ချစ်ခြင်းလွှမ်းခြုံ ဆွပ်ပရာဘုံ

2020-01-27edit nyeinsuwai


မြစ်တွေကို ချစ်တယ်၊ တောင်တန်းတွေကို ချစ်တယ်၊ သစ်တောတွေကို ချစ်မယ်။ သဘာဝအလှတရားကို ခံစားမယ်။ ကိုယ့်မြေကိုယ် တိုင်းရင်းသားတွေကို မြတ်နိုးတယ်။ ဒါဆိုရင် အရောင်အသွေးစုံလှတဲ့ တိုင်းရင်းသား မျိုးနွယ်တွေကို ပိုင်ဆိုင်ထားရုံသာမက ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ နာဂစတဲ့တခြားတိုင်းရင်းသား မျိုးနွယ်စုတွေကို အတူယှဉ်တွဲတွေ့မြင်နိုင်တဲ့ မြန်မာပြည်ရဲ့အရိုင်းဆန်ဆန်လှပတဲ့သမိုင်းဒဏ္ဍရီ တွေကို ပိုင်ဆိုင်ထားတဲ့မနောမြေကို အလည်တခေါက် သွားကြရအောင်လား။

ကချင်

ကချင်ဆိုတဲ့ဝေါဟာရဟာ အမှန်စင်စစ် မြန်မာတွေခေါ်ဝေါ်တဲ့ဝေါဟာရပဲဖြစ်ပြီး ကချင်လူမျိုးတွေရဲ့ဝေါဟာရ မဟုတ်ပါဘူး။ ကချင်လူမျိုး မှာ အဓိက မျိုးနွယ်စု ၆ခု ရှိပါတယ်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူ၊ ရဝမ်နဲ့ မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်းပြီး ကချင်လူမျိုးလို့ ခေါ်ကြတာဖြစ်ပါတယ်။

ကချင်လူမျိုးတွေရဲ့သမိုင်းဟာ ဒဏ္ဍရီဆန်လှပါတယ်။ Majoi Shngra Bumလို့ ကချင်ဘာသာစကားနဲ့ခေါ်တဲ့ တောင်တစ်တောင်ကနေ ဆင်းသက်လာတယ်လို့ ကချင်ဘိုးဘွားတွေက ဆိုကြပါတယ်။ တောင်ရဲ့တည်နေရာကို အတိအကျမညွှန်းဆိုနိုင်ကြပေမယ့် အဲဒီတောင် ဟာ တိဘတ်လူမျိုးတွေနေထိုင်ရာ တောင်တွေနဲ့ မနီးမဝေးမှာရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း Ninggawn Wa Magam ဆိုတဲ့ လူသားမျိုးနွယ်ရဲ့ပထမဆုံးဖခင်က ဆင်းသက်လာတယ်လို့ ကချင်လူမျိူးတွေက ယုံကြည်ထားကြပါတယ်။ ယနေ့ခေတ်မှာတော့ ကချင် လူမျိုုးတွေဟာ ၁၅ရာစု နဲ့ ၁၆ရာစုဝန်းကျင်လောက်မှာ တိဘက်ကုန်းပြင်မြင့်ကနေ မြန်မာပြည် အထက်ပိုင်းကို ကူးပြောင်း ရောက် ရှိလာ ကြတာလို့လည်း လက်ခံထားကြပါတယ်။ တောင်ဘက်အောက်ဘက်မှာနေထိုင်ကြတဲ့ ကချင်တွေကို ဂျိန်ဖော့ (ဂျင်းဖော)လို့ ခေါ်ပြီး အထက်ဘက် (မြစ်ဖျားဘက်)မှာ နေထိုင်တဲ့ကချင်တွေကို “ ခခု ” ဟုခေါ်ဆိုကြပါတယ်။

ကချင်ကို ကမ္ဘာကသိအောင်မိတ်ဆက်ပေးခဲ့တာက ဂျိန်ဖောတွေဖြစ်ပြီး ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ကချင်ဘာသာစကားနဲ့စာပေ ဟာ လည်း ဂျိန်ဖော ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကလည်း သူတို့ဘာသာစကားမပေါ်ပေါက်ခင်အချိန်ထိ ဂျိန်ဖော စကား နဲ့စာကို အသုံးပြုခဲ့ကြတာမို့ ဂျိန်ဖောကို ကချင်လို့ အများစုကတွဲမြင်သတ်မှတ်ထားကြပြီး လူသိများခဲ့တာပဲ ဖြစ်ပါတယ်။ ဂျိန်ဖော့ (ဂျင်းဖော)လူမျိုးတို့ရဲ့ခံယူချက်အရ ဂျိန်ဖော့ဟူသော စကားအဓိပ္ပါယ်မှာ လူလို့ အဓိပါယ် ရပါတယ်။။ သူတို့ရဲ့စကားနဲ့ “မရှ” ဖြစ်ပါတယ်။ တချို့ကလည်း ဂျင်းဆိုင်၊ ဖောဆိုင်ဆိုပြီးလည်း ခေါ်ပြန်ပါသေးတယ်။ အဓိပ္ပါယ်ကတော့ အတည်တကျဖြစ်ပြီး အမြင်ကျယ် လာသည်ဟု ဆိုလိုပါတယ်။ ဒါ့ကြောင့် “ဂျိန်ဖော့ဟူသည်အတည်တကျဖြစ်ပြီး အမြင်ကျယ်လာသောလူမျိုး”လို့ အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ လက် လှမ်းမီသလောက် ရှာဖွေရေးသားထားတာမို့ အချက်အလက်ကွဲလွဲတာရှိရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား

မြန်မာနိုင်ငံမြောက်ဖျားပိုင်းနယ်နိမိတ်ဖြစ်ပြီး ခရိုင်၄ခ၊ု မြို့နယ် ၁၈ခုရှိပါတယ်။ မြစ်ကြီးနားဟာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်း က တည်ရှိခဲ့တဲ့မြို့ဖြစ်ပြီး ၁၈၉၂ ခုနှစ်မတိုင်မီက မိုးကောင်းနယ်အတွင်းတည်ရှိတဲ့ ရှမ်း-မြန်မာ ရွာကလေးတရွာပဲ ဖြစ်ခဲ့ပါတယ်။
မြစ်ကြီး(ဧရာဝတီ)အနား တည်ရှိတာကြောင့် မြစ်ကြီးနားလို့ တွင်ခဲ့တယ်လို့ဆိုပါတယ်။၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကချင်ပြည်နယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီအချိန်အခါမှစပြီး မြစ်ကြီးနားမြို့ဟာ ပြည်နယ်ရဲ့ အဓိကမြို့တော်ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်ကနေ မြစ်ကြီးနားကို သွားမယ်ဆိုရင်-
ကားနဲ့တိုက်ရိုက်သွားလို့ရပေမဲ့ မသွားဖို့ အကြံပြုပါရစေ။ Express ကားနဲ့သွားမယ်ဆို High Class၊ မန္တလာမင်း၊ ရွှေကချင် စတဲ့ ကားဂိတ်တွေမှာ ကားလက်မှတ်ဖြတ်လို့ရပါတယ်။ ဈေးက VIP 2+1 ကားလက်မှတ် ၃၅၀၀၀-၄၀၀၀၀ ကြားပါ ။ ကြာချိန် ရန်ကုန်-မြစ်ကြီးနားကို ၂၅ နာရီခန့် စီးရပါလိမ့်မယ်။ ဒါကြောင့် မန်းလေး-ရန်ကုန် ညကားစီးပြီး နေ့လည် ရထားဆက်စီးဖို့ အကြံပြုပါရစေ။ ရထားလက်မှတ်ကတော့ ၃ ရက် ကြိုဖြတ်ထားဖို့ လိုသလို ရောက်မှဝယ်တာက မသေချာလို့ပါ ။မှတ်ပုံတင် ပြဖို့လိုပါတယ်။ မန်းလေးက သူကို ကိုယ်စားသွားဝယ်ခိုင်းမယ်ဆိုရင် မှတ်ပုံတင်ကို သေချာ ဓါတ်ပုံ ရိုက်ပြီးပြဖို့ လိုပါတယ်။ ရထားနဲ့ဆို အောက်က မန်းလေး မြစ်ကြီး နားကို ဆက်ဖတ်လိုက်ပါ။ လေယာဉ်နဲ့ဆိုရင်တော့ လက်မှတ်ခ ၁သိန်း ၁သောင်းကနေ စပြီးရရှိနိုင်ပါတယ်။

မန္တလေးကနေ မြစ်ကြီးနားကို ရထားနဲ့သွားမယ်ဆိုရင်-
ရထားနဲ့သွားတာပိုအဆင်ပြေပါတယ်။ ကားပဲဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် နာရီ၂၀ ဝန်းကျင်ကြာပါတယ်။ ရထားနဲ့သွားစေချင်တာက သက် တောင့်သက်သာဖြစ်ပြီး အဆင်ပြေတာမို့ပါ။

ရထားနဲ့သွားမယ်ဆိုရင်တော့ အမြန်ရထားတွေဖြစ်တဲ့ လေအိတ်ရထား၊ အထူးအမြန်ရထားအိပ်စင်ရထား၊ မန္တလာရထား တွေနဲ့သွားလို့ရ ပါတယ်။ လက်မှတ်နှုန်းထားတွေကတော့ အမြင့်ဆုံးလေအိတ်ရထား အထက်တန်းကိုမှ မြစ်ကြီးနား-မန္တလေး ၁၈၀၀၀ ပဲရှိပါတယ်။ နေ့လည် ၁ နာရီထွက်ပြီး မြစ်ကြီးနားကို မနက် ၉ နာရီလောက် ရောက်ပါတယ်။ ရိုးရိုးတန်းက ၉ထောင်ကျော်ကျပြီး ဈေးသက်သာပေမဲ့ လူပင်ပန်းပါတယ်။ လေယာဉ်နဲ့သွားမယ်ဆိုရင် ၁နာရီဝန်းကျင်လောက်ပဲကြာပါတယ်။ လက်မှတ်ခကတော့ ရာသီချိန်ပေါ် မူတည်ပြီး ၆၀၀၀၀ ကနေ ၁ သိန်းကျော်ထိရှိပါတယ်။။ကားနဲ့ကျတော့ နည်းနည်း ပင်ပန်းသလို ကားလိုင်းတွေရဲ့ဆက်ဆံရေးက တခါတလေ ဆိုးတတ်ပါတယ်။ အချိန်တွေ၊ရက်တွေအားတယ်ဆိုရင်လည်း သင်္ဘောစီးပြီး သွားရောက်နိုင်ပါသေးတယ်။ ဧရာဝတီ မြစ်ကြောင်း တလျှောက် သဘာဝအလှခံစားပြီး ကံကောင်းရင် ဧရာဝတီလင်းပိုင်တွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။


ဘယ်မှာတည်းမလဲ

အထပ်မြင့်ကနေ ရှုခင်းတွေကြည့်လို့ ရနိုင်တဲ့Cartel Hotel ၊ နာမည်ကြီး ဈေးသင့်တဲ့ Hotel Madria ၊ Myit Sone Hotel၊Hotel Myitkyina ၊ Hotel Hukaung ဈေးကလဲ ၄သောင်း ဝန်းကျင် ဆိုတော့ ပေးပျော်ပါတယ် ဈေးသက်သာတဲ့ Hotel Malikha လည်း ရှိပါတယ်။

ဘာတွေစားမလဲ

ဈေးရှေ့မှာ စားလို့ကောင်းတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။ မြန်မာ ထမင်းဟင်းဆိုရင် ဈေးနားက လွယ်လင်၊ ကော်ရည်ခေါက်ဆွဲ၊ ဝက်သားသုပ်၊ ကြက်ဥသုပ်တွေနဲ့ နာမည်ကြီး"အန်တီ ယု "၊ ဒံပေါက်ဆို ရန်ကုန်ဒံပေါက်ဆိုင်၊ ၊ ကချင်ရိုးရာ ထမင်းနဲ့ဟင်းဆို summer house ၊၊ မနောကွင်းထဲက လုံဂါပါ စားသောက်ဆိုင်၊အောင်ကချင်၊ မလိခူး၊ ခေါပုပ်သုပ် နဲ့ ကချင်ဒံပေါက်ဆို ဆန်းဆန်းသီ ၊ ဥရောပ အစားအစာဆို သမိုင်းဝင်လီဒိုလမ်းမကြီးပေါ် က Ledo Bar၊ အကင် ဟော့ပေါ့ ဆို ရင် M2 နဲ့ နာမည်ကျော်ညဈေး ရဲ့ ကြက်ဥကဇော်ကိုလည်း သောက်ဖြစ်အောင် သောက်ခဲ့ပါလို့။


ဘယ်လို လည်မလဲ

မြစ်ကြီးနားမှာ အနီးတဝိုက် လည်ပတ်ဖို့ဆိုရင် ကားအမျိုးအစားပေါ်မူတည်ပြီး ပုံမှန် ၈ ယောက်စီး ကားဌားခ က တရက်ကို ၈သောင်း မှစ ရှိပါတယ်။ ၃ ညအိပ် ၄ ရက် အင်းတော်ကြီး ဇလုံတောင်ထိ အပြတ် ဌားမယ်ဆိုရင် ၁၀-၁၅ ယောက်စီး ကား ကို ၆ သိန်း အပြတ်မှ စရှိပါတယ်။


မြစ်ဆုံ

မြစ်မင်း ဧရာဝတီမြစ်ရဲ့စတင်မြစ်ဖျားခံရာ မေခ၊ မလိခဆုံရာဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အထင်ကရမြစ်ကြီးဖြစ်တဲ့ဧရာဝတီရဲ့ အသက် သွေးကြော မြစ်ဆုံရောက်ကို တစ် နာရီလောက်မောင်းရပါလိမ့်မယ်။မြစ်အောက်ခြေရှိ ကျောက်ခဲကလေးများကို ထွင်းဖောက် ကာ တွေ့မြင်နေရသည်အထိ ကြည် လင်အေးမြလှတဲ့ စီးနေတဲ့ရေ ၊ ပြာမှိုင်းသည့်တောင်တန်းကြီးတို့ ကြားကနေ တသွင်သွင် ကိုပဲ စီး ဆင်း၍နေတဲ့ မေခမလိခကို နောက်ခံထားလို့ ကချင် ရိုးရာ ဝတ်စုံတွေ ငှားပြီး အလှဓါတ်ပုံ ရိုက်လို့ရပါတယ်။ အိမ်အပြန် မြစ်ဆုံ ရေစပ်ကိုဆင်းပြီး မြစ်ကျောက် အလှကလေးများကို ကောက်ယူလို့ ရပါသေးတယ်။

ဝါးရုံတောရေကြည်ချောင်းနဲ့ သံယောဇဉ်ကြိုးတံတား


မြစ်ကြီးနားမြို့ကနေ မိုင် ၂၀ အကွာ မှာရှိတဲ့ မြစ်ဆုံ နဲ့ လမ်းသင့်တဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ။တောတောင် ပတ်ဝန်းကျင် အလှတွေနဲ့အပြိုင်ခေတ္တနားခိုရာ အစီအရီ အပန်းဖြေစရာ ဝါးတဲအိမ်လေးတွေကနေလည်း သဘာ၀ရဲ့အလှကို တဝကြီး ထိုင်ခံစားကြည့်လို့ ရပါတယ်။

ကမ္ဘာလုံးဘုရား

ထူးခြားတဲ့တည်ဆောက်ပုံကြောင့် မြင်နေကြဘုရားတွေနဲ့မတူ တမူထူးခြားနေပါတယ်။ မြစ်ဆုံသွားရင်းလမ်းသင့်တာမို့ ဝင်ရောက်ဖူးမြော်ခဲ့ပါလို့။

YGarden အပန်းဖြေစခန်း

မြစ်ကြီးနားမြို့ရဲ့ ၁၉မိုင်ခန့် အကွာမှာ ရှိပြီး မေခနဲ့မလိခမြစ်ဆုံမရောက်ခင် လုံဂါဇွပ်ရွာလေးမှာရှိတဲ့အပန်းဖြေစခန်းပါ။ မြစ်ဆုံသွားရင်း အပြန်ဝင်လည်ပတ်နိုင်ပါတယ်။ အပန်းဖြေရင်းနဲ့ ဓါတ်ပုံရိုက်လို့လည်း ရပါတယ်။

ဂျော်ဘွမ်တောင်

ဂျော်ဘွမ်တောင်ကို ကချင်ဘာသာစကားနဲ့ (Jaw Masat Akyu Hpi Bum)လို့ ဒေသခံတွေ ခေါ်ဆိုကြပါတယ်။ ၁၉၇၇ ခုနှစ် မတိုင်ခင် ကချင်ပြည်နယ်ရဲ့ နှစ်ခြင်းကျမ်းစာသင်ကျောင်း (နောင်နန်း) တည်ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဆုတောင်း တောင်မျှော်စင်ကို ဝါးတွေနဲ့ပဲ အဆင့်ဆင့်တည်ဆောက်ထားခဲ့ကြပေမယ့် မျက်မှောက်ကာလမှာ အမြင့်ပေ (၆၀၀ပေ) အထက် အဆင့် ၆ ဆင့်ကို(R.Cအုတ်ညှပ်) အခိုင်အမာ တည်ဆောက်ထားခဲ့ကြတာကို တွေ့မြင်နိုင်ပါတယ်။ ဆုတောင်းမျှော်စင်ကနေ ရှုမြော်ကြည့်လိုက်ရင် တောင်ခြေနံဘေးရှိ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ မြှုပ်နှံရာသင်္ချိူင်းဂူတည်ရှိရာကိုလည်း မြင်တွေ့နိုင်သည်။ တဖက်မှာတော့ ဆွေကြီး မျိုးကြီးစောဘွားတို့ရဲ့ သင်္ချိူင်းဂူတွေကို စီရီ လှပစွာ တွေမြင်နိုင်သလို ကျန်တဖက်မှာတော့ သာမန်သူတွေရဲ့ သင်္ချိူင်းဂူတွေကို တွေ့မြင် နိင်ပါတယ်။ အလည်ပတ်လာရောက်ရင်း ဘိုးဘွားမိဘဆွေမျိုးသားချင်းတို့ကိုလည်း အောက်မေ့ဖွယ်ကန်တော့ ဆုတောင်းခြင်း များ လည်း ပြုလုပ်လို့ရပါတယ်။ ဆုတောင်းမျှော်စင် အထပ်မြင့်ကနေ သဘာဝအလှနဲ့ ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင် တံတား ) အလှကို ခံစားလို့ရပါသေးတယ်။

ဆဒုံးရေတံခွန်


မြစ်ကြီးနားကနေ ဆဒုံးရေတံခွန်ကို နှစ်နာရီလောက်သွားရပါတယ်။။ မြစ်ကြီးနား-ကန်ပိုက်တီ တရုတ်ကုန်သွယ်ရေးနယ်စပ် စစ်တပ်ဂိတ် ကိုတော့ သတင်းပို့ပြီးသွားဖို့လိုပါတယ်။မိုးရာသီဆို လမ်းကတော့ တချို့နေရာလေးတွေ ချိုင့်တွေခွက်တွေကြီးလို့ အဆင် မပြေပါဘူး။ လမ်းတလျောက် သွားရင်းနဲ့ ရှုခင်းလေးတွေကြည့်ပြီး ခံစားမှုအသစ်တွေကို ခံစားရပါလိမ့်မယ် ။ မတ်စောက်တဲ့ တောင်မြင့်ပေါ်မှ သဘာဝအတိုင်းစီးကျလာပြီး (၈) ဆင့်မျှရှိသည်ဟု ဆိုကြပေမဲ့လည်း ရေတံခွန်မှာ မတ်စောက်ခြင်း၊ ကျောက် ဆောင်ပေါ်တွင် တည်ရှိသောကြောင့်အလွတ်တမ်းဆင်းတက်ရန်အနည်းငယ်ခက်ခဲပါတယ်။တက်ရောက်သူများလည်း မတော်တဆမှုများ ရှိခဲ့တာကြောင့် တာဝန်ရှိသူများမှ လာရောက်သူအများစုမှာ အဆင့်(၄)ဆင့်ထိသာ တက်ရောက်ခွင့်ပြုထားပါတယ်။ ဆဒုံးရေတံခွန် ကိုသွားဖို့ ကြိုးတံ တားကြီးပေါ် ဖြတ်လျှောက်ကာ အေးဆေးနားလို့ရပါတယ်။


စီတာပူမနောကွင်းကြီး


ကချင်ပြည်ရဲ့ပြယုဒ် ဖြစ်တဲ့ မနောကွင်းဟာ ကချင်ပြည်ရဲ့ အမှတ်တရသမိုင်း ၊ရိုးရာ ယဉ်ကျေးမှု တွေ နဲ့ ပြည့်နှက်နေတဲ့ နေရာတခုပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ၆ရက်အကြာ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့မှာ ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးပြီး ထိုနေ့မှ စကာ နှစ်စဉ် ဇန်နဝါရီ (၁၀)ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူမနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြပါတယ်။ မနောတိုင်မှာလည်း အထီးတိုင်၊ အမတိုင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမတိုင်ကို ဒုံယီ၊ထီးတိုင်ကို ဒုံလာလို့ခေါ်ပါတယ်။ မနောတိုင်ရဲ့ ထိပ်ဖျား လခြမ်းပုံချိုင့်နေ တာကိုကြည့်ပြီး အမတိုင်လို့ သတ်မှတ်ပြီး ခုံးနေရင်တော့ အထီးတိုင်လို့သတ်မှတ်ပါတယ်။ မနောတိုင်မှာလည်း အကွက်တွေဖော် ထားတယ်။တိုင်က အကွက်တွေက လည်း ကကွက်တွေနဲ့ ဆက်စပ်နေပြီး အလယ်က အထီး၊ အမတိုင်နှစ်တိုင်ကို ကျန်တဲ့တိုင်တွေက ဝန်းရံထားခြင်းက စည်းလုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားပါတယ်။ ကြက်ခြေခတ်နှစ်တိုင်ကတော့ ခိုင်မြဲစေလိုခြင်းကို ဖော်ညွှန်း တယ်။ မနောတိုင်၊ မနောအကနဲ့ အရုပ်သင်္ကေတတွေဟာ တစ်ခုချင်းစီ မှာ အဓိပ္ပာယ် သက်ရောက်မှုတွေရှိ ပါတယ်။ ဘယ် ဘက် က ရိုက်ရိုက် မနောတိုင်က လှပါတယ်။ ရောက်ရင် အကွက်လေးတွေကို ကြည့်ပြီး မနောတိုင်ရဲ့ သင်္ကေတ လေးတွေကို လေ့လာခဲ့ကြပါလို့။အဓိက မနောပွဲက ၅ မျိုး ရှိပါတယ်။

 

သီရိယာမဂျာနကီ (ဟိန္ဒူဘုရားကျောင်း)


မြို့မဈေးထိပ်၊ ဧရာဝတီမြစ်ကမ်းနားမှာရှိတဲ့ ရွှေဝါရောင်နဲ့ကြီးကျယ်ခမ်းနားလှတဲ့ ဟိန္ဒူဘုရားကျောင်းကြီးပါ။ ညဘက်ကမ်းနားလမ်း လျှောက်ရင်း လည်ပတ်ကာ ဓါတ်ပုံ ရိုက်လို့ကောင်းတဲ့နေရာပါ။မသိရင် နိူင်ငံခြားက ဘုရားကျောင်းလိုလို ဘာလိုလို။

မြစ်ကြီးနားမှာ ၂/ ၃ ရက် တာ လည်ပတ်ပြီးရင်တော့ မြစ်ကြီးနား ကနေ အင်းတော်ကြီးအိုင်ကို ကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ် ၄ နာရီ ကြာမောင်းရတာမို့ ညအိပ်မှ အဆင်ပြေမှာပါ။

ရမ်ဆာရေတိမ်ဒေသ (ခေါ် )အင်းတော်ကြီးအိုင်


အင်းတော်ကြီး"ဒေသကို ပျောက်ဆုံးနေတဲ့ "ဥတ္တရစောဖြူမင်း"ရဲ့ ရွှေမြို့တော်ကြီးလို့ ဆိုကြပါတယ်။ ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်းမှာရှိတဲ့ အင်းတော်ကြီးအိုင်ဟာအရှေ့တောင် အာရှရဲ့အကြီးမားဆုံးအိုင်တွေထဲမှာ ပါဝင်ပြီး အာဆီယံ အမွေအနှစ် ဥယျာဉ် အဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာပြည်ရဲ့အကြီးဆုံးရေချိုအိုင်ပါ။ အင်းတော်ကြီးကို သမိုင်းဝင်တောင်(၃)လုံးအပါအဝင် တောင်(၁၆) လုံး ဝန်းရံလျက်ရှိတယ်လို့ ဆိုပါတယ်။။တောင်တွေအပေါ်က မြစ်ဖျားခံ စီးဆင်းလာတဲ့ ချောင်းငယ်ပေါင်း(၁၂)ခုဟာ အရပ် လေးမျက်နှာ ကနေ အင်းတော်ကြီးအိုင်ထဲကို စီးဝင်ကြပါတယ်။အင်းထဲကို စီးဝင်ခွင့်ရှိတဲ့ချောင်း(၆)ခု ရှိပြီး စီးဝင်ခွင့် မရှိတဲ့ချောင်း (၁၈) ခုရှိတယ် လို့လည်း သိရပါတယ်။ပြည်တွင်း ရေပျော်ငှက်များ၊ သစ်တောငှက်များနှင့် ရာသီအလိုက် ပြောင်းရွေ့ကျက်စားကြသော ဆောင်း ခိုငှက် တွေကို လေ့လာနိုင်သလို ရှားပါးတိရစ္ဆာန်တွေ၊ သစ်ခွတွေ၊ လိပ်ပြာတွေ၊ အင်းဆက်တွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ကံကောင်းရင် ရှားပါး အောက်ချင်းငှက်ကြီးတွေကို အင်းတော်ကြီး အနီးတဝိုက်နဲ့ တောင်ပေါ်သစ်အုပ် ကျေးရွာတွေမှာ မြင်တွေ့နိုင် ပါတယ်။ အချိန်ရရင် Kayakကယက်လှေနဲ့ စက်ဘီး စီးပြီး ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုပါ လေ့လာခဲ့ပါ လို့။ Kayak ကယက် လှေငှားခကတော့ ၁၅၀၀၀ ရှိပါတယ် ။မိုးတွင်းဆိုရင်တော့ စီးလို့မရပါဘူး။အင်းတော်ကြီးမှာ တည်းစရာဆိုရင် လုံးတုံရွာက အင်း တော်မဟာနဲ့ အင်းတော်သာ ရှိပါတယ်။ ဈေးလည်း သက်သာပြီး (တစ်ယောက်5000 )အခန်းလည်း နည်းတာကြောင့် ကြိုတင် Booking လုပ်ဖို့ သတိပေးပါရစေ။ညအိပ်ပြီး မနက်ခင်းကန်ရဲ့ အလှဟာ သဘာ၀ရဲ့ ပန်းချီတချပ် အလားပါ။

 

သမိုင်းဝင်"ရွှေမဉ္ဇူ "(ရေလယ်ဘုရား)


ရွှေမဉ္ဇူဘုရားဟာ အင်းတော်ကြီးအိုင်ရဲ့ နှလုံးသားပြယုဒ် တစ်ခုပါ။အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင်"ရွှေမဉ္ဇူ "(ရေလယ်ဘုရား) တည်ရှိပြီး ဘုရားပွဲတော်ကိုတော့နှစ်စဉ် တပေါင်းလဆန်း(၈)ရက်ကနေ လပြည့်နေ့အထိကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရက်အတွင်း ကမ်းခြေကနေ ရေလယ်ဘုရားကိုသွားဖို့ နတ်လမ်း လူလမ်းဆိုပြီး ပေါ်လာလေ့ရှိတယ်လို့ သိရပြီး အထက်ဒေသ ရဲ့ အစည်ကားဆုံး ပွဲတော် တခုလည်း ဖြစ်ပါတယ်။

ဘုရားသွားရာ ရေလမ်းတလျှောက် လှေပေါ်ကနေပီးတော့ ဇင်ယော်ငှက်တွေအစာကျွေးရင်း သဘာ၀တရားနဲ့ နီးကပ်စွာခံစားနေရနိုင်ပါတယ်။ကမ်းစပ်ကနေဘုရားထိကိုစက်လှေခအသွားအပြန်မှ(၂၀၀၀)သာကျပါတယ်။အမှိုက်မချဖို့တော့ သတိပေးပါရစေ။အချိန်ရရင်လွှဲမွန်ကျေးရွာမှာမုဆိုးမ"ဒေါ်မုံ"တည်ခဲ့တဲ့"ငွေမဉ္ဇူ"ဘုရားလည်း သွားလည်လို့ ရပါတယ်။Trekking စိတ်ဝင်စားတဲ့သူတွေအဖို့ အင်း ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေတောင်တတ်ပြီး သဘာ၀ အလှကို ခံစားနိုင်ပါတယ်။ တစ်ရက်တာ ခက်ခဲ့တဲ့ တောင်တတ် ခရီးအဖြစ် အင်းတော်ကြီးကန်ပတ်လည်ကို ဝန်းရံထားတဲ့တောင်တွေထဲက အမြင့်ဆုံးတောင်တခုဖြစ်တဲ့ အသွားအပြန် ကြာချိန် ၅ နာရီ ကြာတဲ့ ပလ္လင်တောင်ကိုတတ်ပြီး ဆောင်းတွင်းစောစောဆို တောင်ပေါ်ထိပ်ကနေတိမ်ပင်လယ် ကို ခံစားလို့ရ တာ လည်း တန်ဖိုး မဖြတ်နိုင်တဲ့ ခံစားချက်ပါ။ အင်းတော်ကြီးမှာ လည်ပတ်ပြီးရင်တော့ တဆက်တည်း ဗန်းမောက်မြို့က ဇလုံတောင် ဘက်ဆက်သွားကာ ဖူးလို့ ရပါတယ်။

ဟိုဖာကမ်းခြေ

အင်းတော်ကြီးအိုင်ထဲကနေရာတစ်ခု ဖြစ်တဲ့ ဟိုဖာရွာ အနီးမှာရှိတဲ့အင်းအစပ် နေရာလေးပါ။

ကုန်းပေါ်မှာ ဘုရားဖူး အေးဆေးနားပြီးရင် ကုန်းပေါ်ကဆင်းပြီးတော့ အင်းစပ်မှာ သဘာဝအလှတရား ခံစားပေါ့။ အင်းရေပြင်ပေါ်ဖြတ် သန်းတိုက်ခတ်လာသော လေအေးအေးလေးတွေနဲ့အတူ စိမ်းစိုနေတဲ့သစ်ပင်ရိပ်တွေနဲ့ ကမ်းစပ်က ကျောက်တုံး၊ကျောက်ဆောင် တွေက လည်း အရိုင်းဆန်ဆန် လှပနေကြပါတယ်။

ကချင်ပြည်နယ် နဲ့ ဆက်စပ်နေတဲ့ ကချင်နဲ့ စစ်ကိုင်းတိုင်း နယ်စပ် အတွင်းမှာရှိတဲ့ ဗန်းမောက် မြို့က ဇလုံတောင်ကိုလည်း တဆက် တည်း သွားရောက် နိုင်ပါတယ်။ဗန်းမောက်ရောက်ရင်တော့ မြို့ထဲမှာအဆင့်မြင့်ဟိုတယ်တွေတည်းခိုခန်းတွေရှိပါတယ်။ တောင်တက် ကားဝင်းကတော့ ခမိုးကျေးရွာမှာရှိတာပါ။ ဗန်းမောက်မြို့ပြင်ဗန်းမောက်နဲ့ခမိုးကျေးရွာကြားမှာတော့"လွယ်ခမ်းလုံ" စားသောက် ဆိုင်နဲ့ တည်းခိုဆောင်ရှိပါတယ်။အခန်းတစ်ခန်းတွင် ၅ဦးထိ တည်းခိုတည်းနိုင်အောင် စီစဉ်ထားပြီး ဈေးနှုန်းအနေနဲ့ တစ်ခန်းကို သုံးသောင်း ကျပ်ဝန်းကျင် ရှိပါတယ်။

ဇလုံတောင်

တောင်တော်ကို ဘုရားပွင့်မည့်`သလွန်တောင်တော်´လို့ ခေါ်ခဲ့ရာမှ အခုအခါမှာတော့ ဇလွန်တောင်လို့ အခေါ်အဝေါ် ပြောင်းလဲသွား တယ်လို့ဆိုကြပါတယ်။တစ်ချို့ကတော့ ရှမ်းလိုဆိုရင်'စန့်လုံ'တောင် ဒေသခံတွေမေးကြည့်တော့'လွယ်စန့်လုံ' ဆင်ကြီးတစ်ကောင်နဲ့တူ တဲ့တောင်'လို့လဲခေါ်ကြောင်းသိရပါတယ်။ ကျောက်တောင်ကြီး ပေါ်တွင် ဘုရားတည် ခဲ့တာက သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် ဇလုံတောင်ဘုရားသည် နှစ်ပေါင်း ၉ဝဝ ခန့် ကြာခဲ့ပါပြီ။ထူးခြားချက်ကတော့ ဇလုံတောင်ဟာ နေမထွက်မီ အမဲရောင်၊ နေထွက်ပြီးပါက အဖြူရောင်၊ ညနေစောင်း၅နာရီမှ ၅နာရီ ခွဲအတွင်း ရွှေဝါရောင်ဖြင့် နေ့စဉ်အရောင် ၃မျိုးအဖြစ် ပြောင်းလဲသည်ကို ထူးခြားအံ့သြစွာ တွေ့မြင်ရပါလိမ့်မယ်။ မိုးရွာရင် လမ်းက ဆိုးသွားမရတာမို့ မသွားခင် ရာသီဥတု စုံစမ်းပြီးမှ သွားစေချင်ပါတယ်။

ပြန်ရင်တော့ မြစ်ကြီးနားကနေ လှည့်ပြန်ပြန် ဒါမှမ ဟုတ်ဗန်းမောက် မန်းလေး ကား စီးပြီးလည်း ပြန်လို့ရပါတယ်။

ဒီလောက်ဆိုရင် သွားဖို့ ခရီး အကြမ်းဖျင်း သိပြီဆိုတော့ အားတဲ့အချိန်မှာ မြန်မာပြည် မြောက်ပိုင်းက ဒဏ္ဍရီဆန်ဆန် သမိုင်း ကြောင်း တွေကို ပိုင်ဆိုင်ထားတဲ့ မနောမြေကို အလည် သွားကြပါလို့ တိုက်တွန်းပါရစေ။

 

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ချစ်ခြင်းလွှမ်းခြုံ ဆွပ်ပရာဘုံ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း