယ်။

စီးနေရင်းနဲ့ ကျောက်လမ်းကနေ မြေနီဘက်အကူးမှာ ရှုခင်းတွေက စပြီးလှပလာတယ်။ အမြင့်ပိုင်းတောင်အကွေ ့တွေမှာဆိုရင် အင်းလေးကန်ကြီးကို တမေ့တမောတွေ့ရတတ်တယ်။ ကျွန်တော် စိတ်လေးဟာ လမ်းတလျှောက်ရှုခင်းလေးတွေကြည့်ပြီး တော်တော်လေး ရွှင်မြူးလာတယ်။

တောင်တန်းတွေက ဖြတ်လာတဲ့ လေနုအေးရဲ့ အရသာကို ခံစားရတယ်။ နေလည်း သိပ်မပူသေးတာ ပါမယ်။ လမ်းနံဘေးမှာ တောပန်းလေးတွေ အစီအရီနဲ့ ။ ဓာတ်ပုံတွေပဲ ကြည့်တော့ဗျာ။

Outdoor မြင်းစီးတာနဲ့ Indoor မြင်းစီးတာ ဘာကွာလဲဆိုတာ ကျွန်တော် သိလာတယ်။ ဪ...ဒါကြောင့်လည်း ကျွန်တော် "အင်းလေး မြင်းစီးကွင်းဟာ တစ်ခေါက်ရောက်ပြီး ထပ်ရောက်ချင်တာကိုး" လို့ တွေးမိသေးတယ်။

တောက်လျှောက် မြင်းစီးပြီးတော့ View Point ကိုရောက်တယ်။ View point ရောက်တော့ ရှုခင်းလေးကြည့် အမောဖြေပေါ့။ View point ကလည်း ဓါတ်ဖမ်းလို့ကောင်းမှကောင်း

အဲ့Packages မှာ ဓါတ်ဆရာကလည်း ပါပြီးသား။ ရိုက်ချင်တဲ့ပုံလေးတွေ ၊ ideaလန်းလန်းလေးတွေတွေးသွား။ နမူနာပုံလေးတွေစုသွား။ဓာတ်ဆရာက အဆင်ပြေအောင်လုပ်ပေးလိမ့်မယ်။ (ကိုကြီးရေအေးရေ..ကျွန်တော်ပြောလိုက်ပြီ၊ အဆင်ပြေအောင်သာလုပ်ပေးလိုက်တော့)



အဲ...View Pointမှာ နားပြီးတော့ နေ့လည် ထမင်းစားမယ့်အိမ်လေးဆီကို လမ်းလျှောက်သွားကြတယ်။ အိမ်လေး က နှစ်ထပ်အိမ်လေးဗျ။ ချစ်စရာလေး။ အောက်ထပ်မှာ ဆေးရွက်ကြီး လိပ်တဲ့လုပ်ငန်းလေး လုပ်ကြတယ်။

အောက်ထပ်မှာဆို ဆေးရွက်ကြီးအနံ့က မွှေးနေတာပဲ။ထမင်းစားတဲ့ နေရာက အပေါ်ထပ်မှာ။
ရှမ်းလေသံဝဲဝဲလေးတွေနဲ့ ကြိုဆိုကြတယ်။ ဧည့်ဝတ်လည်းကျေကြတယ်။ နွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ ချစ်စရာ့ရိုးရာအိမ်ကလေးပေါ့။

ထမင်းပူပူနွေးနွေး၊ဟင်းက ပူပူနွေးနွေးနဲ့ မနက်ကတည်းက မြင်းစီးလိုက်၊ လမ်းလျှောက်လိုက်လုပ်လို့ ပင်ပန်းသမျှ ကို နေ့လည်စာနဲ့ ချွေးသိပ်ရတာပဲ။ သိပ်မစားဘူး။ လိုက်ပွဲကို နှစ်ခေါက်လောက် ထပ်မှာရ တယ်။ ဟီးဟီး ………


စုစုပေါင်းသုံးပန်းကန်ပေါ့။



ပြီးတော့ ခြေလက်ဆေး၊ ခါးကျောဆန့်ပြီး ထမင်းလုံး ခဏစီလို့ရတယ်။ မြန်မာ့ရိုးရာဆေးပေါ့လိပ်တွေကိုမြည်းစမ်း ချင်ရင် အောက်ထပ်မှာ လိပ်ပြီးသားလေးတွေရှိတယ်။ ကျွန်တော်တော့ အပျင်းပြေဖွာရအောင် ဆေးပေါ့လိပ် တစ်လိပ် တောင်းခဲ့တယ်။


အပြန်လမ်းကတော့ ရွာလမ်းတွေ၊ တောလမ်းလေးတွေကို ဖြတ်သန်းပြီး လမ်းလျှောက်ရတယ်။


ငှက်ကလေးတွေအသံတွေ၊ သစ်ပင်ပေါ်မှာ ကျွန်တော်တို့ကို ပြူးတူးကြောင်တောင်မျက်နှာနဲ့ကြည့်နေတဲ့ ရှဉ့်တွေ ဟာ လမ်းလျှောက်နေတုန်း မောပန်းမှုကို မေ့ပျောက်စေလိမ့်မယ်။ ကျွန်တော်သွားခဲ့တာ နိုဝင်ဘာဝန်းကျင်
ဆိုတော့ တောပန်းလေးတွေ ဖွေးနေတာပဲ။ အဝါရောင်ပန်းတွေများတယ်။ နှစ်နာရီခွဲလောက် Trekking လျှောက် အပြီးမှာ မြင်းစီးကွင်းကိုပြန်ရောက်တယ်။ အမောဖြေပြီး နဂါးမောက်ဒိန်ချဉ်လေး ပြန်သောက်ပေါ့။

တကယ်လို့ Inlay Horse Riding Club ရဲ့ Tour Package လေးတွေကို စိတ်ဝင်စားလို့ ဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ်က - 09250952955 ဖြစ်ပါတယ်။
Pre-Wedding ရိုက်ချင်တဲ့စုံတွဲတွေအတွက်လည်း အဆင်ပြေအောင် ညှိနှိုင်းပြီး ဆောင်ရွက်ပေးတယ်လို့ သိရပါ တယ်ဗျ။

ညောင်ရွှေကိုရောက်ရင် မြင်းစီးဖြစ်အောင်စီးပါ။ မစီးတတ်ရင် သင်ပါ။ အတွေ့အကြုံယူပါ။ ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပဲ၊ ကြောက်လို့ပဲဖြစ်ဖြစ်၊ မကြုံလို့ဘဲဖြစ်ဖြစ် မလုပ်ဖူးတာတွေအများကြီးနဲ့ သေမသွားပါစေနဲ့။
လူ့ဘဝကို ခဏရောက်တုန်း မြင်းမစီးတတ်ပဲ သေသွားခဲ့ရင် နှမြောဖို့ကောင်းပါတယ် ခင်ဗျ။
အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


စီးမယ်၊ လျှောက်မယ်
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း