ဆေးတံခဲတဲ့ဘီလူးဆီ အလည်တခေါက်
2020-04-23edit Ye NaungPhoto by - Aung Khant
ဒဏ္ဍာရီလာဇာတ်ကောင်တွေအများကြီးရှိတဲ့အထဲမှာ ခေါင်းဆယ်လုံးရှိတဲ့ ဒဿဂီရိကို မြန်မာပြည်မှာ လူသိများ ပါတယ်။ သူကို့ဇာတ်ပွဲတွေမှာတွေ့ဖူးတယ်။ ဝတ္ထုတွေထဲမှာ ဖတ်ဖူးခဲ့တာပေါ့။ ဒါပေမဲ့လူကြီးတယောက် တရှိုက် မက်မက်သောက်ဖွာနေတဲ့ဆေးတံမှာ မြင်ရလိမ့်မယ်လို့ ကျနော် မတွေးမိခဲ့ဖူးပါဘူး။
သူ့နာမည်က ဦးမန်းငွေဝင်း။ အသက် ၇၀ကျော်လို့ သိရပါတယ်။ အနုပညာလက်ရာမြောက် ဖန်တီးထားတဲ့သူ့ ဆေးတံမှာ ခေါင်းဆယ်လုံးရှိတဲ့ဒဿဂီရိက အခိုးအငွေ့တွေကြားမှာ အသက်ဝင်နေသယောင် ထင်မှတ်မှားစရာ ပါပဲ။ တကယ်တော့ ဦးမန်းငွေဝင်းက ဆေးတံပြုလုပ်တဲ့လက်မှုပညာကို အဘိုးဦးညွှန်ဆီကနေ အမွေခံရရှိခဲ့တာ ဖြစ်ပါတယ်။ ဦးညွှန်ဆိုတာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဆေးတံပြုလုပ်တဲ့လက်မှုပညာကို စွန့်ဦးတီထွင် စတင်လုပ်ကိုင်ခဲ့သူပါ။ဦးညွှန်က တောထဲတောင်ထဲလှည့်လည်သွားလာပြီး ကုန်ကြမ်းရှာဖွေခဲ့သလို ကျွဲချိုကနေ တောင် ဆေးတံဖြစ်အောင် လက်စွမ်းပြခဲ့သူပါ။ ဒါကြောင့် သူ့ရဲ့လက်မှုပညာအစွမ်းက ဘီလူးကျွန်းပြင်ပအထိ သတင်းမွှေးခဲ့တာပေါ့။ ဦးမန်းငွေဝင်းရဲ့ပြောပြချက်အရ သူ့အဘိုးက ဘီလူးကျွန်းကို ထင်ပေါ်လူသိများလာ အောင် ဆေးတံလက်မှုပညာလုပ်ငန်းနဲ့ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
Photo by - Aung Khant
မြန်မာနိုင်ငံရဲ့ဆေးတံလုပ်ငန်းသမိုင်းမှာ ဘီလူးကျွန်း၊ချောင်းဆုံ၊ ရွာလွတ်ဆိုတာ အင်မတန်ကျော်ကြားခဲ့တဲ့နေ ရာတစ်ခုပါပဲ။ အရည်အသွေးကောင်းတဲ့ “ရွာလွတ်တွင်ပြုလုပ်သည်”ဆိုတဲ့ဆေးတံတွေက ပြည်တွင်းသာမက ပြည်ပကိုပါ တင်ပို့ရောင်းချခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ၉၀ပြည့်နှစ်နှောင်းပိုင်းတွေမှာ လုပ်ငန်းကျ ဆင်းခဲ့ပြီး ဒေသခံလက်မှုပညာရှင်အရေအတွက် နည်းပါးသွားခဲ့တယ်။ ပညာအမွေလက်ဆင်ကမ်းခံမယ့် ပညာ သင်တပည့်မရှိဘဲ လူငယ်အများစုကလည်း အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်သွားခဲ့ကြပါတယ်။
Photo by - Aung Khant
ဘီးလူကျွန်း၊ချောင်းဆုံ၊ရွာလွတ်ထက်ပိုပြီး ရှေးကျတဲ့ ဆေးတံပြုလုပ်တဲ့လက်မှုပညာသမိုင်း မြန်မာနိုင်ငံမှာရှိခဲ့ ပါတယ်။ ရှေးခေတ်က မြန်မာနိုင်ငံအနှံအပြားမှာ မြေဆေးတံတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တဲ့ သမိုင်းမှတ်တမ်း တွေရှိခဲ့ပေမယ့် အထောက်အထားအနေနဲ့ပြသစရာ ဆေးတံမီးဖုတ်တဲ့ ရှေးခေတ်ဟောင်းက မီးဖိုကြီးတွေကို အခု မတွေ့ရတော့ပါဘူး။ အထောက်အထားပြုစရာဆိုလို့ အင်းဝမြို့နားက တံတားဦးမြို့မှာ ဆေးအိုးဖိုဘုရားလို့ ရပ်ရွာက ခေါ်ကြတဲ့ စေတီတဆူရှိပါတယ်။ အဲဒီဘုရားပြုပြင်တုန်းက စေတီထဲမှာ ရှေးခေတ်မြေဆေးတံတွေ အများအပြားတွေ့ရှိခဲ့ရတဲ့ မှတ်တမ်းရှိပါတယ်။
Photo by - Aung Khant
ဒါက ရုပ်ပိုင်းဆိုင်ရာအထောက်အထားအရပြောဆိုမှုပါ။ စာပေအထောက်အထားအရ ပြောရမယ်ဆိုရင် မယ်ခွေ ( မြန်မာသက္ကရာဇ် ၁၁၅၀-၁၂၁၀)က သူ့ရဲ့ဆေးတံတိုဒွေးချိုးမှာ ကိုယ့်အပေါ် မေတ္တာရှိသူက ပေးလာတဲ့ ဆေး တံကို သောက်ရကောင်းနိုးနိုး၊ မသောက်ရကောင်းနိုးနိုးဖြစ်ပုံကို ရေးဖွဲ့ထားတာတွေ့ရပါတယ်။ ဒီကဗျာက အနု ပညာရသကဲပြီး တသီးပုဂ္ဂလဆန်တာကြောင့် အဲဒီခေတ်ရဲ့လူတန်းစားအသွင်တွေနဲ့အခြားအချက်တွေကို ခြေရာခံဖို့ မလွယ်ဘူးထင်ပါတယ်။ ဒီထက်စောတဲ့ ဝန်ကြီးပဒေသရာဇာ(မြန်မာ သက္ကရာဇ် ၁၀၄၉-၁၁၁၆) ရေးသားခဲ့တဲ့ လယ်သမားဖွဲ့တျာချင်း ကဗျာမှာ လယ်သမားတွေဟာ လယ်ထွန်ရင်း ဆေးတံခဲထားတတ် တဲ့ဓလေ့ရှိပုံကို ရေးစပ်ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ရှေးခေတ်ကတည်းက မြန်မာတို့ရဲ့ ဆေးတံ တနည်းအားဖြင့် ဒန်တိုလို့လည်း ခေါ်ကြတဲ့ ဆေးတံက ခပ်စောစောခေတ်ကတည်းက ရှိနေခဲ့ပြီဆိုတာ ငြင်းမရနိုင်တဲ့အချက်ပါပဲ။
ယနေ့ခေတ် မြန်မာ့လက်မှုပညာဆေးတံလုပ်ငန်း
Photo by - Aung Khant
တချိန်က အိမ်တိုင်းစေ့နီးနီး ကိုယ်ပိုင်ဆေးတံအလုပ်ရုံလေးတွေရှိခဲ့တဲ့ ရွာလွတ်မှာ အခုတော့ ဝင်ငွေနည်းပါးမှု ကြောင့် ဆေးတံလုပ်သူ အင်မတန်နည်းပါးသွားခဲ့ပါပြီ။ ဆေးတံလက်မှုပညာသည်တယောက်က တနေ့မှာ ငါးခု ပြီးအောင် ပြုလုပ်နိုင်ပြီး ရောင်းရတဲ့ငွေက ရပ်တည်ဖို့တောင်မလွယ်ကူတဲ့အခြေအနေမျိုးပါ။ ရွာလွတ်မှာတော့ ဆေးတံအစ ဦးညွှန့်ကပါပဲ။ ဒါပေမဲ့ မြေးဖြစ်သူလက်ထက်မှာ လုပ်ငန်းကဆက်ရပ်တည်ဖို့၊ မျိုးဆက်သစ်လက်မှု ပညာသည်တွေ မွေးထုတ်ဖို့ ကြီးမားတဲ့အခက်အခဲဖြစ်လာနေတာကြောင့် ဦးမန်းငွေဝင်းသည်ပင် တွေးမိရင် အိပ်မပျော်တဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
Photo by - Aung Khant
တကယ်တော့ မြန်မာ့လက်မှုပညာဆိုတာ နှစ်ပေါင်းထောင်ချီတည်ရှိခဲ့တဲ့ ရိုးရာအမွေတွေပါပဲ။ ဒါပေမဲ့ မြန်မာ့ လက်မှုပညာကဏ္ဍအပေါ်မှာ သုတေသနပြုလုပ်ရေးသားမှုက အကန့်အသတ်ရှိပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့လက်မှုပညာနောက်ခံသမိုင်းကြောင်း၊ လက်မှုပညာတစ်ခုအကြောင်းသီးသန့်လေ့လာမှု၊ နည်းစနစ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေ၊ မျိုးနွယ်စုအုပ်စုတွေနဲ့ သူတို့ရဲ့ လက်မှုပညာ စသဖြင့် လေ့လာမှုတွေကို အဓိကထားတဲ့ သုတေသီတွေရဲ့လက်ရာတွေပဲ များပါတယ်။ ပြည်တွင်းက မသိင်္ဂီ၊ သန်းထွန်း စတဲ့ပညာရှင် တွေရှိသလို နိုင်ငံခြားပညာရှင်တွေရဲ့ရေးသားချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့သုတေသန တွေက မြန်မာလက်မှုပညာရှင်တွေရဲ့အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုနဲ့ မြန်မာ့လက်မှုပညာထုတ်ကုန်တွေ အတွက် ဈေးကွက်အပေါ်မှာ သုတေသနပြုလုပ်ရေးသားချက် မရှိသလောက်ဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း ပညာ ရှင်ပီသတဲ့ ပညာရှင်တွေဖြစ်နေကြတော့ သူတို့နယ်ပယ်ကနေ ဘောင်ကျော်ပြီး မပြောချင်ကြတဲ့သဘောလည်း ရှိပါတယ်။
ဘီလူးကျွန်း၊ချောင်းဆုံ၊ရွာလွတ်ကို ဘယ်လိုသွားမလဲ
Photo by - Aung Khant
ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ မြန်မာ့လက်မှုပညာရပ်တစ်ခုတည်ရှိနေဆဲဖြစ်တဲ့ ရွာလွတ်ကို ကိုယ်တိုင် ကိုယ်ကျသွားရောက်ချင်တယ်ဆိုရင်တော့ အစောပိုင်းကာလတုန်းက မော်လမြိုင်ကနေ မြစ်ကိုဖြတ်ကူးရင် တနာရီခရီးဆို ဘီလူးကျွန်းကို ရောက်ပါပြီ။ ဒါပေမဲ့ ၂၀၁၈ခုနှစ်၊မေလ ၉ရက်နေ့မှာ မော်လမြိုင်နဲ့ ဘီလူးကျွန်းကို ဆက်သွယ်တဲ့ တံတားတည်ဆောက်လိုက်တာကြောင့် ကျွန်းပေါ်က ရွာပေါင်း ၇၈ရွာကို ကားနဲ့ တိုက်ရိုက် သွားရောက် လည်ပတ်နိုင်ပြီဖြစ်ပါတယ်။ ကျွန်းဆိုလို့ လမ်းလျှောက်မယ်၊ စက်ဘီးစီးပြီးလျှောက်ကြည့်မယ် ဆိုရင်တော့ ဧရိယာကျယ်လွန်းပြီး စင်္ကာပူကျွန်းနီးနီးကျယ်တာကြောင့် ဒေသခံလမ်းညွှန်တစ်ဦးမပါဘဲနဲ့ အဆင် ပြေမှာ မဟုတ်ပါဘူး။ လှပတဲ့သဘာဝအလှရှုခင်းတွေ၊ ဆေးတံပြုလုပ်တဲ့လက်မှု ပညာလုပ်ငန်း တွေအပြင် အခြားနာမည်ကျော် လုပ်ငန်းတစ်ခုကတော့ ကျောက်သင်ပုန်း ပြုလုပ်တဲ့လုပ်ငန်းတွေလည်း ဘီလူးကျွန်းမှာ ရှိပါတယ်။
သုံးသပ်ချက်
ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။