မြတ်စွာဘုရား၏ဆံတော်ဖြင့်ဌာပနာတည်ထားသည့်ဆူးလေဘုရား

2020-07-18edit MingalaGO

Sule pagoda ဆူးလေစေတီတော်က မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ စေတီပုထိုးတွေအတွင်းမှာ တစ်ဆူအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုဖြစ်တဲ့ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းတို့ဆုံရာ လမ်းဆုံမှာတည်ရှိပါတယ်။ ရှေးယခင်က ဆူးလေစေတီတော်ကို ကျိုက်အသုတ်စေတီတော်လို့ ခေါ်ဆိုခဲ့ကြပါတယ်။ မြို့လယ်ခေါင်ဖြစ်တဲ့အတွက် အနီးပတ်ဝန်းကျင်မှာ ဗဟိုတရားရုံးချုပ်၊ မြို့တော်ခန်းမ နဲ့ အခြားကိုလိုနီခေတ်ကအဆောက်အဦးများကို မြင်တွေ့နိုင်ပါတယ်။ ဒီဧရိယာမှာပဲ ကိုလိုနီခေတ်ကလက်ကျန် ရှေးဟောင်းအဆောက်အဦးတွေကို မြင်တွေ့ရနိုင်တာကြောင့် နိုင်ငံခြားသားဧည့်သည်တွေ လာရောက်လည်ပတ်ကြတာကို မြင်တေ့ွရမှာပါ။ တချို့ travel agent တွေ organization တွေကလည်း walking tours တွေကိုစီစဉ်ပေးပါတယ်။

Sule pagoda ဆူးလေစေတီတော်က ရန်ကုန်မြို့၏သမိုင်းဝင်အမွေအနှစ်များစာရင်းမှာ ပါဝင်ပြီး ဂေါတမမြတ်စွာဘုရားရဲ့ဆံတော်နဲ့ ဌာပနာတည်ထားတယ်လို့ ယုံကြည်ကြပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ဝန်းကျင် မြတ်စွာဘုရားသက်တော်ရှိစဉ်အခါကတည်းက တည်ထားခဲ့တာပါ။ ဆူးလေစေတီတော်ရဲ့ဘုရားသမိုင်းအရ ဆူးလေနတ်ကြီး၏နာမည်ကို အစွဲပြုပြီး ခေါ်တွင်ခဲ့တယ်လို့ ဆိုကြပြီး ဆူးလေစေတီတော်ရဲ့နာမည်ဖြစ်ပေါ်လာပုံကို သမိုင်းမှာအမျိုးမျိုးရှင်းပြထားကြပါတယ်။ ၁၉၈၈ခုနှစ် အရေးခင်း နဲ့ ၂၀၀၇ ရွှေဝါရောင်အရေးခင်းတို့မှာ ဆူးလေစေတီတော်ဟာ ဆန္ဒပြသူတို့ စုဝေးရာအရပ်ဖြစ်ခဲ့ပါတယ်။

ဆူးလေစေတီတော်၏တည်ဆောက်ပုံ

Sule Pagoda ဆူးလေဘုရားရဲ့ပုံသဏ္ဌာန်မှာတမူထူးခြားပါတယ်။ ဉာဏ်တော် ၁၅၇ပေမြင့်ပြီး မွန်လက်ရာဖြင့် အဋ္ဌဂံပုံစံတည်ထားပါတယ်။ ဆူးလေစေတီကိုစတည်တဲ့အချိန်မှာ သေးငယ်ပေမယ့် ဘုရင်မရှင်စောပု ( ၁၄၅၃-၁၄၇၂ ) လက်ထက်မှာတော့ ယခုလက်ရှိအနေအထားဖြစ်အောင် တိုးချဲ့ပြင်ဆင်ခဲ့ပါတယ်။ ဆူးလေစေတီတော်အတွင်းကိုဝင်ရောက်ရန် ဝင်ပေါက်မုဒ်ဝလေးခုရှိပါတယ်။ အရှေ့ အနောက် တောင် မြောက် မုဒ်ဝလေးခုနှင့် ပင်မစေတီတော်ကို ပြသာဒ်များဖြင့် ဆက်သွယ်ထားပါတယ်။ စေတီတော်ကို ဗုဒ္ဓရုပ်ပွားတော်များ၊ ကြေးခေါင်းလောင်းများနဲ့ ဝန်းရံထားတာကိုမြင်တွေ့ရမှာပါ။ နေ့နံအလိုက် ဗုဒ္ဓရုပ်ပွားတော်များကိုလည်းတွေ့မြင်ရပါတယ် ( ဗုဒ္ဓဟူးနေ့ကို မနက်နဲ့ညခွဲသဖြင့် ရာဟုထပ်တိုးပါတယ် )။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများက မိမိတို့မွေးဖွားတဲ့နေ့နံက ဗုဒ္ဓရုပ်ပွားတော်များကို ဆီမီး၊ရေချမ်း၊သစ်သီးနဲ့ ရွှေသင်္ဃန်းများ ကပ်လှူပူဇော်တတ်ကြပါတယ်။ စေတီရင်ပြင်ပေါ်မှာ အလှူခံမဏ္ဌာပ်များနဲ့ အလှူငွေထည့်ရန် မှန်ပုံးများကို မြင်တွေ့ရမှာပါ။ လှူဒါန်းရန် ကြေးခေါင်းလောင်းများမှာလည်း ပုံသဏ္ဌာန်အရွယ်အစား ၁၀ မျိုးရှိပြီး အလှူရှင်၏နာမည်၊ လှူဒါန်းမည့်ရက်စွဲအတိအကျဖြင့် လှူဒါန်းနိုင်ပါတယ်။ စေတီတော်ရဲ့အပြင်ဘက်မှာတော့ ဆိုင်ငယ်လေးတွေရှိပြီး ဗေဒင် လက္ခဏာဟောခန်းများကိုလည်း မြင်တွေ့နိုင်ပါတယ်။

ဆူးလေစေတီတော်သမိုင်း

Sule Pagoda (Source: Wikimedia)

ဆူးလေစေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အသုတ်စေတီတော်ဟုလည်း ခေါ်ဆိုကြပြီး မြတ်စွာဘုရား၏ဆံတော်ဖြင့်ဌာပနာထားသည့်ဘုရား ဟုအဓိပ္ပာယ်ရပါတယ်။ သမိုင်းအဆိုများအရ ယခုဘုရားတည်ထားတဲ့နေရာမှာ ယခင်က ဆူးလေနတ်ကြီးနေခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ကျော် မဟာသက္ကရာဇ်(၁၀၃)ခုတွင် တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီးထံ ယူဆောင်လာပြီး ဥက္ကလာပမင်းကြီးက သိကြားမင်း၏အကူအညီဖြင့် ဆူးလေစေတီတော်တည်မည့်နေရာကို ရှာဖွေခဲ့ပါတယ်။ အခြားသောဘုရားရှင်သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာနေရာမှာ ဆံတော်များကိုဌာပနာပြီးဆူးလေစေတီတော်ကိုတည်ခဲ့ပါတယ်။ ဘန်ဂယ်လူမျိုးအင်ဂျင်နီယာ Lt.Alexander Fraser က ဆူးလေစေတီတော်ကို ရန်ကုန်မြို့လယ်ခေါင်တွင်တည်ရှိအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉ရာစုအလယ်ပိုင်းလောက်မှာ Lt.Alexander Fraser က ယခုလက်ရှိရန်ကုန်မြို့ရှိလမ်းများဖွဲ့စည်းပုံကို ဖန်တီးခဲ့ပြီး ဆူးလေစေတီတော်၏ အနေအထားကျနမှု၊ ဘာသာရေးအရေးပါမှု၊ အနုပညာအရည်အသွေးရှုချင်စဖွယ် ဖြစ်မှုတို့ကြောင့် ဆူးလေစေတီတော်ရဲ့တည်နေရာကို ရန်ကုန်မြို့လယ်ခေါင်မှာပဲ ထားခဲ့ပါတယ်။ ထို့အပြင် ဆူးလေ ဟာ မြန်မာစကား စုဝေး နဲ့ဆင်တယ်လို့လဲ ပြောကြပါတယ်။ မြို့ထဲမှာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ဆူးလေစေတီတော်ကို မြန်မာလူမျိုးများသာမက နိုင်ငံခြားသားဧည့်သည်များကလည်း သတိမထားမိကြပါဘူး။

ဆူးလေစေတီတော်၏တည်နေရာ

Sule pagoda (Source: HAI YANG)
ဆူးလေစေတီတော်ရဲ့တည်နေရာကတော့ ရန်ကုန်မြို့အလယ်ဗဟိုအချက်အချာကျတဲ့နေရာဖြစ်ပြီး ကိုလိုနီခေတ်အဆောက်အဦးတွေအများဆုံး မြင်ရနိုင်တဲ့ ပန်းဆိုးတန်းအနီးမှာတည်ရှိပါတယ်။ ရန်ကုန်မြို့ထဲကိုအလည်အပတ်သွားတဲ့အခါ အကောင်းဆုံးစုဝေးရာအရပ်ဖြစ်ပါတယ်။ ဆူးလေစေတီတော်ကို ပင်မလမ်းမကြီး ၄ခုကနေလည်းကောင်း၊ ဂုံးကျော်တံတားနှစ်ခုဖြစ်တဲ့ မင်္ဂလာတံတားနဲ့မဂ္ဂင်တံတားတို့ကနေလည်းကောင်း အလွယ်တကူရောက်ရှိနိုင်ပါတယ်။

ဆူးလေစေတီတော်ရဲ့မြောက်ဘက်မုဒ်ကို ၁၉၈၂ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ ဆောင်းတန်းကနေ လှေကားထစ်တွေအတိုင်းတက်သွားရင် အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ရုပ်ပွားတော်မြတ်ကို မြောက်ဘက်ဘုရားရှိခိုးကန်တော့ရာနေရာမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ညောင်ပင်ကြီး၊ မြတ်စွာဘုရားခြေတော်ရာ၊ အတုလာမာန်အောင်ဘုရား နှင့် ဆူးလေဘိုးဘိုးကြီးနတ်နန်းတို့ကို မြင်တွေ့ရမှာပါ။


အရှေ့ဘက်မုဒ်ကိုတော့ ၁၉၄၈ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မဟာဗန္ဓုလလမ်းကနေဝင်ရောက်နိုင်ပါတယ်။ အရှေ့ဘက်ဘုရားကန်တော့ရာနေရာမှာတော့ ကကုသန်မြတ်စွာဘုရားရုပ်ပွားတော်တည်ရှိပြီး ကျက်သရေဆောင်ခန်းမလည်းတည်ရှိပါတယ်။ ကျက်သရေဆောင်ခန်းမမှာ တကောင်းခေတ်မှစပြီး ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့တဲ့ ပန်းပုအောက်ခံများကိုပြသထားပါတယ်။

တောင်ဘက်မုဒ်ကိုတော့ ၁၉၄၉ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဆူးလေဘုရားလမ်းကနေဝင်ရောက်နိုင်ပါတယ်။ ကောဏဂုဏ်မြတ်စွာဘုရား၏ရုပ်ပွားတော်တည်ရှိပြီး ပြတိုက်နှင့် ပြခန်းတစ်ခုလည်း ရှိပါတယ်။ ပြတိုက်မှာတော့ သစ်သား၊ကြေး၊ကြေးဝါ၊ကျောက်များဖြင့် ထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်များကိုပြသထားပါတယ်။ ပြခန်းက ပြတိုက်ရဲ့ဘေးဘက်မှာပဲတည်ရှိပြီး ပန်းချီကားများ၊ ဓာတ်ပုံများ ကိုခင်းကျင်းပြသထားပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ပန်းချီကားများမှာ နီပေါ၊ ဂျပန်၊ ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ စရိလကာၤ၊ အာဖကန်နစ်စတန် နှင့် ကိုရီးယားနိုင်ငံ အသီးသီးမှ ဖြစ်ပါတယ်။

အနောက်ဘက်မုဒ်ကိုတော့ ၁၉၄၁ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး မဟာဗန္ဓုလလမ်းကနေဝင်ရောက်နိုင်ပါတယ်။ ကဿပမြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရုပ်ပွားတော်တည်ရှိပြီး အနီးမှာ အဘိဓမ္မာသင်တန်းပေးသော အဖွဲ့အစည်းရှိပါတယ်။ အဘိဓမ္မာသင်တန်းကိုတက်ရောက်အောင်မြင်ပါက ဘွဲ့လက်မှတ်သာမကပဲ ဆုကြေးငွေများကိုလည်းရရှိနိုင်ပါတယ်။ လှိုဏ်ဂူပုံစံတည်ဆောက်ထားသော စေတီငယ်များလဲရှိပြီး တရားထိုင်နိုင်ပါတယ်။

ဘယ်လိုသွားကြမလဲ

ဆူးလေစေတီတော်က ရန်ကုန်မြို့ရဲ့တောင်ဘက်အရပ်မှာရှိပြီး မြို့ရဲ့အလယ်ဗဟိုလို့လည်းဆိုနိုင်ပါတယ်။ Downtown area မှာနေတဲ့သူဆိုရင်တော့ ကျောက်တံတားမြို့နယ်ရဲ့ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းတို့ဆုံရာ လမ်းဆုံလမ်းခွအလယ်မှာရှိနေတဲ့ ဆူးလေစေတီတော်ကို လွဲမှာမဟုတ်ပါဘူး။

ဝင်ကြေးနဲ့ ဖွင့်ချိန်များ

ဆူးလေစေတီတော်ကိုနေ့စဉ် မနက်၄နာရီကနေ ည၁၀နာရီထိ ဖွင့်ပါတယ်။ ဝင်ကြေးကတော့ တစ်ဦးကို ၃၀၀၀ ကျပ်ကျသင့်ပါတယ်။ ဘုရားဖူးလာသူများ ဖိနပ်အပ်ဖို့ ဖိနပ်စင်တွေထားတဲ့နေရာလည်းရှိပါတယ်။ ဖိနပ်အပ်တဲ့နေရာမှာ စေတနာရှိသလောက်လှူဒါန်းနိုင်အောင် အလှူခံပုံးတစ်ခုရှိပြီး ဖိနပ်များကိုသိမ်းဆည်းပေးတဲ့သူတစ်ဦး ရှိနေမှာပါ။ Guide လိုချင်သူများအတွက်လည်းငှားနိုင်ပြီး ဘုရားသမိုင်းနဲ့ ဗုဒ္ဓဘာသာတို့ရဲ့အယူဝါဒ၊ ရိုးရာဓလေ့များကိုရှင်းပြပေးမှာပါ။ Guide fee ကတော့ ကိုယ့်အတွက်အဆင်ပြေသလိုဈေးစစ်နိုင်ပါတယ်။


အနီးပတ်ဝန်းကျင်မှလည်ပတ်ရန်နေရာများ

Sule Pagoda Sule Pagoda ဆူးလေစေတီတော်အနီးပတ်ဝန်းကျင်မှာဆိုရင် လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ မဟာဗန္ဓုလပန်းခြံထဲကလွတ်လပ်ရေးကျောက်တိုင်၊ Immanuel ဘုရားကျောင်း၊ ဗလီများ၊ အံ့သြဖွယ်ဗိသုကာပညာများနှင့် မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ဗဟိုတရားရုံးချုပ်၊ Strand Hotel အစရှိတဲ့ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးများစွာကို သွားရောက်လေ့လာနိုင်ပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြတ်စွာဘုရား၏ဆံတော်ဖြင့်ဌာပနာတည်ထားသည့်ဆူးလေဘုရား
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း