ရှမ်းပြည်နယ် တောင်ပိုင်းသို့ တကိုယ်တော်ခရီးသွားခြင်း

2019-05-17edit Htoo

Southern-Shan-State တကိုယ်တော် ခရီးသွားခြင်းဆိုတာ ပြောလိုက်ရင်သာလွယ်တာ ခံရတဲ့ဒုက္ခကို သွားဖူးတဲ့သူပဲ သိတယ်။ သွားဖူးတဲ့သူတိုင်းကလည်း အဲဒီဒုက္ခကို ကြိုက်နေကြပြန်ရော ... လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ကိုယ်စိတ်ထင်ရာ သွားလို့ရတယ်။ လမ်းမှာ တွေ့တဲ့သူနဲ့ မိတ်ဆွေဖွဲ့လို့ ရတယ်။ အေးအေးဆေးဆေး သဘာဝကို ခံစားလို့ရတယ်။ တစ်ယောက်တည်းဆိုတော့ ဘယ်နေရာသွားသွား လွတ်လပ်ပြီး အချိန်ကန့်သတ်ချက်နဲ့သွားနေရတာမျိုး မဟုတ်ဘဲ အေးဆေးတယ်။ကိုယ်ဟာ အဲဒီ ဒုက္ခတွေကို ကြိုက်သူပါ။ လွယ်အိတ်လေးတစ်လုံး ကောက်လွယ်ပြီး အိမ်က ထွက်ခဲ့ရုံဘဲ။ ဒီခရီးမှာ ကျွန်တော့်အတွက် အချိန်ကလည်း သိပ်မရတော့ သွားရင်းနဲ့ skip လုပ်လိုက်ရတဲ့ အရာတွေ အများကြီးပါ။ ကိုယ်ဟာ ဘယ်နေရာရောက်ရောက် ပျော်နေတတ်သူပီပီ အေးဆေးဘဲလို့ မှတ်ယူထားတယ်။ ကိုယ့်စိတ်ထဲမှာတော့ တစ်ခုဘဲ လမ်းဆုံးရင် ရွာရောက်လိမ့်မယ်၊ ငါ ဗမာစကားတတ်တာပဲ အေးဆေးပေါ့။ မသိရင် ဆိုင်ကယ်လေးထိုးရပ်ပြီး မေးလိုက်ရုံဘဲလို့ မှတ်ယူပြီး ဘာကိုမှ အကြောက်အလန့်မရှိ ဖြစ်ချင်ရာဖြစ်ဆိုပြီး သွားခဲ့တဲ့ ခရီးလေးပါ။ NO PLAN IS THE BEST PLAN EVER! ပုံမှန်ဆို ဘယ်နေရာသွားရင် ဘာရှိသလဲဆိုပြီး အမြဲဖတ်တတ်တဲ့ ကျွန်တော် ဒီတစ်ခေါက် ဘာကိုမှ သေချာ ဖတ်မသွားဖြစ်ခဲ့ဘူး၊ သွားမယ်၊ မသွားဘူး လွန်ဆွဲနေတာကို တော်တော် ကြာခဲ့တာကိုး ... ဒါပေမဲ့လည်း ဘာမှ မစီစဉ်ဘဲ ရောက်ရာပေါက်ရာ သွားခဲ့လို့ ဒီခရီးစဉ်က ကျွန်တော့်ကို သင်ပေးလိုက်တာတွေမှ အများကြီးပါ။

DAY1

ရန်ကုန်ကနေ ထုံးစံအတိုင်း ဗုဒ္ဓဟူးနေ့ (၂၃.၁၁.၂၀၁၆) ညနေ ၄နာရီခွဲမှာ အောင်မင်္ဂလာအဝေးပြေးကွင်းကနေ ရွှေလွန်းပျံကားကိုစီးပြီးစထွက်ခဲ့ပါတယ်။ VIP bus ရှိပေမဲ့ စရိတ်ချွေတာချင်လို့ Normal Express ဘဲ စီးခဲ့ပါတယ်။ ဈေးကတော့ ၁၁၅၀၀ ပါ။ ကလောကို မနက် သုံးနာရီခွဲလောက်ရောက်ပါတယ်။ အဲဒီမှာ ပြဿနာ စတက်တာပဲ ... တစ်ယောက်တည်းမို့လို့ Hotel booking ကြိုမတင်ထားမိခဲ့ဘူး။ backpacker တို့ ထုံးစံအတိုင်း ကျွန်တော်က Bed & Breakfast တို့၊ Dormitory type တို့ပဲ တည်းချင်ပေမဲ့ ကလောက Hostel တော်တော်များများက Dormitory ကို Local ပေးမတည်းဘူးတဲ့။ အဲမှာ စတာဘဲ မနက် သုံးနာရီခွဲကြီး အသေချမ်းနေတဲ့အချိန် Hotel တစ်ခုပြီး တစ်ခု လိုက်မေးရပါတော့တယ်။ နောက်ဆုံးတော့ ကားဂိတ်နားကဘဲ Pine Land Inn ကတော့ အခန်းရှိတယ်လို့ ပြောပါတယ်။ အခုအချိန်က စဝင်ရင်တော့ ၁၅၀၀၀ လို့ ပြောတော့ မထူးတော့မယ့် အတူတူ ယူလိုက်ပါတယ် ... တစ်ရက်ဘဲပေါ့။ အခန်းက နှစ်ယောက်လောက်နေလို့ရပေမဲ့ သိပ်ပြီးတော့ မသန့်ရှင်းပါဘူး၊ တည်းခိုခန်းသာသာပါ။ ဒါပေမဲ့ အိပ်ဖို့လောက်ဘဲဆို more than enough ဖြစ်ပြီး ကိုယ်ကလည်း အိပ်ဖို့လောက်ဆိုတော့ အေးဆေးပေါ့။ အဲမှာ အခန်းရတာနှင့် ခဏအိပ်ပါတယ်။ မနက်ကို ၇နာရီလောက် ပြန်ထပြီး ဆိုင်ကယ် ငှားဖို့ လိုက်စုံစမ်းပါတယ်။ နောက်နေ့သွားမယ့် trekking guide ကိုလည်း ကိုယ်ရောက်နေပြီ ဖြစ်ကြောင်း အကြောင်းကြားရင်းပေါ့ ... ဆိုင်ကယ်ကတော့ trekking guide ဦးရဲ အဆက်အသွယ်နဲ့ ရသွားပါတယ်။ ကလောမှာ ထူးခြားတာက motorbikes rental service မရှိတာပါ။ အရင်ကရှိတယ်တဲ့။ နောက်ပိုင်း ပျောက်တာများလို့ မလုပ်ကြတော့တာတဲ့။ ဈေးလည်း တခြားမြို့တွေထက် ကြီးပါတယ်။ ကျွန်တော်တောင် ဦးရဲ ကောင်းမှု အကြောင်းပြုပြီး ဆိုင်ကယ်ငှားလို့ ရခဲ့တာပါ။ လူများရင်တော့ ကားငှားတာ ပိုအဆင်ပြေပါတယ်။ ကားငှားမယ် ဆိုရင်တော့ ဟိုတယ်တွေမှာ စုံစမ်းလို့ရပါတယ်။ ၅၀၀၀၀ လောက်ပဲ ပေးရတယ်ပြောတယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်း သွားချင်ရာ သွားလို့ရအောင် ဆိုင်ကယ်ရအောင် ငှားပေးဆိုပြီး ဂျီတိုက်ခဲ့တာပါ ဟီး ... ဆိုင်ကယ်ခက တစ်ရက်ကို ၁၅၀၀၀ ဖြစ်ပြီး ဓာတ်ဆီ ၂၀၀၀ ဖိုးလောက်ထည့်ထားရင် တစ်နေကုန် မောင်းလို့ရပါတယ်။ ဆိုင်ကယ်ကတော့ ကိုဇင်မင်းဦး (Ph - 09264766322, 09786158544) ဆီမှာ ငှားခဲ့တာပါ။ ကျွန်တော်ကိုတော့ ဦးရဲ ပြောပေးတော့ ငှားလိုက်တာပါ ... ကိုယ့်ဘာသာ ငှားမယ်ဆိုရင်တော့ နည်းနည်းတော့ ပြောရမယ် ထင်တယ်။ ကလောမှာက ဆိုင်ကယ်ကို အဲလို ငှားလေ့ ငှားထ မရှိလို့ပါတဲ့။ ဆိုင်ကယ်က ၉ နာရီကျော်လောက်မှာ ရပါတယ်။ ဆိုင်ကယ်ရပြီဆိုတော့ ပထမဆုံး ကလောဈေးကို အရင်သွားပါတယ်။ ကျွန်တော် ရောက်တဲ့နေ့က ကလောဈေးနေ့ဆိုတော့ ဝင်မွှေတာပေါ့။ ကလောဈေးနေ့ဆိုတော့ ကလောဈေးပတ်ဝန်းကျင်လေးဟာ အရင်ထက် ပို စည်ကားနေပါတယ်။ Southern-Shan-State ပြီးတာနဲ့ ကလောရဲ့ အထင်ကရ ရထားဘူတာကို သွားပါတယ်။ ကလောဟာ ကိုလိုနီလက်အောက်မှာ အကြာကြီး ရှိခဲ့တဲ့မြို့ဖြစ်လို့ ကိုလိုနီ အဆောက်အအုံတွေကလည်း ကလောမှာ ကြည့်သင့်တဲ့အရာတွေပါ ... ကလောဘူတာကြီးအပါအဝင်ပေါ့။ Southern-Shan-State ပြီးတာနဲ့ ကျွန်တော့် plan က အောင်ပန်း-ရွာငံဘက်ပါ၊ ကလောပတ်ဝန်းကျင်မှာ ကျွန်တော် လုံးဝမရောက်ဖူးနေတဲ့ နေရာလေးပါ ... လမ်းလည်း သိတာမဟုတ်၊ ဒါပေမဲ့ ဖြစ်ချင်ရာဖြစ် သွားခဲ့လိုက်တယ် ... အဲလိုလုပ်လိုက်တာဟာ ဒီခရီးမှာ အတန်ဆုံး အရာတစ်ခုလို့ မြင်မိပါတယ်။ စထွက်တော့ အဝေးပြေးလမ်းမကြီးတည့်တည့် အောင်ပန်းဘက်ကို ထွက်ခဲ့ပါတယ်။ ဗိုက်ဆာရင်တော့ အောင်ပန်းဘက်မှာ စားလို့ရပါတယ်။ ကျွန်တော်ကတော့ လွယ်အိတ်ထဲမှာ မုန့်နဲ့ရေဘူး အအေးတွေထည့်သွားပါတယ်။ ဗိုက်ဆာရင် ဆိုင်ကယ်ရပ်ပြီး ရှုခင်းလေးကြည့် ရင်း စားလိုက်ရုံပေါ့ ... ရွာငံဘက်မှာ ကြည့်သင့်တာက ယူကလစ် သစ်ပင်တန်း - သူကတော့ ရွာငံဝင်ပြီဆိုတာနဲ့ စတွေ့ရမှာပါ၊ တော်တော်များပါတယ်။ အရိပ်လည်းရပြီး လမ်းရဲ့တစ်ဖက် တစ်ချက်မှာ ပင်စည်ရှည်ရှည်ကြီးတွေနှင့် အပင်တန်းတွေပါ။ ရွာငံလမ်းတလျှောက် အများကြီးတွေ့ရလို့ ရွာငံရဲ့ သင်္ကေတများလားတောင် ထင်ရပါတယ်။ Southern-Shan-State ရေပြာအိုင် - အဲဒီရေအိုင်လေးမှာ ရေက ကြည်နေတာပဲ အောက်အထိမြင်နေရပေမဲ့ ဘယ်လောက်နက်လဲ ဆိုတာ မသိကြဘူး။ Southern-Shan-State တောကျယ်ရေတံခွန် - ရေပြာအိုင်နှင့် မလှမ်းမကမ်းမှာပါ ရေတံခွန်ရဲ့ ပုံစံက တော်တော်လှပါတယ် ကျွန်တော်အကြိုက်ဆုံး ရွာငံရဲ့ နေရာတစ်ခုပါ။ အဲဒီနေရာတွေကတော့ လူတိုင်းသွားနိုင်တဲ့ နေရာတွေပါ ကျန်တာကတော့ ရွာငံမှာပေါတာက ရေတံခွန်တွေပါ လမ်းမသိတာရယ် ညွှန်ပေးမယ့်သူ မရှိတာရယ် ကြောင့် မသွားခဲ့ရဘူး နောက်တစ်ခေါက်ပေါ့ဗျာ။ Southern-Shan-State မိန်းမရဲ သခင်မတောင် - ဒဏ္ဏာရီထဲက နေရာပီပီ တည်ရှိနေပုံကလည်း ဒဏ္ဏာရီ ဆန်လှပါတယ်။ တောင်စောင်းမှာ တည်ထားတဲ့ ဘုရားတွေရယ် တောင်ရဲ့ တည်ရှိနေပုံက တော်တော်ပနံသင့်လှပါတယ်။ နေထွက်ချိန် နေဝင်ချိန် ကြည့်လိုက်ရရင်တော့ ရှယ်ဘဲပေါ့ဗျာ။ မြင်းမူကုန်း - အဲဒီနေရာလေးကတော့ မှတ်မှတ်ရရပဲ လိုက်ရှာရင်းနဲ့တွေ့ပြီးမှ မဟုတ်လောက်ဘူးဆိုပြီး ပြန်လှည့်ခဲ့တာ။ တကယ်တော့ ကိုယ်ရောက်ခဲ့တဲ့ နေရာက အဲနေရာ ဖြစ်နေတယ်။ အဲဒီနေရာလေးမှာ နေထွက်ချိန် ဒါမှမဟုတ် နေဝင်ချိန် ကြည့်ချင်ခဲ့တာ။ ခရီးတစ်ခုလုံးမှာ မလုပ်ခဲ့ရလို့ နောင်တအရဆုံး နေရာလေး နေရာကတော့ အောင်ပန်း - ရွာငံ သွားတဲ့ လမ်းပေါ်မှာဘဲ ကားနဲ့ ရွာငံဘက်သွားမယ်ဆိုရင် အဲနေရာလေးကို ရပ်ဖြစ်အောင် ရပ်ခိုင်းပါ။ ဓာတ်ပုံတွေထဲမှာ မြင်နေကျ ဖျာခင်းထားသလိုမျိုး အကွက်တွေနဲ့ သာယာလှတဲ့နေရာက အဲဒီ မြင်းမူကုန်းလေးပါ။ ပြီးတာနဲ့ ကျွန်တော် ကလောဘက်ကို ပြန်မောင်းခဲ့ပြီး sightseeing အနေနဲ့ ဗျိုက်တောင်ဘက်ကို ဆက်မောင်းပါတယ်။ အဲဒီကမှ မြင်းမထိဂူဘက်ပေါ့။ အချိန်ရရင်တော့ kalaw view point ကို သွားသင့်ပါတယ်။ ကျွန်တော်ကတော့ နားချင်နေပြီမို့ နှီးဘုရားကိုပဲဖူးပြီး ဟိုတယ်ပြန်ပြီးတော့ ဦးရဲတို့နဲ့ Everest Ngapali Restaurant မှာ ညစာ သွားစား (တကယ်တော့ ဦးရဲအတွက် သူများက ရှင်းပေး သွားတော့ ကိုယ်တွေက ဖလာဝင်ကြိတ်သလို ဖြစ်သွားတယ် ဟီး) ပြီးတော့ နောက်နေ့ trekking အတွက် စောစော အိပ်ရာဝင်ခဲ့တယ်။

Day2

အဲဒီနေ့ကတော့ Trekking First Day ပေါ့ ။ Southern-Shan-State တိမ်တောင် - ကိုယ်တွေက ခရီးထွက်ရင် Sunrise လေးတော့ ကြည့်လိုက်ရမှ အာသာပြေသူမို့ မနက်ကို ၅ နာရီခွဲလောက်ထပါတယ်။ ပြီးတာနဲ့ winner hotel ရှေ့က တိမ်တောင် ပရိယတ္တိ စာသင်တိုက် မုတ်ဦးကနေ ရှေးဟောင်း လှေကားတည့်တည့်ကို ဆယ်မိနစ်လောက်တက်လိုက်တာနှင့် ကလောမြို့တစ်မြို့လုံး view နဲ့  နေထွက်တာကို တစ်ပြိုင်နက် ခံစားရမှာပါ တော်တော်လှပါတယ်။ ကလောရောက်ရင် သွားကိုသွားကြည့် သင့်တဲ့နေရာတစ်ခုပါ။ ပြီးတော့ ကလောဈေးထဲသွား မနက်စာကို ရှမ်းခေါက်ဆွဲလေးစား Trekking အတွက် ကားလာခေါ်တာကို ထိုင်စောင့်ပေါ့။ Trekkingနဲ့ပတ်သက်တာကိုတော့ အကျယ်တဝင့် ထပ်မရေးတော့ပါဘူး။

Day3

Southern-Shan-State အဲဒီနေ့ကတော့ မနက်စောစောထ trekking လျှောက်ပြီး တစ်ညနားတဲ့ ရွာမှာ breakfast မစားခင် sightseeing ပေါ့။ breakfast လည်းစားပြီးရော အင်းလေးကို ဆက်သွားဖို့ ကားလာခေါ်ပါတယ်။ မိနစ်သုံးဆယ်လောက် ရွာကနေ သွားပြီးတော့ အင်းတိမ်ကို မနက် ၉ နာရီခွဲလောက်ရောက်ပါတယ်။ Southern-Shan-State အင်းတိမ် - အင်းတိမ်မှာ ရှေးဟောင်းဘုရားတွေ လျှောက်ကြည့်၊ ကျွန်တော်လုပ်ချင်တဲ့အတိုင်း ရှမ်းအဝတ်အစားလဲပြီး အင်းလေးထဲ လျှောက်ကြည့်ဖို့ စီစဉ်တာပေါ့။အင်းတိမ်က ရှေးဟောင်း ဘုရားတွေကိုတော့ တတ်နိုင်သမျှ ဒီအတိုင်း ထားစေချင်ပါတယ်။ ရွှေမချစေချင်ဘူး။တခြားနည်းနဲ့ ထိန်းသိမ်းစေချင်ပါတယ်။ ကောင်းတာလုပ်တယ်လို့ ယူဆပြီး ပြုပြင်နေကြပေမဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးပစ်နေသလိုပါပဲ။ Southern-Shan-State အင်းလေးထဲမှာတော့ များများစားစား လျှောက်မကြည့်ခဲ့ပါဘူး။ အလုပ်ရုံတွေ တော်တော်များများက ရောက်ဖူးပြီးသား ဖြစ်နေလို့ ကျော်သင့်တာတွေ ကျော်ပါတယ်။ အင်းတိမ်ဘက်ကနေ အင်းလေးကန်ထဲဘက်ကို ပြန်အထွက် ရောက်ရောက်ချင်း အလုပ်ရုံတစ်ခု ဝင်ကြည့်ပါတယ်။ ပြီးတာနဲ့ အလိုတော်ပေါက် ဘုရားရှေ့မှာ ထမင်းစားပါတယ်။ ကျန်တာတွေထဲမှာ ကြည့်ခဲ့တာကတော့ - အလိုတော်ပေါက်ဘုရား - ဘုရားက လေးဖက်လေးမျက်နှာမှာ ဘုရားတစ်ပါးစီရှိပြီး သပ္ပါယ်တဲ့ဘုရားပါ။ ဒါပေမဲ့ ဝမ်းနည်းစရာက အရင်တစ်ခေါက် ကျွန်တော်သွားတုန်းက ရှေးဟောင်းလက်ရာတွေ မတွေ့ရတော့ဘဲ ဘုန်းကြီး ကျောင်းဆောင် အသစ်ကြီးတွေ ဖြစ်နေတာပါပဲ။ Southern-Shan-State Inle Heritage - သူကတော့ အင်းလေးအမွေအနှစ်တွေကို ထိန်းသိမ်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ သူ့ရဲ့လက်အောက်မှာ ရှိ တာတွေကတော့ အဘွားလက်ရာစားသောက်ဆိုင်၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း သင်တန်း၊ အင်းလေးရိုးရာ အစားအသောက်များကို သင်ယူခြင်းသင်တန်း၊ Burmese Cat village၊ အင်းသား အမွေအနှစ်အိမ်၊ အင်းလေးရေနေသဘာဝ၊ Inle Heritage Stilt Houses (ဟိုတယ်လိုမျိုးလို့တော့ ပြောပါတယ်) တွေပါ။ ကျန်တာတွေလည်း ရှိပါသေးတယ်။ Southern-Shan-State Burmese Cat Village - သူကတော့ Inle Heritage ရဲ့ အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ထဲက တစ်ခုပါ။ သူ့ဆီမှာရှိတဲ့ ကြောင်မျိုးစိတ်ဟာ ရှားပါး မြန်မာကြောင် မျိုးစိတ်ပါ။ အမျိုးမနှောထားတဲ့ မြန်မာကြောင် စစ်စစ် တွေပါ။ လူတွေရဲ့ ဂုတ်ပေါ်မှာနေရတာကို သဘောကျကြပါတယ်။ ၄၈ ကောင်တည်းသာရှိတဲ့ မျိုးစိတ်တစ်ခုပါ Burmese Cat Village ကတော့ အချိန်နဲ့ ဖွင့်ပါတယ်။ ဖွင့်ချိန်တွေက ၁၀:၃၀၊ ၁၁:၃၀၊ ၁၂:၃၀၊ ၁:၃၀၊ ၂:၃၀၊ ၃:၃၀ပါ မိနစ်သုံးဆယ်ဖွင့်ပြီးတိုင်း မိနစ်သုံးဆယ် ပြန်ပိတ်ပါတယ်။ Southern-Shan-State သူ့အနောက်မှာတော့ အင်းလေး ငါးပြတိုက်ဆိုတာ ရှိပါသေးတယ်။ ပြီးတာနဲ့ အင်းလေးရောက်တိုင်း ဝင်နေကျ ဖောင်တော်ဦးဘုရားကို ဝင်ပါတယ်။Southern-Shan-State မိုင်းသောက်တံတား - အဲနေရာကတော့ အင်းလေးထဲက ဦးပိန်တံတားလို့ နာမည်ကြီးတဲ့နေရာလေးပါ။ တံတားလေးပေါ် ဖြတ်လျှောက် ရင်း နေဝင်ချိန်ကို ခံစားလို့ရပါတယ်။ အဲဒါပြီးတော့ ညောင်ရွှေပြန်ပြီးနားပါတယ်။ အဲဒီမှာ ကံဆိုးတာက ညောင်ရွှေမှာ ကျွန်တော် ဟိုတယ် မရပါဘူး။ ကံကောင်းချင်တော့ ကျွန်တော်တို့ trekking လျှောက်တဲ့အထဲက အဖွဲ့တစ်ဖွဲ့က သူတို့ သုံးယောက်ဘဲ ရှိတယ်။ ဒါပေမဲ့ လေးယောက်အခန်း booking တင်ထားတယ်။ အစ်ကိုလိုက်ခဲ့ပါလားဆိုတော့ ရေငတ်တုန်းရေတွင်းထဲ ကျသလိုပါဘဲ။ ဟိုတယ်ခက USD 40 ဆိုတော့ တစ်ယောက် USD 10 စီကျပါတယ်။ ပြီးတော့သူတို့နောက်နေ့ လုပ်မယ့် activities တွေကလည်း ကိုယ်နဲ့ထပ်တူနီးပါးတူနေတယ်ဆိုတော့ အကြိုတ်ပေါ့။ Southern-Shan-State တည်းခဲ့တာကတော့ မနောသုခ ဟိုတယ်ပါ။ စက်လှေဆိပ်ကနေ လမ်းလျှောက်ရင် မိနစ် နှစ်ဆယ်လောက် လျှောက်ရပါတယ်။ ဟိုတယ်ရောက်တော့ ရေချိုးအဝတ်အစားလဲပြီး ညစာစားဖို့ ညောင်ရွှေထဲ စက်ဘီးလေးနဲ့  ပတ်ခဲ့ပါတယ်။ စက်ဘီးငှားခက တစ်စီး တစ်ထောင်ပါ။ ဟိုတယ်မှာပဲ ငှားလို့ရပါတယ်။ ညောင်ရွှေမှာထူးခြားတာက လျှောက်သွားနေတဲ့သူ တော်တော်များများ ကြည့်လိုက်တိုင်း foreigners တွေချည်းပဲ။ဒီကလူတွေက အင်းလေးကန်ပဲ စိတ်ဝင်စားလို့ အဲဒီကိုဘဲ day trip သွားပြီး ပြန်ကြတာများလို့ပါ။ ညစာစားပြီးတော့ ညောင်ရွှေမြို့ထဲ ညဖက် စက်ဘီးပတ်စီး ပြီတော့ ဟိုတယ် ပြန်ပြီး နားခဲ့ကြပါတယ်။

DAY 4

ဒီနေ့ကတော့ ရထားစီးမယ့်နေ့ပေါ့။ မနက်စောစောထ ရေချိုး ပြီးတာနဲ့ မနက်စာကို မြန်မြန်စားပြီး ညောင်ရွှေကနေ ရွှေညောင်ကို Tuk Tuk နဲ့ ကူးခဲ့ပါတယ်။ ရထားချိန်အမီပေါ့။ လမ်းမှာ ဝင်ကြည့်ချင် တာလေးလည်း ဝင်ကြည့်လို့ရအောင်ပေါ့။ Tuk Tuk ခ ကတော့ ညောင်ရွှေကနေ ရွှေညောင်အထိ တစ်သောင်းပါ။ ညောင်ရွှေမှာ ကြည့်ချင်တာတွေရှိသေးပေမယ့် အချိန်မရလို့ မကြည့်ခဲ့ရပါဘူး။ လမ်းမှာတော့ ရွှေရန်ပြေ ဘုန်းကြီးကျောင်းကို ဝင်လေ့လာခဲ့ပါတယ်။ Southern-Shan-State ရွှေရန်ပြေဘုန်းကြီးကျောင်း - ညောင်ရွှေကနေ ရွှေညောင်သွားတဲ့ လမ်းပေါ်မှာရှိပါတယ်။ သစ်သား ကျောင်းဆောင်ကြီးဖြစ်ပြီး ၁၉ ရာစုက တည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ရေနံချေးဝနေတဲ့ ကျွန်းသစ် ကျောင်းဆောင်ကြီး၊ ဘဲဥပုံ ပြတင်းပေါက်တွေနဲ့ နံဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းထဲက အုတ်ခွက်ဘုရားတွေကို လေ့လာလို့ရပါတယ်။ Southern-Shan-State ရွှေညောင်ရောက်တော့ ရထားဘူတာကို တန်းသွားပါတယ်။ ရထားက ၈:၃၀မှာ ထွက်ပါတယ်။ ကျွန်တော်တို့ကတော့ ရွှေညောင်ကနေ ကလော ရထားလက်မှတ်ကို ဝယ်ခဲ့ပါတယ်။ လက်မှတ်တစ်စောင်ကို ၁၂၀၀ ကျပ်ပါ။ ရထားစီးရတာကတော့ ကျေနပ်ဖို့ အကောင်းဆုံးပါ။ နံဘေးက ရှုခင်းကြည့်လို့ရတယ်။ ရထားလမ်းဘေးက ရွာသူရွာသားတွေရဲ့ ဘဝကိုလည်း လေ့လာလို့ရပါတယ်။ Highlight ကတော့ ဘဝသံသရာ တံတားကို ဖြတ်တဲ့ အချိန်ပါ။ တံတားနှစ်စင်း အပေါ်နဲ့ အောက်ဖြတ်တဲ့အချိန်က တော်တော်လှပါတယ်။ အောက်က ရထားလမ်းကနေ အပေါ်က ဘဝသံသရာ တံတားကို လှမ်းကြည့်လို့ရတယ်။ အပေါ်က ဘဝသံသရာရထားလမ်းကနေ အောက်က ရထားလမ်းအသေးလေးကိုလည်း လှမ်းမြင်ရပါတယ်။ ၁၂ နာရီလောက်မှာ ကလောဘူတာကို ရထားဆိုက်ပါတယ်။ ကလောပြန်ရောက်တာနဲ့ ဘူတာကနေ ဈေးအထိကို ဟိုကြည့် ဒီကြည့်နှင့် လမ်းလျှောက်ကြပြန်ပါတယ်။ ဈေးနားရောက်တော့ နေ့လည်စာစားပြီး ဈေးပတ်ကြပါတယ်။ ကလောအပြန်လက်ဆောင် ဝယ်တာပေါ့။ ပြီးတော့ ကလော မြို့လယ်ခေါင်က အောင်ချမ်းသာဘုရားမှာ နေ့လည်နေ့ခင်း နားရင်း ညနေစောင်းအထိသွားထိုင်ပါတယ်။ ဘုရားက ကလောဈေး နံဘေးမှာပါဘဲ။ မှန်စီရွှေချထားတဲ့ ဘုရားပါ။ ညနေကျတော့ sunset ကြည့်ချင်ရင် view point သွားလို့ရပေမယ့် ဒီအတိုင်းပဲ ကော်ဖီဆိုင်ဘဲ ထိုင်မယ်လေ ဆိုပြီး လေးယောက်သား Everest Nepali Restaurant မှာပဲ သွားထိုင်ရင်း ရန်ကုန်ပြန်မယ့်ကားကို စောင့်ရင်း အချိန်ဖြုန်းခဲ့ပါတယ်။ ညနေ ၈ နာရီလောက်ကျတော့ အလာတုန်းကအတိုင်း ရွှေလွန်းပျံကားနဲ့ပဲ ရန်ကုန်ကို ပြန်ခဲ့ပါတယ်။ နောက်နေ့ ရောက်ရောက်ချင်းက Monday ဆိုတော့ Duty ပြန်ဆင်းရမယ်လေ။ အဲဒီတော့ Monday Blue နဲ့ပေါ့။ စားသောက်ဆိုင်နဲ့ Hotel အကြောင်းကတော့ ကျွန်တော်က Budget & Backpack Traveler မို့လို့ မရေးပေးတော့ပါဘူး။ အစားအသောက်နဲ့ Hotel ကတော့ ဘယ်လိုနေချင်သလဲ၊ ဘယ်လိုစားချင်သလဲဆိုတာ ကိုယ့်ဒေါသနဲ့ကိုယ်မို့ပါ။ စုစုပေါင်း ခရီးတခုလုံးစာကတော့ ကျွန်တော် ၁၅၀၀၀၀ သုံးခဲ့ပါတယ်။ ကျွန်တော် အသုံးစရိတ်တချို့ကိုတော့ အပေါ်မှာ အလျဉ်းသင့်သလို ရေးပေးထားပါတယ်။ နောက်ဆုံးကတော့ မှာနေကြအတိုင်း မြန်မာပြည်ရဲ့ အလှတရားတွေကို ဝိုင်းဝန်း ထိန်းသိမ်းပေးဖို့ပါဘဲ။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရှမ်းပြည်နယ် တောင်ပိုင်းသို့ တကိုယ်တော်ခရီးသွားခြင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း